သတင်း

ဦးကိုနီလုပ်ကြံခံရမှု ဖေဖော်ဝါရီ ၁၅ တွင် အမိန့်ချမည်

ဦးကိုနီလုပ်ကြံခံရမှုကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ယနေ့ ဆက်လက် စစ်ဆေးရာ နှစ်ဖက် ရှေ့နေတို့  အပြီးသတ်လျှောက်လဲချက်များ တင်သွင်းခဲ့ကြပြီးနောက် တရားရုံးက အမှုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အမိန့်ချမှတ်ရန် ဆုံးဖြတ်လိုက်သည်။

မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်ဥပဒေအရာရှိ ဦးအောင်နိုင်ဦးက တရားလိုနှင့် တရားလိုပြသက်သေ ၇၂ ဦး၊ တရားခံနှင့်တရားခံပြသက်သေ ၄၀ တို့ကို စစ်ဆေးခဲ့ပြီး စွပ်စွဲခံထားရသူတို့ ပြစ်မှုထင်ရှားကြောင်း တရားရုံးတော်သို့ လျှောက်ထားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ ထွက်လာမည့် ရန်ကုန်လေဆိပ်သို့ ရဲက ဖမ်းဝရမ်း ထုတ်ထားသူ   အောင်ဝင်းခိုင် ရောက်လာပြီး မရှေးမနှောင်းမှာပင် အောင်ဝင်းဇော်နှင့် ကြည်လင်းတို့လည်း ရောက်လာသည်ဟု ၎င်းက  လျှောက်ထားခဲ့သည်။

ထို့နောက် သေနတ်သမားကြည်လင်းက ရှေ့နေကြီးကို အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက လျှောက်ထားခဲ့သည်။

မြင့်ဆွေ ဘယ်သူလဲ

သေနတ်သမားကြည်လင်းက ဦးကိုနီကို လုပ်ကြံရန် ၎င်းကို ခြိမ်းခြောက်ခိုင်းစေသူမှာ မဲဆောက်တွင် နေထိုင်သူ မြင့်ဆွေဆိုသူဖြစ်သည်ဟု တရားခွင်မှ အထွက်တွင် သတင်းထောက်များကို ပြောသည်။

“ကျွန်တော်ကတော့ သေမှာကြောက်လို့။ ကျွန်တော်ကတော့ အသေမခံနိုင်ဘူးလေ။ ကျွန်တော် သေမှာကြောက်လို့ ပစ်လိုက်တာ” ဟု ကားပေါ်မှ ဟော်ဟစ်ပြောဆိုခဲ့သည်။

မြင့်ဆွေဆိုသူက ခိုင်းစေခဲ့သည်ဟူသော စကားကို ကြည်လင်းက ၂ နှစ်တာအတွင်း အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးဖြစ်သည်။

သေနတ်သမား ကြည်လင်းက အမှုလမ်းကြောင်း ပျောက်သွားစေရန် ထိုသို့ ပြောဆိုနေခြင်း ဖြစ်ကြောင်း၊ မြင့်ဆွေ ဆိုသူမှာ အောင်ဝင်းဇော်သာဖြစ်ကြောင်း ခရိုင်ဥပဒေအရာရှိက တရားရုံးကို လျှောက်ထားခဲ့သည်။

လေဆိပ် CCTV မှတ်တမ်းများတွင် အောင်ဝင်းဇော်ကို သေနတ်သမားကြည်လင်း၏ နောက်ဘက်တွင် မြင်တွေ့နေရပြီး မြင့်ဆွေဆိုသူမှာ အောင်ဝင်းဇော်ဖြစ်ကြောင်း ထင်ထင်ရှားရှား ဖော်ပြနိုင်ခဲ့သည်ဟု ၎င်းက ထောက်ပြသည်။

ဇေယျားဖြိုး ရုံးခန်းထဲက သေနတ်အိတ်

နောက်ကွယ်မှ ငွေကြေးပံ့ပိုးသူဟု ရဲက ယူဆသည့် ဇေယျာဖြိုး၊ ရဲက ဝရမ်းထုတ်ထားပြီး လိုက်လံ ရှာဖွေနေသည့် အောင်ဝင်းခိုင်တို့ နှစ်ဦးမှာ ဗိုလ်လောင်း ဘဝကပင် ရင်းနှီးခဲ့သူများဖြစ်ကြောင်း ခရိုင်ဥပဒေအရာရှိက တရားရုံးသို့ လျှောက်ထားခဲ့သည်။ 

ထို့အပြင် လေဆိပ်လုပ်ကြံမှု မတိုင်ခင် ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့ နှစ်ဦး ဖုန်းခေါ်ဆိုမှုများ အကြိမ်ကြိမ် ရှိနေသည်မှာ ပေါ်ပေါက်ခဲ့ကြောင်း တရားရုံးသို့ လျှောက်ထားခဲ့သည်။

၎င်းက ဇေယျာဖြိုး၏ ကုမ္ပဏီ ရုံးခန်းတွင် သိမ်းဆည်းရမိသည့် သေနတ်အိတ် နှစ်အိတ်မှာလည်း သေနတ်သမားကြည်လင်း အသုံးပြုခဲ့သော သေနတ်အိတ်များဖြစ်ကြောင်း လျှောက်ထားခဲ့သည်။

ဇေယျာဖြိုး၏ ရှေ့နေ ဒေါ်ပပကမူ ထိုရုံးခန်းတွင် သိမ်းဆည်းရမိသည့် သေနတ်အိတ် နှစ်အိတ်မှာ သူ့အမှုသည်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ ဦးခင်မောင်စိုး ဆိုသူက လက်ဆောင်ပေးရန် ဝယ်ယူထားသည့် သေနတ်အိတ်များ ဖြစ်ကြောင်း၊ ဦးခင်မောင်စိုးကိုယ်တိုင်လည်း တရားရုံးတွင် သက်သေ ထွက်ဆိုထားကြောင်း တရားရုံးသို့ ပြန်လည် လျှောက်ထားခဲ့သည်။

နောက်ကွယ်က ငွေကြေးပံ့ပိုးသူဟု ရဲက ယူဆနေသည့် ဇေယျာဖြိုးက  အမှုနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို အများသိစေရန် မကြာမီ ပေးပို့သွားမည်ဖြစ်ကြောင်း တရားခွင်မှ အထွက်တွင် ပြောသည်။

 “နိုင်ငံတော် သမ္မတကြီးနဲ့တကွ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အနေနဲ့လည်း ဒီအမှုကို အမှန်အတိုင်း တရားဥပဒေနဲ့ အညီ ဖြစ်ရပ်မှန် အတိုင်း ဆုံးဖြတ်ပေးပါလို့ တရားရုံးကို ညွှန်ကြားပေးဖို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက   ပြောသည်။

ပုဒ်မများ

ရှေ့နေကြီးဦးကိုနီမှာ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် Senior Leadership Programme ကို တက်ရောက်ပြီး အပြန် ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

 ၂နှစ်ပြည့်နေ့က အောက်မေ့ဖွယ် အစီအစဉ်ကို ရန်ကုန်မြို့တွင်   ကျင်းပခဲ့သည်။

ထိုအောက်မေ့ဖွယ် အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ဦးကိုနီကို လုပ်ကြံခြင်းမှာ ၎င်းတို့ပါတီ သွားနေသည့် နိုင်ငံရေး လမ်းကြောင်း ပျက်ပြားစေရန် အချိန်ယူ ငွေကုန်ခံပြီး ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့် နိုင်ငံရေး အကြမ်းဖက်မှုဖြစ်ကြောင်း ပြောသည်။

သေနတ်သမားကြည်လင်းသည်  ဦးကိုနီကို လုပ်ကြံမှု ပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ အငှားယာဉ်မောင်းကို သတ်ဖြတ်မှု ပုဒ်မ ၃၀၂(၂)၊လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)တို့ဖြင့် တရားစွဲဆိုထားသည်။  အမှုထင်ရှားပါက လုပ်ကြံမှုနှစ်ခုအတွက် အမြင့်ဆုံး ရင်ဆိုင်ရမည့် စီရင်ချက်မှာ သေဒဏ်၊ လက်နက်မှုအတွက် ထောင်ဒဏ် ၃ နှစ် ကျခံရမည် ဖြစ်သည်။

ဝရမ်းပြေး အောင်ဝင်းဇော်သည် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် စွဲဆိုခံထားရပြီး ဇေယျာဖြိုးသည်လည်း ပုဒ်မ ၃၀၂(၁)(ခ)/ ၁၀၉ ဖြင့် စွဲဆိုခံထားရသည်။

လုပ်ကြံမှုဖြစ်ပွားအပြီး ကရင်ပြည်နယ်သို့ သွားရောက်သည့် အောင်ဝင်းဇော်ကိုလိုက်လံ ပို့ဆောင်ခဲ့သည့် ၎င်း၏ အစ်ကို အောင်ဝင်းထွန်းသည် ပြစ်မှုထင်ရှားပါက ရာဇသတ်ကြီး ပုဒ်မ၂၁၂ အရ ကျခံရမည့် အမြင့်ဆုံးပြစ်ဒဏ်မှာ  ထောင်ဒဏ် ၅ နှစ် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် –

Show More

Related Articles

Back to top button