သတင်း

နေပြည်တော်ရှိ စစ်တပ်၏ ပစ္စည်းဝယ်ယူရေးညွှန်မှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ 

အာဏာသိမ်းစစ်ခေါင်းဆောင်များ အခြေစိုက်ရာ နေပြည်တော်တွင် စက်တင်ဘာ ၃၀ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လက်အောက်ရှိ ပစ္စည်းဝယ်ယူရေး (ကကဝယ်) ညွှန်ကြားရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး လူသေဆုံးမှုမရှိသော်လည်း စစ်ဘက်ဆိုင်ရာ ယာဉ်တစ်စီးနှင့် အဆောက်အအုံအစိတ်အပိုင်းတချို့ ပျက်စီးခဲ့သည်။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဘုရင့်နောင်ရပ်ကွက်ရှိ ကက (ဝယ်) ညွှန်မှူးရုံးအတွင်း ဗုံးဖောက်ခွဲမှုကို အမည်မဖော်လိုသော တော်လှန်ရေးအင်အားစုတစ်ရပ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) က ယနေ့ (အောက်တိုဘာ ၁) သတင်းထုတ်ပြန်သည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် မနီးမဝေးရှိ ကက (ဝယ်) ညွှန်ကြားရေးမှူးရုံးအတွင်း ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ နေပြည်တော် PDF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငွေစိုးကလည်း Myanmar Now ကို အတည်ပြုသည်။

 “အကြီးစားလုပ်ဆောင်မှုတွေ လာပါဦးမယ်။ အဲ့ဒီအတွက် ကျနော်တို့ဘက်က ပြင်ဆင်ဆောင်ရွက်မှုတွေ အဆင်သင့်ဖြစ်နေပြီ” ဟု နေပြည်တော်တွင် စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်တိုက်မှုများ ဆက်လက်လုပ်ဆောင်မည့်အကြောင်း ၎င်းက ပြောသည်။

Myanmar Now က ရရှိထားသည့် ရဲကြေးနန်းအရ ကက(ဝယ်) ညွှန်မှူးရုံးဆင်ဝင်အောက်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံအစိတ်အပိုင်းတချို့အပြင် အစိမ်းရောင် ဟိုက်လန်ဒါ (HighLander) အမျိုးအစားမော်တော်ယာဉ်တွင် လေကာမှန်နှင့် မီးသီးများ ထိခိုက်ပျက်စီးထားသည်ကို တွေ့ရသည်။ 

အဆိုပါ ကက(ဝယ်) ညွှန်မှူးရုံးသည် စစ်တပ်အတွက် ဆေးဝါးနှင့် ပစ္စည်းများဝယ်ယူခြင်းအပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ချိတ်ဆက်ကာ ပစ္စည်းဝယ်ယူရေး တင်ဒါခေါ်ယူခြင်း စသည့် လုပ်ငန်းများကို အဓိကလုပ်ဆောင်ပြီး ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦး ဦးစီးသည့် ရုံးဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် စစ်တပ်အရာရှိတစ်ဦးက ပြောသည်။

“အဲ့ဒီဖြစ်စဉ်က ကက(ဆေး)က တင်ဒါအောင်တဲ့ပစ္စည်းတွေကို မနေ့က သွားသယ်တယ်လို့ ပြောပါတယ်။ သွားသယ်တဲ့အချိန်မှာ (ပေါက်)ကွဲတာလို့တော့ သတင်းပေးလာတယ်။ အတွင်းလူပါတယ်။ အဲ့ဒါကြောင့် စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်နေတယ်လို့ ပြောတယ်ဗျ” ဟု အဆိုပါ CDM အရာရှိက ပြောသည်။ 

ထိုပေါက်ကွဲမှုတွင် ထိခိုက်ပျက်စီးသွားသည့် HihgLandar အမျိုးအစားယာဉ်ကို ဗိုလ်ချုပ်အဆင့်ရှိသူများသာ စီးလေ့ရှိသည်ဟု CDM ဝင်ထားသည့် နောက်ထပ် တပ်မတော်သားအရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။ 

“အနိမ့်ဆုံး ဗိုလ်မှူးချုပ်အဆင့်စီးတာ။ တပ်မမှူးအဆင့်တွေ စီးတာဗျ” ဟု ၎င်းက ပြောသည်။ 

ဗုံးခွဲတိုက်ခိုက်ခံရသဖြင့် လေကာမှန်နှင့် မီးပွင့်များ ထိခိုက်ပျက်စီးခဲ့သော ကားအမျိုးအစားမှာ ဗိုလ်ချုပ်အဆင့်ရှိသူများ စီးသည့်ကားဖြစ်သည်ဟု ဆိုသည်။ (ဓာတ်ပုံ − ပေးပို့) 

နေပြည်တော်တွင် နေထိုင်သူ ဒေသခံနှစ်ဦးကလည်း ကက (ဝယ်) ညွှန်မှူးရုံး ဂိတ်တံခါးမှာ ကိုဗစ်နိုင်တင်းတတိယလှိုင်းစဖြစ်ကတည်းက အမြဲပိတ်ထားသည်ကို တွေ့ရကြောင်း၊ အပြင်လူ ဝင်ထွက်ဖို့ မလွယ်သည့်အပြင် ယခုကာလတွင် လုံခြုံရေးပို၍ တင်းကျပ်ထားကြောင်း ပြောသည်။

အဆိုပါ ကက (ဝယ်) ညွှန်မှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန် ခြင်း မရှိသေးဘဲ စစ်ကောင်စီပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာတွင်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

နေပြည်တော်ဧရိယာအတွင်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် ပထမဆုံးတိုက်ခိုက်မှုမှာ ဩဂုတ် ၃၀ ရက် က ပျဉ်းမနားမြို့အရှေ့ဘက် ပေါင်းလောင်းမြစ်တစ်ဖက်ကမ်းတွင် ဖြစ်ပွားခဲ့သည့် စစ်တပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရမှုဖြစ်သည်။

စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့သော အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့သော်လည်း နေပြည်တော် (PDF) နှင့် ဒေသခံများက အတည်ပြုပြောဆိုခဲ့သည်။ 

စက်တင်ဘာလဆန်းပိုင်းကလည်း လယ်ဝေးမြို့နယ်ရှိ ရှမ်းစုစစ်ဆေးရေးဂိတ်ကို နေပြည်တော် PDF က ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့ပြီး ဥတ္တရသီရိမြို့နယ်တွင်လည်း စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူ အများသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

စက်တင်ဘာ ၂၀ တွင်လည်း လယ်ဝေးမြို့နယ်ရှိ အင်ပု(ဒေသအခေါ်) စစ်ဆေးရေးဂိတ်ကို နေပြည်တော် (PDF) က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ပြည်သူ့ဘက်မှ မရပ်တည်ခြင်း၊ CDM မလုပ်ခြင်းနှင့် စစ်ကောင်စီ၏ ဒေါက်တိုင်၊ လက်ကိုင်တုတ်များအဖြစ် ဆက်လက်ရပ်တည်နေသူများအတွက် ကနဦးလှုပ်ရှားမှုမျှသာဖြစ်ပြီး ပိုမိုပြင်းထန်သည့် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု နေပြည်တော် (PDF) ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button