
(ရန်ကုန်) – လူမှုကွန်ရက်တွင် လူသိများသည့် ကိုအောင်ရဲထွေးသေဆုံးခဲ့မှုကို တိုင်းအဆင့်က ပြန်လည် စစ်ဆေးရန်အတွက် ဆင့်စာ (သမ္မန်စာ) ထုတ်ကာ ခေါ်ယူထားသူသုံးဦးစလုံးဘက်က ယနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ လာရောက်ကြောင်း အဆိုပါရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။
ကိုအောင်ရဲထွေး သေဆုံးမှုအတွက် လာရောက်အဖမ်းခံခဲ့ပြီးမှ အမှုကျေအေးသည်ဟုဆိုကာ အောက်ရုံးက ပြန်လွှတ်ပေးခဲ့သည့် ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့သုံးဦးဘက်က ယနေ့ လာရောက်သတင်းပို့ခဲ့ခြင်းဖြစ်သည်။ ကျော်ဇောဟန်ကို Myanmar Now က တွေ့ခဲ့ပြီး သန်းထွဋ်အောင်နှင့် ပြည့်ဖြိုးအောင်တို့ ကိုယ်တိုင် လာမလာကိုတော့ မသိရပေ။
ထိုအမှုနှင့်သက်ဆိုင်သည့် ခရိုင်တရားရုံးမှ အမှုတွဲများလည်း လက်ဝယ်ရောက်ရှိနေပြီး ရန်ကုန်တိုင်း ဒေသကြီး ဥပဒေရုံးက အမှုပြန်လည်ပြင်ဆင်ချက် တင်သွင်းထားသည့်ကိစ္စ မကြာမီနှစ်ဖက်လျှောက်လဲကာ ကြားနာစစ်ဆေးတော့မည်ဟု ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။
“တိုင်းတရားလွှတ်တော်ကို ရာဇဝတ်ပြင်မှုအမှတ် ၂၉၆(ခ) ၂၀၁၈ အဖြစ် လျှောက်ထားခံရသူတွေဘက်က ကိုယ်စားလှယ်လွှဲစာ လာတင်တယ်။ အရှေ့ပိုင်းခရိုင်တရားရုံးက ဒီအမှုရုပ်သိမ်းခွင့်ပြုခဲ့တဲ့ဟာကို ကြားနာမယ်။ ပြင်ဆင်ခွင့်ပြုခဲ့မယ်ဆိုရင်တော့ ခရိုင်ရုံးရဲ့ အမိန့်ကိုပယ်ဖျက်မယ်။ ပြင်ဆင်ခွင့် ပယ်မယ်ဆိုရင်တော့ အောက်ရုံးအမိန့်က အတည်ဖြစ်မယ်ပေါ့” ဟု ၎င်းက ပြောသည်။
ဥပဒေသဘောတရားအရ ပြင်ဆင်ခွင့်ကို အတည်ပြုခဲ့လျှင် မူလစွဲဆိုထားသည့် ဥပဒေပုဒ်မများဖြင့်ပင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး အမှုတွဲဟောင်းတွင် အာမခံ မပေးထားခဲ့လျှင် ယခုနောက်ပိုင်းတွင်လည်း ဆက်လက်အာမခံပေးရန် မရှိနိုင်ဟု ၎င်းက ဆက်ဆိုသည်။
အသက် ၂၅ နှစ်အရွယ်ရှိ ကိုအောင်ရဲထွေးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ညက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment Park အမည်ရှိ ပျော်ပွဲရွှင်ပွဲကျင်းပရာနေရာ၌ကျင်းပသည့် နှစ်သစ်ကူး ပွဲတော်တွင် ရှိနေစဉ် လူအုပ်တစ်အုပ်၏ ထိုးကြိတ်ကန်ကျောက်ခံရသဖြင့် နှစ်ရက်အကြာတွင် သေဆုံးခဲ့သည်။
ထိုသေဆုံးမှုနှင့်ပတ်သက်ပြီး အထက်ဖော်ပြပါ လူငယ်သုံးဦးကို သက်ဆိုင်ရာ မိဘများက ရဲစခန်းသို့ လာရောက်ပို့ဆောင် အဖမ်းခံစေကာ တရားရင်ဆိုင်စေခဲ့ပြီး ခြောက်လကျော် အချုပ်ဖြင့် တရားရင်ဆိုင် ခဲ့ကြရသည်။
ထို့နောက် ယခုနှစ်ဇူလိုင်လ ၂၄ ရက်နေ့က တိုင်းဥပဒေရုံး၏ သဘောတူမှုဖြင့် အမှုရုပ်သိမ်းကျေအေးလွှာကို လက်ခံကာ အမှုကျေအေးရုပ်သိမ်းပြီး စွပ်စွဲခံရသူများကို လွှတ်ပေးခဲ့သည်။
ထို့အတွက် ပြည်သူအများနှင့် ဥပဒေပညာရှင်များကြားတွင် လူသေဆုံးမှုကို လွှတ်ပေးသင့်မသင့် အငြင်းပွားကာ ဝေဖန်ခဲ့ကြသည်။
အရှေ့ပိုင်းခရိုင် တရားရုံး၏ အမှုကျေအေးရုပ်သိမ်းခွင့်အမိန့်တွင် “ကိုအောင်ရဲထွေးသည် နှလုံးရောဂါ ရှိသူ ဖြစ်ခြင်း၊ လူငယ်သဘာဝ ပျော်ပွဲရွှင်ပွဲတွင် အခန့်မသင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ ကိုအောင်ရဲထွေး ဆေးရုံတက်စဉ်နှင့် နာရေးတွင် လူမှုရေးအရ ကိစ္စအဝဝကို ဆောင်ရွက်ပေးခြင်း၊ သေဆုံးသူမိသားစုကို ကျေနပ်သည်အထိ တောင်းပန်ခြင်း၊ ဘာသာရေး အကြီးအကဲများက ညှိနှိုင်းပေးခြင်းတို့ကြောင့် အမှုကို ဆက်လက်စွဲဆိုရန် ဆန္ဒမရှိသဖြင့် သေဆုံးသူမိသားစုကိုယ်တိုင် လွတ်လပ်သော သဘောဆန္ဒဖြင့် ကျေအေးရုပ်သိမ်းခဲ့သည်”ဟု ဖော်ပြထားသည်။
အမှုတွင် သက်သေ ၁၄ ဦးကို စစ်ဆေးပြီးသည်အထိ သံသယရှိသူများက ကိုအောင်ရဲထွေးကို ထိုးကြိတ်ကြောင်း ထင်ရှားစွာ မပေါ်ပေါက်သေးသည့်အပြင် ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က) အရ စွဲချက်မတင်မီ တရားလို ကိုယ်တိုင် အမှုကျေအေးရုပ်သိမ်းသည့်အတွက် ခွင့်ပြုခဲ့ကြောင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် စွပ်စွဲခံရသူထဲမှ တစ်ဦးနှင့် ကိုအောင်ရဲထွေးတို့သည် ဘာသာတူဖြစ်ခြင်း၊ ဘာသာရေး အကြီးအကဲများက ညှိနှိုင်းပေးခြင်းဆိုသည့် အချက်မှာ လုံးဝမှားယွင်းနေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ဦးထွန်းကြည်က သုံးသပ်သည်။
“ကျွန်တော်တို့ အစ္စလာမ်ဘာသာရဲ့ လမ်းညွှန်ချက်မှာ အဲ့ဒီလို ကျေအေးခွင့်မရှိဘူး။ ဝင်ရောက်ညှိနှိုင်းပေးလို့လည်း မရဘူး။ လူသေတဲ့ကိစ္စက လူသေတာပဲ။ ဒါဟာ ရာဇဝတ်မှုပဲ။
ရာဇဝတ်မှုတွေကို ဘာသာရေးအကြီးအကဲတွေက ကြားဝင်ဆောင်ရွက်ခွင့်မရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကရော မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရရော ဒါကို ခွင့်ပြုလို့မရဘူး”ဟု ၎င်းက ပြောသည်။