အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေး မဟာဝိဇိတာရာမတိုက်မှ သံဃာ ၂ ပါးနှင့် အမျိုးသား ၂ ဦး အဖမ်းခံရ 

ယမန်နေ့ (စက်တင်ဘာ ၂၈) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာဝိဇိတာရာမတိုက်ကို ဝင်ရောက်စီးနင်းကာ သံဃာ ၂ ပါး၊ လူ ၂ ဦးတို့ကို ဖမ်းဆီးကာ ကျောင်းတိုက်ရှိ ကား ၂ စီးနှင့် ဆိုင်ကယ် ၄ စီးကိုပါ ယူသွားသည်ဟု သံဃသမဂ္ဂ ဆရာတော်တစ်ပါးက မိန့်သည်။  

“ကျောင်းတိုက်ထဲမှာ သံဃာတော်တွေကို လက်နောက်ပစ်၊ မတ်တတ်ရပ်ခိုင်းထားပြီး စစ်တယ်။ ကျောင်းတိုက်ထဲ မျက်နှာကြက်ပါမကျန် အကုန်ရှာဖွေတယ်”ဟု သံဃသမဂ္ဂ ဆရာတော်က မိန့်သည်။

အဖမ်းခံရသူတို့မှာ သက်တော် ၄၈ နှစ်အရွယ် ဦးတေဇာလင်္ကာရ၊ သက်တော် ၄၅ နှစ်အရွယ် ဦးတေဇိန္ဒ၊ ​​​​အသက် ၄၀ အရွယ် ကိုနိုင်ဝင်း၊ ၂၄ နှစ်အရွယ် ကိုအောင်မင်းကိုတို့ ဖြစ်သည်ဟု သိရသည်။

ကျောင်းတိုက်၌ နေထိုင်သည့် ကိုအောင်မင်းကိုသည် စားသောက်ဆိုင်တစ်ခုတွင် စားဖိုမှူးလုပ်နေသူဖြစ်ပြီး ဦးနိုင်ဝင်းမှာ ရွာမှ ဆေးလာကုနေသူဖြစ်ကြောင်း၊ သံဃသမဂ္ဂဆန္ဒပြရာတွင် ပါဝင်သူများမဟုတ်သော ၎င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်း မသိရသေးကြောင်း သံဃသမဂ္ဂ ဆရာတော်က ဆက်လက်မိန့်ကြားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လုံခြုံရေးအရ အမည်မဖော်လိုသည့် အခြားရဟန်းတစ်ပါးကလည်း ယနေ့ မနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မဟာဝိဇိတာရာမကျောင်းတိုက်သို့ ထပ်မံလာရောက်ခဲ့ပြီး သံဃာတော် ၂ ပါး၏ ကွန်ပျူတာနှင့် ပစ္စည်းတချို့ကို သိမ်းယူသွားသည်ဟု မိန့်သည်။

ဘုန်းကြီးကျောင်းအတွင်း အဖမ်းအဆီး၊ ပစ္စည်းတချို့ကို သိမ်းယူမှုနှင့် ပတ်သက်ပြီး မေးမြန်းလိုသော်လည်း စစ်ကောင်စီတပ်ကို ဆက်သွယ်နိုင်ခြင်း မရှိသေးပါ။

ယမန်နေ့က အခြားကျောင်းတိုက်မှ အဖမ်းခံရသည့် ရဟန်းတစ်ပါး ပြန်လွတ်လာသည်ဟု သံဃသမဂ္ဂ ဆရာတော်ထံမှ သိရသည်။ 

“ပထမဖမ်းတဲ့ ကင်းဝန်ကျောင်းတိုက်က ဆရာတော်ကိုတော့ လွှတ်ပေးလိုက်တယ်။ ဆရာတော်ကြီးကိုယ်တိုင် လိုက်ထုတ်တော့ ခံဝန်နဲ့တူပါတယ်၊ လွတ်လာတယ်။ နောက်ထပ်ဖမ်းတဲ့သူတွေတော့ မလွတ်သေးဘူး”ဟု သံဃသမဂ္ဂ ဆရာတော်က မိန့်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် ဆန္ဒပြစစ်ကြောင်းများ အပြင်းအထန်ဖိနှိပ်နေရာ ထိုအထဲတွင် နာမည်ကျော် သံဃသမဂ္ဂစစ်ကြောင်းလည်း ပါဝင်သည်။

မေ၂၈ ၇က်နေ့တွင် ဆန္ဒပြနေကြစဉ် ဦးရာဇိန္ဒအမည်ရှိ ရဟန်းတစ်ပါးကို စစ်ကောင်စီတပ်က ကားဖြင့်တိုက်၍ နန်းတွင်းစစ်ကြောရေးပို့ကာ နှိပ်စက်ခဲ့သည်။ 

ဩဂုတ်လတွင်လည်း ယင်းသံဃသမဂ္ဂစစ်ကြောင်းမှ ရဟန်းတစ်ပါးဖမ်းဆီးခံရသေးသည်။

စစ်တပ်က အာဏာသိမ်းပြီး ၈လကျော်အကြာတွင် မန္တလေးမြို့ရှိ အထင်ကရ ပရိယတ္တိစာသင်တိုက်ကြီးများဖြစ်သော ဘုရားကြီးတိုက်၊ မစိုးရိမ်တိုက်သစ်နှင့် မြတောင်တိုက်တို့တွင် သီတင်းသုံးစာဝါလိုက်နေသည့် သံဃာတော်အရေအတွက် ထက်ဝက်မက ကျဆင်းသွားခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပရိယတ္တိစာသင်တိုက်ကြီးများ အများဆုံးတည်ရှိရာ မန္တလေး၌ ယင်းသို့ သံဃာတော်အရေအတွက် ကျဆင်းသွားခြင်းသည် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲများကြောင့်ဟု မန္တလေးမြို့ခံ ရဟန်းသံဃာများက မိန့်ဆိုကြသည်။

မြတောင်ကျောင်းတိုက်ကိုလည်း စစ်ကောင်စီက မကြာခဏဝင်ရောက်စီးနင်းကာ ဆန္ဒပြသံဃာတော်များကို ရှာဖွေခြင်း၊ လက်နက်မိသည်ဟု စွပ်စွဲခြင်းတို့ကြောင့် ကျောင်းတိုက်နေသံဃာတချို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထိုသို့ဖိနှိပ်နေမှုကြားမှပင် မန္တလေးသံဃသမဂ္ဂစစ်ကြောင်းသည် စစ်အာဏာသိမ်းမှုကို နေ့စဉ် ဆန့်ကျင်တော်လှန်နေရာ ယနေ့အပါအဝင် ၂၃၃ ရက်မြောက်တိုင်ခဲ့ပြီဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button