သတင်း

မြို့လုံးကျွတ် စစ်ရှောင်နေရသည့် ထန်တလန်တွင် တိုက်ပွဲထပ်ဖြစ်

တိုက်ပွဲများကြောင့် မြို့လုံးကျွတ် စစ်ရှောင်နေရသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ထန်တလန်မြို့တွင် ယနေ့ (စက်တင်ဘာ ၂၇) မနက် ၁၀ နာရီခွဲခန့်၌ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF – ထန်တလန်)က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ 

ထန်တလန်မြို့အတွင်း ကင်းလှည့်နေသည့် အင်အား ၄၀ ခန့်ရှိသည့် စစ်တပ်ကို ပြောက်ကျားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သူတို့က လမ်းမပေါ်မှာ အောက်ဘက်ကနေ တပ်ကုန်းဘက်ကို သွားနေတုန်းမှာ လမ်းမပေါ်မှာ တွေ့ပြီးတော့ ဖြတ်တိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။

မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာသို့ တပ်စွဲထားသည့် တောင်ကုန်းပေါ်မှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ သို့သော်လည်း မြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပျက်စီးခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

အသေးစိတ်သတင်းပေးပို့လာခြင်းမရှိသေးသည့်အတွက် ထိခိုက်၊ ကျဆုံးစာရင်းကို အတိအကျ မသိရသေးကြောင်း ၎င်းက ပြောသည်။

ပစ်ခတ်သံများကို မိနစ် ၃၀ ခန့် ကြားခဲ့ရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အားလုံး ကြောက်လို့ ပုန်းနေကြရတာ။ အပြင်လည်းထွက်မကြည့်ရဲတော့ ဘာတွေဖြစ်သွားလဲ မသိသေးဘူး” ဟု အဆိုပါမြို့ခံက ဆိုသည်။

ညနေ ၃ နာရီခန့်တွင် သေနတ်သံနှင့် လက်နက်ကြီးပေါက်ကွဲသံ ကြားရသည်ဟု ၎င်းက ဆက်ပြောသည်။ 

ထန်တလန်မြို့ပေါ်တွင် စစ်တပ်အင်အား ၂၀၀ ခန့် ဆက်လက်တပ်စွဲထားပြီး မြို့တစ်ခုလုံးကို စိုးမိုးထားသည့် တောင်ကုန်းတစ်ခုပေါ်တွင် နေရာယူထားဆဲဖြစ်သည်။ 

စက်တင်ဘာ ၁၈ ၌ ထန်တလန်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်ကို CDF (ထန်တလန်) အဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း စစ်သား ၃၀ ခန့် သေဆုံးသည်။ 

အထိနာသွားသည့် စစ်တပ်က မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့ပြီး မြို့ပေါ်နေ ပြည်သူအားလုံးနီးပါး မြို့မှ ထွက်ပြေးခဲ့ရသည်။

ယင်းမတိုင်မီ ထန်တလန်မြို့ပေါ်တွင် ဖုန်းနှင့် ဧည့်စာရင်းစစ်နေသည့် စစ်တပ်ကို ​​စက်တင်ဘာ ၉ ၌ CDF (ထန်တလန်) အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးသွားကာ ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့သည်။ 

လက်ရှိ မြို့ပေါ်တွင် အိမ်ထောင်စုနှစ်စုမှ လူဦးရေ ၁၀ ဦး၊ မြို့အထွက် ၂ ဖာလုံခန့်ဝေးသည့် နေရာတွင်ရှိသည့် မိဘမဲ့ဂေဟာမှ လူဦးရေ ၂၀ ခန့် ကျန်ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းတစ်ပြည်နယ်လုံးတွင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ခဲ့ကြပြီး ထန်တလန်မြို့နယ်အတွင်း ဇွန်လမှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် မြို့နေလူဦးရေ ၁၀,၀၀၀ ကျော်သည် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကျေးရွာများနှင့် အိန္ဒိယနိုင်ငံဘက်ခြမ်း၊ မီဇိုရမ်ပြည်နယ်တွင် တိမ်းရှောင်နေကြရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button