
(ရန်ကုန်) – လူမှုကွန်ရက်တွင် ဟာသရုပ်သံဖိုင်များကြောင့် လူသိများခဲ့သည့်ကိုအောင်ရဲထွေးသေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
အသက် ၂၅ နှစ်အရွယ် ကိုအောင်ရဲထွေးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment Park နှစ်သစ်ကူးပွဲတော်အတွင်း ရန်ဖြစ်ကာ လူအုပ်စုလိုက် ဝိုင်းရိုက်ကြသဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
သူ၏ သေဆုံးခဲ့မှုအတွက် ရန်ပွဲအတွင်း ပါဝင်ရိုက်နှက်သည်ဟု စွပ်စွဲခံခဲ့ရသော ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးသည် သုဝဏ္ဏရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ပြီး ခြောက်လကျော်ကြာ အချုပ်ဖြင့် တရားရင်ဆိုင်ခဲ့ရသည်။
တစ်နိုင်ငံလုံးကစိတ်ဝင်စားခဲ့သည့် အဆိုပါအမှုကို နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း စိစစ်မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
တရားလိုကဘယ်သူလဲ
Myanmar Now က ကြည့်ရှုခဲ့ရသည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၏ စီရင်ချက်တွင် နှစ်သစ်ကူးပါတီရန်ပွဲတွင် သေဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကိုအောင်ရဲထွေးသေဆုံးမှုအတွက် သူ၏အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးက တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအတွင်းရှိ The One Entertainment Park တွင်လူ၄/၅ ဦးက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်သဖြင့် သေဆုံးရသည်ဟု ကိုအောင်ရဲထွေး၏အစ်ကိုက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း စီရင်ချက်တွင်ရေးသားထားသည်။
ရုပ်သိမ်းပေးဖို့ လျှောက်ထားခြင်း
အမှုတွင် တရားလိုပြသက်သေ ၁၄ ဦးအား စစ်ဆေးပြီးသည့်အဆင့်တွင် အမှုအား ရုပ်သိမ်းခွင့်ပြုရန် ခရိုင်ဥပဒေအရာရှိက လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ (က)အရ ရုပ်သိမ်းခွင့်ပြုရန်လျှောက်ထားသည်ဟု စီရင်ချက်တွင်ရေးသားထားသော်လည်း နေ့ရက်မပါရှိပါ။
ရုပ်သိမ်းလွှာတင်ရခြင်းမှာ ကိုအောင်ရဲထွေး၏မိသားစုက ကိုအောင်ရဲထွေးသည် နှလုံးရောဂါရှိသူဖြစ်ပြီး လူငယ်သဘာဝ ပျော်ပွဲရွှင်ပွဲတွင် အခန့်မသင့် ခိုက်ရန်ဖြစ်ပွားရာမှ မတော်တဆ သေဆုံးခဲ့သည်ဟုလည်း အဆိုပါစီရင်ချက်တွင် ရေးသားထားသည်။
ထို့အပြင် လူသတ်မှုဖြင့် ဖမ်းခံရသူများ၏မိသားစုများက ကိုအောင်ရဲထွေး ဆေးရုံတက်ချိန်နှင့် နာရေးတွင် လူမှုရေးအရ ကူညီဆောင်ရွက်ပေးကြခြင်း၊ တရားလိုမိသားစုနှင့် ဖမ်းဆီးခံထားရသူများအနက်မှ တစ်ဦးဖြစ်သည့် သန်းထွဋ်အောင် (ခေါ်) သားကြီးတို့၏မိသားစုများမှာ ဘာသာတူများဖြစ်ကြောင်း၊ ကိုအောင်ရဲထွေး၏ မိသားစုများအား ကျေနပ်သည်အထိ တောင်းပန်ခြင်း၊ ဘာသာရေးအကြီးအကဲများက ညှိနှိုင်းပေးခြင်းတို့ကြောင့် အမှုအား ဆက်လက်တရားစွဲဆိုရန် ဆန္ဒမရှိတော့ကြောင်းလည်း စီရင်ချက်တွင် ဖော်ပြထားသည်။
သို့သော် အဆိုပါအမှုပိတ်လျှောက်လွှာကို တရားစွဲအဖွဲ့အစည်းဖြစ်သည့် ခရိုင်ရဲတပ်ဖွဲ့က ကန့်ကွက်ခဲ့သည်။
ရန်ကုန်ဥပဒေချုပ်ရုံးသဘောထား
ရန်ကုန်တိုင်းဒေသကြီးတရားဥပဒေချုပ်ရုံး ကစိစစ်ခဲ့ပြီးနောက် အမှုကို ရုပ်သိမ်းခွင့်ပြုခဲ့သည်။
စိစစ်ချက်တွင် သံသယမှုဖြင့် ထိန်းသိမ်းခံရသူများသည် သေဆုံးသူ ကိုအောင်ရဲထွေးအား ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ထင်ရှားပေါ်ပေါက်မှု မရှိခဲ့ဟုဆိုသည်။
ကိုအောင်ရဲထွေး၏ ဦးခေါင်းတွင်ရရှိသည့် ဒဏ်ရာသည် မည်သူ့လက်ချက်ဖြစ်ကြောင်းနှင့် သံသယရှိသူ သုံးဦးနှင့် ပတ်သက်ကျူးလွန်ကြောင်း သက်သေခံချက် အားနည်းလျက်ရှိ၍ အမှုကို ဆက်လက်စစ်ဆေးပါက အကျိုးထူးဖွယ်ရာ မရှိဟု ဆုံးဖြတ်ခဲ့သည်။
အခြားဖော်ပြမှုများ
အဆိုပါအမှုတွင် တရားလိုပြသက်သေ ၁၄ ဦးကို စစ်ဆေးခဲ့သည်ဟုဆိုသည်။
အဆိုပါသက်သေများအနက် အခင်းဖြစ်ပွားသည့်နေရာတွင်ရှိနေသည့် အဓိကသက်သေ လေးဦးကလည်း ကိုအောင်ရဲထွေး၏ ဦးခေါင်းဒဏ်ရာသည် မည်သည့်လက်ချက်ဖြစ်ကြောင်း ထင်ရှားစွာထွက်ဆိုနိုင်ခြင်း မရှိဟုလည်း ဆိုသည်။
သက်သေများအား စစ်ဆေးချက်များအရ သံသယမှုဖြင့် ဖမ်းခံခဲ့ရသူများသည် ကိုအောင်ရဲထွေးအား ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သက်သေအထောက်အထား တင်ပြနိုင်မှု အားနည်းကြောင်းလည်း စီရင်ချက်တွင် ရေးသားထားသည်။
သက်သေခံချက်များသည် သေဆုံးသူ၏ဦးခေါင်းတွင်ရရှိသည့်ဒဏ်ရာသည် မည်သူ့လက်ချက်ဖြစ်ကြောင်းနှင့် သံသယရှိသူများ ကျူးလွန်ကြောင်း သက်သေပြရန် အားနည်းသည်ဟုလည်း ရေးသားထားသည်။
တရားလိုနှင့်ကိုအောင်ရဲထွေး၏ မိသားစုဝင်များကိုယ်တိုင် အမှုကို ဆက်လက်မစွဲဆိုလိုတော့ဘဲ လွတ်လပ်သည့် ဆန္ဒအရ အမှုပိတ်သိမ်းလိုသည်ဟုလည်းဆိုသည်။
သမ္မတပြောမှ တရားစစွဲဖို့ လုပ်သလား
ယခုလ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ တရားလွှတ်တော်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် အမှုကြီးများတွင် ပြည်သူအချင်းချင်း ကျေအေးရုပ်သိမ်းခွင့်မရှိဘဲ လူသေဆုံးမှုတွင် တရားလိုသည် နိုင်ငံတော်ဖြစ်ကြောင်း၊ လူသေမှုကို ပြည်သူအချင်းချင်း ကျေအေးလိုက်ခြင်းက တရားဥပဒေစိုးမိုးရေးအတွက် အရေးကြီးကြောင်း၊ ပြည်သူအများ စိတ်ဝင်စားသည့်အမှုကို ကြန့်ကြာခြင်းမရှိဘဲ မြန်မြန်ဆန်ဆန်နှင့် အမှားအယွင်းမရှိအောင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့အတွက် ယခုလို ကိုအောင်ရဲထွေ သေဆုံးခဲ့မှုကို အမှုကြေးအေးလိုက်ရုံဖြင့် စွပ်စွဲခံရသူများကို လွှတ်ပေးလိုက်ခြင်းကို ပြည်သူအများနှင့် ရှေ့နေအများစုက ဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်သည်ဟု ဝေဖန်ခဲ့ကြသည်။
သို့သော် ကျူးလွန်သူဟု စွပ်စွဲခံရသူ သုံးဦးလုံးကို ယခုလ ၂၆ ရက်နေ့က အမိန့်ချမှတ်စဉ်ကပဲ ခရိုင်ရဲတပ်ဖွဲ့၏ ကန့်ကွက်ရန် ရှိမရှိကို တရားရုံးက မေးမြန်းခဲ့ရာ ကန့်ကွက်ကြောင်းကိုလည်း ပြောထားပြီးကြောင်း ပြင်ဆင်ချက် တင်မည်ဆိုလျှင် အမိန့်ချမှတ်ပြီး ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်လွှာကို တင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ အရှေ့ပိုင်းခရိုင်တရားရုံးမှ အမည်မဖော်လိုသူ ခရိုင်ရဲအရာရှိတစ်ဦးက ပြောသည်။
တရားရုံးလုပ်ထုံးလုပ်နည်းများအရ အမိန့်ချသည့်နေ့က ကြာသပတေးနေ့ဖြစ်နေသဖြင့် ကြားရုံးပိတ်ရက်များ ခံသွားသည့်အတွက် ယနေ့မှ အမိန့်ချသည့်စာမိတ္တူကို ထုတ်ယူရန် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ကတော့ ပြင်ဆင်ချက်တင်ဖို့အတွက် လုပ်နေပါတယ်။ ဒါပေမယ့် အဲဒီ အမှုကို လွှတ်ဖို့ စီရင်ချက်ချတာက ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့၊ ဒီကြားထဲ ရုံးပိတ်ရက်တွေကလည်းရှိနေတော့ ဒီနေ့မှ အဲဒီစီရင်ချက်ကို မိတ္တူကူးဖို့ လုပ်နေရတယ်။ အထက်က ဘယ်လိုဆက်ညွှန်ကြားမလဲတော့ မသိသေးဘူး” ဟု ၎င်းက ဆိုသည်။
အရှေ့ပိုင်းခရိုင် ဥပဒေရုံးသို့ သွားရောက်စုံစမ်းရာတွင် ၎င်းတို့အနေဖြင့် အထက်အဆင့်ဆင့်ကို တင်ပြပြီး အထက်မှ ခွင့်ပြုချက်များရပါက ညွှန်ကြားချက်အတိုင်း အမှုပြင်ဆင်ခွင့်ကို ပြုလုပ်သွားမည်ဖြစ်သော်လည်း လတ်တလောတွင် အထက်မှ လမ်းညွှန်ချက်များ မရရှိသေးသည့်အတွက် တိတိကျကျမပြောနိုင်သေးကြောင်း အရှေ့ပိုင်းခရိုင် ဥပဒေရုံးမှ တာဝန်ရှိသူ ဥပဒေအရာရှိတစ်ဦးက ပြောသည်။
ယခုလို အမှုရုပ်သိမ်းမှုများဖြင့်လွှတ်ပေးလိုက်ခြင်းသည် ဥပဒေအရ စီရင်ချက်မချမီ တရားရှင်လွှတ်ခြင်း၊ တရားလိုနှင့် စွပ်စွဲခံရသူ သက်သေများစိစစ်အပြီး အမှုမမြောက်သည့်အတွက် တရားသေလွှတ်ခြင်း စသည့် ပုံစံမျိုးမဟုတ်ဘဲ တရားစွဲဆိုသည့်အမှုမျိုး မရှိသကဲ့သို့ မှတ်ယူရမည့်ပုံစံမျိုးဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်သောကြောင့် တရားရေးကျွမ်းကျင်သူများက ဝေဖန်နေကြခြင်းဖြစ်သည်ဟု ဥပဒေအကျိုးဆောင် တစ်ဦးဖြစ်သည့် ဦးခင်မောင်မြင့်က ဆိုသည်။
ပါဝင်ပတ်သက်သူများ သိထားသင့်သည့်ဥပဒေ
ကိုအောင်ရဲထွေး သေဆုံးမှုတွင် အမှုစတင်စဉ်ကတည်းက ပုံစံမကျသည့်အချက်များကို တွေ့ရှိခဲ့သည်က တရားလိုနေရာတွင် ကိုအောင်ရဲထွေး၏ မိဘများ သက်ရှိထင်ရှားရှိနေပါလျက် အစ်ကိုဖြစ်သူက တရားလို ပြုလုပ်ထားသည့် အချက်ကလည်း အပါအဝင်ဖြစ်သည်ဟု ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က သုံးသပ်သည်။
ထိုအချက်ကို စတင်တရားစွဲစဉ်ကတည်းက အမှုစစ်ရဲအရာရှိများအနေဖြင့် ကန့်ကွက်ကာ မိဘဖြစ်သူများကိုသာ တရားလိုပြုလုပ်ရန် စီစဉ်သင့်ခဲ့သလို ယခုလိုလူအုပ်ဖြင့် ဝိုင်းရိုက်သည့်အချက်တွင် ဆေးစာများကို အားကိုး၍မရကြောင်း သူက ဆက်ပြောသည်။
“ဆေးစာဆိုတာက ဘယ်ဒဏ်ရာနဲ့သေတယ်ဆိုတာပဲပါတာ။ ဘယ်သူ့လက်ချက်နဲ့သေတယ်ဆိုတာ မပါဘူး။ အခုလိုသာ အမှုရုပ်သိမ်းခွင့်သာ ပေးနေတော့မယ်ဆိုရင် လူသတ်ချင်ရင် ဝိုင်းရိုက်ကြတော့မှာပေါ့။ ဘယ်သူ့ လက်ချက်ဆိုတာ မသိတော့ရင် အမှုကို ရုပ်သိမ်းလိုက်လို့ရနေပြီပေါ့။ ဒါ တကယ့်အန္တရာယ်ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။
ယခုအမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ရဲအရာရှိမှအစ တရားသူကြီးများအဆုံး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၈ ပါ ပြဋ္ဌာန်းချက်များကို အထူးသတိပြုရန်လိုအပ်သည်ဟု ၎င်းက ဆက်ဆိုသည်။
ပုဒ်မ ၂၁၈ အရ တစ်စုံတစ်ယောက်ကို ဆုံးရှုံးနစ်နာစေရန် သို့မဟုတ် အပြစ်မှကယ်ဆယ်ရန် မှားမှန်းသိလျက် ပြည်သူ့ဝန်ထမ်းတစ်ဦးသည် မှတ်တမ်းရေးသားချက်များကို မှားယွင်းစွာရေးသားပါက ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်ပေး၍ရသည်ဟု ဆိုထားသည်။