နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကျေးလက်ဒေသကို ယနေ့ (ဩဂုတ် ၂၀) မွန်းလွဲပိုင်းတွင် လေတပ်က တိုက်ခိုက်ရာ ဒေသခံ ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်သည်အထိ မြို့သိမ်းတိုက်ပွဲများပြင်းထန်လာသည့် ထိုမြို့၏ အနောက်တောင်ဘက် ၁၆ မိုင်ကျော်အကွာရှိ ကွမ်းအုံကျေးရွာကို လေတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးနှစ်ကြိမ်ကြဲပြီး ပစ်ခတ်သွားခြင်းဖြစ်သည်ဟု အမျိုးသားတစ်ဦးက ပြောသည်။
ဗုံးစနှင့် ကျည် ထိမှန်သွားကြသဖြင့် ကွမ်းအုံကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဦးအောင်ငွေ၊ ဦးညိုခတို့ သေဆုံးသည်၊ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားကြသည့် ထိုရွာဘုန်းကြီးကျောင်းမှ ရဟန်းတစ်ပါး၊ ရွာသူရွာသားများကို ဆေးရုံပို့ထားရပြီး နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ၎င်းက ဆိုသည်။
“သစ်ပင်တွေ၊ ဘာတွေတောင် ပြတ်ထွက်ကုန်တယ်၊ စက်လက်နဲ့ ဆွဲပစ်လိုက်တာ။ လေယာဉ် လာတာတော့ နိမ့်နိမ့်လေးလို့ပြောတယ်” ဟု နွားထိုးမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူ ထိုအမျိုးသားက ပြောသည်။
တိုက်ခိုက်မှုကြောင့် ကွမ်းအုံရွာ ဘုန်းကြီးကျောင်းသိမ်၊ စောင်းတန်းများ၊ ကျောင်းမကြီးရှိ အတွင်းပစ္စည်းများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ Myanmar Now က ရရှိသည့် ဓာတ်ပုံမှတ်တမ်းများတွင်လည်း ထိုအပျက်အစီးများကို တွေ့ရသည်။
ယနေ့ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ် ဝက်ဆိုက်တွင်လည်း ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယမန်နေ့က စစ်တပ်၏သတင်းထုတ်ပြန်ချက်တစ်ခုတွင် နွားထိုးကြီးမြို့နယ်အကြောင်း ပါဝင်သည်။
ဩဂုတ် ၁၈ ရက်နေ့က နွားထိုးကြီး၊ ငါန်းဇွန်၊ သပိတ်ကျင်းမြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု ရှိသည်ဟူသော သတင်းမှာ မှားယွင်းနေကြောင်း၊ ထိုနေ့က စစ်လေယာဉ် ထိုမြို့များသို့ ရောက်လာခြင်းမရှိဟု သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများက ပြောကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့တို့ပါဝင်သည့် မြင်းခြံခရိုင်အတွင်း ပျူစောထီးစခန်းများကို စီးနင်း တိုက်ခိုက်မှုအပါအဝင် စစ်တပ်နှင့်တော်လှန်ရေးအင်အားစုများ အကြား ဇူလိုင်လဆန်းပိုင်းကပင် ထိတွေ့တိုက်ပွဲများ ပြင်းထန်လာသည်။
ဩဂုတ် ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း နွားထိုးကြီးမြို့ပေါ်တွင်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို တော်လှန်ရေးအင်အားစုက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းပစ်ကူ ရယူပြီး ပြင်းပြင်းထန်ထန် ခုခံခဲ့သည်ဟု သိရသည်။
မြို့အနောက်ဘက် လူဝင်မှုကြီးကြပ်ရေးရုံးအနီး ငွေတောင်းယူတတ်သည့် စစ်ဆေးရေးဂိတ်၊ ရဲစခန်း စသည့် နေရာများ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
တော်လှန်ရေးအင်အားစုက မန္တလေးတိုင်းရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေပြီး၊ စဉ့်ကူးမြို့ကို သိမ်းယူကာ ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များတွင်လည်း နယ်မြေစိုးမိုးမှုများ ရရှိနေသည်။
စဉ့်ကူးမြောက်ဘက် သပိတ်ကျင်းမြို့နယ်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) ဦးဆောင်သော ပူးပေါင်းတပ်က သိမ်းယူရန် ကြိုးပမ်းနေပြီး ဩဂုတ် ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ကာ လေကြောင်းပစ်ခတ်မှုကြောင့် ကာကွယ်ရေးအဖွဲ့များဘက်မှ အထိအခိုက်ရှိကြောင်း ဒေသအခြေစိုက်အဖွဲ့များက ပြောထားသည်။
ယခုအခြေအနေတွင် မန္တလေးတိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ အမြန် ရွှေ့ပြောင်းရေးစီမံချက်များရေးဆွဲရန် နေပြည်တော်ရှိ ဝန်ကြီးဌာနများက ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။
စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့သော သိန္နီ၊ ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ နမ့်လန်၊ ကျောက်မဲတို့ကို ဇူလိုင်လဆန်းမှ ယခုရက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပြီး တအာင်းတပ် (TNLA) နှင့်တိုက်ပွဲဖြစ်နေသော သီပေါမြို့ ကိုလည်း ဗုံးကြဲတိုက်ခိုက်နေသည်။
တအာင်းဒေသနှင့်တော်လှန်ရေးအင်အားစုများ ထိန်းထားသော နယ်မြေများအား လေကြောင်းမှ တိုက်ခိုက်နေ ခြင်းအပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်း ၆ ခုက ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
The form you have selected does not exist.