
တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း ကောလင်းခရိုင်အတွင်းရှိ ပင်လည်ဘူး၊ ဝန်းသိုနှင့် ကောလင်းမြို့နယ်တို့တွင် ယနေ့ (စက်တင်ဘာ ၂၆) နံနက်ပိုင်းမှစ၍ ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၆ နာရီမှစ၍ ဆက်သွယ်ရေးအော်ပရေတာ လေးခုလုံးတွင် ဖုန်းနှင့် အင်တာနက်ပြတ်တောက်ခဲ့ခြင်းဖြစ်ကာ ကြိုးမဲ့အင်တာနက် (Wifi) စနစ်လည်း အသုံးပြုမရတော့ကြောင်း အဝေးရောက် ကောလင်းနှင့် ပင်လည်ဘူး ဒေသခံများက ဆိုသည်။
“ဒီမနက် ၆ နာရီထိ သူငယ်ချင်းနဲ့ အဆက်အသွယ်ရပါတယ်။ အခုကတော့ ဘယ်ဖုန်းမှ ခေါ်မရဘူးခင်ဗျ” ဟု ရန်ကုန်တိုင်းတွင် ရောက်ရှိနေသည့် ကောလင်းဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
ထို့အတူ ပင်လည်ဘူးဒေသခံတစ်ဦးကလည်း “ညတုန်းကအထိတော့ အကုန်လုံး အဆက်အသွယ်ရတယ်။ ဒီနေ့မနက်ကျတော့ အကုန်လုံး ဆက်သွယ်လို့ မရတော့ဘူး။ ကျွန်တော်တို့ကျတော့ တခြားနယ်ကို သွားပြီးတော့မှ အင်တာနက်ရတဲ့ဆီ လာခဲ့ရတာ။ အခုတော့ လောလောဆယ် အဆက်အသွယ်ပြတ်နေတယ်” ဟု ပြောသည်။
ပင်လည်ဘူးမြို့နယ်၌ စက်တင်ဘာ ၂၂ နှင့် ၂၄ ရက်က ကချင်လွတ်လွတ်ရေးတပ်မတော် (KIA) ကြီးကြပ်သော ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ကသာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယနေ့ နံနက်ပိုင်းတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရပြီးနောက် ဝန်းသိုရှိ တပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၁၁ နှင့် ၁၂၀ သို့ စစ်ရဟတ်ယာဉ်နှစ်စီး ဆင်းသက်ခဲ့ကြောင်း၊ ယမန်နေ့ ညနေပိုင်းတွင် ပင်လည်ဘူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။
“သူတို့ လေယာဉ်နဲ့တက်ခဲ့တော့ ကျွန်တော်တို့တွေက အကုန်လုံး နေရာရွှေ့ပြောင်းပြီးသားလေ။ လေယာဉ်နဲ့ ဗုံး ၁၀ လုံးလောက်ရှိတယ်။ လယ်ကွင်းထဲ ပစ်ချသွားတယ်လို့ ပြောတယ်” ဟု ပင်လည်ဘူးဒေသခံက ဆိုသည်။
ထို့ပြင် ဝန်းသိုဘက်မှ စစ်ကား ၁၇ စီး ပင်လည်ဘူးဘက်သို့ တက်လာပြီး စစ်ကောင်စီတပ် တပ်စွဲထားရာ မူးမြစ်ကမ်းဘေးရှိ နောင်မူးရွာတွင် အင်အားဖြည့်တင်းခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက် ဂျက်တိုက်လေယာဉ်များဖြင့် ထိုးစစ်ဆင်နေကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် မိမိတို့ရပ်ရွာများတွင် စစ်မျက်နှာဖွင့်စေလိုကြောင်း ပင်လည်ဘူး PDF က ယနေ့ နံနက်ပိုင်းတွင် ကြေညာထားသည်။
စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူးမြို့နယ်များသည် ကချင်ပြည်နယ်အစပ်ဖြစ်သော ကသာခရိုင်နှင့်လည်း နယ်မြေချင်းထိစပ်လျက်ရှိသည်။ ကသာမြို့နယ် မိုးဒါးတိုက်နယ်တွင်လည်း စက်တင်ဘာ ၂၀ ရက်က KIA၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများပြားခဲ့သည်။
တစ်နိုင်လုံးအတိုင်းအတာဖြင့် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၇ ရက်တွင် ကြေညာပြီးနောက် ဒေသအသီးသီးတွင် စစ်ကောင်စီကို ခုခံသောတိုက်ပွဲများ ပြင်းထန်လာကာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပေါင်း ၂၅ ခု တွင် အင်တာနက်ဖြတ်တောက်ခံထားရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p