
မကွေးတိုင်း၊ ပေါက်နှင့် မြိုင်မြို့နယ်အကြားရှိ ဇီးပြားရွာရဲစခန်းကို မြေအောက်တော်လှန်ရေးအင်အားစု (URF -ပေါက်) နှင့် ပေါင်း၍ ယမန်နေ့ (အောက်တိုဘာ ၁၂) ည ၉ နာရီကျော်က ဝင်တိုက်ရာ ရဲ ၇ ဦး သေဆုံးသည်ဟု ကြားသိရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဝင် နှစ်ဦးက ပြောသည်။
တိုက်ပွဲစတင်ချိန်တွင် ရဲအင်အား ၂၀ ခန့်က စခန်းကို ချက်ချင်းစွန့်ခွာကာ အနီးရှိ တောင်ကုန်းတစ်ခုပေါ်သို့ တက်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြင်းအထန်ခုခံသဖြင့် နာရီဝက်ခန့်အကြာတွင် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ၎င်းတို့ထံမှ သိရသည်။
“စခန်းကိုတော့ မီးမရှို့ခဲ့လိုက်ရဘူး။ အဲဒီစခန်းက ရဲတွေချည်းပဲ။ စစ်သားမရှိဘူး။ စခန်းကို ထိုးလို့ရမလား ဝင်စီးတာ။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေ သုံးတယ်။ အပြန်အလှန်ပစ်ပြီးတော့ ပြန်ဆုတ်လာတာ”ဟု မြိုင် PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
ထိုတိုက်ပွဲအတွင်း မြိုင် PDF အဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့သော်လည်း မစိုးရိမ်ရကြောင်း မြိုင် PDF ဘက်က ဆိုသည်။ ရဲစခန်းကို စုစုပေါင်း အင်အားမည်မျှဖြင့် တိုက်ခိုက်သည်ကိုမူ ၎င်းတို့က ထုတ်မပြောပေ။
လူဦးရေ ၁၈၀၀ ခန့်နေထိုင်ပြီး ပေါက်မြို့နယ်မြောက်ဘက်တွင်ရှိသည့် ဇီးပြားရွာ၌ ယမန်နေ့ညပိုင်းတွင် တိုက်ပွဲဖြစ်ပြီးနောက် မိုးမလင်းမီအချိန်ခန့်အထိ ရဲများက ခြောက်လှန့်ပစ်ခတ်သည့် သေနတ်သံများကို မကြာခဏ ကြားခဲ့ရကြောင်း၊ အရပ်သားထိခိုက်မှုမရှိကြောင်း ရွာသားတစ်ဦးက ပြောသည်။
သို့သော် ယနေ့ (အောက်တိုဘာ ၁၃) နံနက်ပိုင်းတွင် ဇီးပြားရဲစခန်းသို့ အရပ်သားယောင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆိုင်ကယ် ၁၅ စီးဖြင့် ရောက်လာသဖြင့် ဖမ်းဆီးနှိပ်စက်ခံရမည်ကို စိုးရိမ်၍ ၎င်းအပါအဝင် ရွာသားအများစုမှာ တိမ်းရှောင်နေရသည်ဟု ထိုသူက ဆက်ပြောသည်။
“ရွာမှာ အရင် တစ်ခါမှ မဖြစ်သေးဘူး။ ဒါ ပထမဆုံးပဲ”ဟု ၎င်းက ပြောသည်။
ဇီးပြားရွာတောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် ၂၄ ရှိသဖြင့် ရဲစခန်းတိုက်ခိုက်မှုကို အင်အားအလုံးအရင်းဖြင့် လက်တုံ့ပြန်ရန် စစ်တပ်ဘက်မှ ကြိုးပမ်းမည်ကို ဒေသခံများစိုးရိမ်ပူပန်နေသည်ဟု ထိုသူ့ထံမှ သိရသည်။
ကပစ – ၂၄ စက်ရုံတွင် ဓာတုလက်နက်များ လျှို့ဝှက်ထုတ်သည်ဟု သတင်းကြီးခဲ့ဖူးပြီး ထိုအကြောင်းကို ရေးသားဖော်ပြသည့် Unity ဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးကို အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် ၂၀၁၄ တွင် စစ်တပ်က တရားစွဲ၍ ထောင်ချခဲ့ဖူးသည်။
ရဲစခန်းတိုက်ခိုက်ခံရမှု၊ ထိခိုက်ဒဏ်ရာရမှုတို့နှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် အကြမ်းဖက်ဖြိုခွင်းနေသည့် စစ်တပ်ကို ရရာလက်နက်ဖြင့် ခုခံသည့် နိုင်ငံအနှံ့ ဒေသများထဲတွင် မကွေးတိုင်း ပေါက်နှင့် မြိုင်မြို့နယ်များသည်လည်း အပါအဝင်ဖြစ်သည်။
ထိုသို့ ခုခံတွန်းလှန်မှုများကို စစ်ကောင်စီဘက်ကလည်း အကြမ်းပတမ်းကိုင်တွယ်နေပြီး ထိုဒေသအတွင်း ရွာလုံးကျွတ်မီးရှို့သည်အထိပင် ပြုမူနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)