
(ရန်ကုန်) — ပြီးခဲ့သည့်ရက်ပိုင်းက ပိတ်သိမ်းခဲ့သည့် ကိုအောင်ရဲထွေး သတ်ဖြတ်ခံရမှုကို ပြန်လည်ကြားနာရန် လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရသူ ၃ဦးအား ပြန်လည်ခေါ်ယူရန် သမာန်စာကို ယနေ့(ဇူလိုင်၃၁တွင်) ပေးပို့မည်ဟု ရန်ကုန်တိုင်းတရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးက Myanmar Now ကို ပြောသည်။
ဟာသရုပ်သံတိုများကြောင့် Facebook တွင် လူသိများသည့် အောင်ရဲထွေး (ခ) ရဲထွေးအောင်(၂၅နှစ်) သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း ရန်ကုန် The One Entertainment Park နှစ်သစ်ကူးပွဲတော် ရန်ပွဲတစ်ခုကြောင့် ၂၀၁၈ ဇန်နဝါရီ ၂ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးမှုအတွက် ကျော်ဇောဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ ၃ ဦးစလုံးသည် ရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့သည်။
သေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
စွပ်စွဲခံရသူ ၃ ဦး လွှတ်ပေးခဲ့မှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးက တိုင်းတရားလွှတ်တော်သို့ ဇူလိုင် ၃၀ ရက်နေ့က ပြင်ဆင်ချက်တင်သွင်းလာကြောင်း တိုင်းတရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။
ပြင်ဆင်ချက်ကို တိုင်းတရားလွှတ်တော်အနေဖြင့် ရာဇဝတ်ပြင်ဆင်မှုအမှတ် ၂၉၆(က)/ ၂၀၁၈ ဖြင့် အမှုဖွင့်လှစ်ကာ တိုင်းတရားလွှတ်တော် တရားခွင် ၇ တွင် တရားသူကြီး ဦးအောင်နိုင်က စိစစ်သွားမည်ဟု သူက ဆက်ပြောသည်။
“ပြင်ဆင်မှုကို မနေ့က လာတင်တယ်။ တိုင်းတရားသူကြီးချုပ်ဆီ တင်ပြတော့ သူက တရားသူကြီးတစ်ဦးစီ ပြန်ချပေးတယ်။ ဦးအောင်နိုင်က တင်ပြလာတဲ့စာရွက်တွေကို စိစစ်ပြီး လက်ခံဆောင်ရွက်တယ်။ အဲ့ဒီအတွက် အမှုတွဲတစ်ခုလုံးကို ပြန်ယူတယ်” ဟု သူကဆိုသည်။
လက်ခံဆောင်ရွက်သည့် တရားသူကြီးအနေဖြင့် ၎င်းတို့၏ လျှောက်လွှဲချက်များကို စိစစ်ကာ ကြားနာမည်ဖြစ်ပြီး ယခုအမှု ရုပ်သိမ်းထားမှုကို လက်ခံသင့်၊ မသင့်ကို စိစစ်ဆောင်ရွက်သွားမည်ဟု သူက ဆက်ဆိုသည်။
“ကြားနာတဲ့အခါမှာ နှစ်ဖက်လျှောက်လဲချက်တွေကို နားထောင်မယ်။ ပြီးရင် ဒီခရိုင်တရားရုံးက အမှုရုပ်သိမ်းထားတာကို အတည်ပြုမပြု ဆုံးဖြတ်မယ်။ မှန်တယ်ထင်ရင် အတည်ပြုမယ်။ မမှန်ဘူးဆိုရင် ပြန်ပယ်မယ်။
ပယ်လိုက်မယ်ဆိုရင်တော့ ဒီအမှုကို ပြန်စစ်ရမှာပေါ့။ ပြန်စစ်တဲ့အခါမှာလည်း မူလတရားရုံးကိုပဲ ပြန်ချပေးပြီး ဆက်စစ်ဆေးရမှာပေါ့” ဟု သူက ဆိုသည်။