သတင်း

KNU နယ်မြေ တပ်မဟာ ၃ ခုတွင် တိုက်ပွဲများ ပြင်းထန်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ ခုအနက် ယခုရက်ပိုင်းအတွင်း တပ်မဟာ (၁)၊ (၃) နှင့် (၅) နယ်မြေများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

စက်တင်ဘာ ၂၂ တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ စစ်ကောင်စီ၏ သိမ်ဇရပ်အခြေစိုက်တပ်မှ စစ်ကားတစ်စီးကို RPG ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည်ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကားတစ်စီး ထိခိုက်တိမ်းမှောက်သွားတယ်။ တိမ်းမှောက်ပြီးတော့ တပ်သားက ၂၅ ဦး သေတယ်။ ၅ ဦးလား ဒဏ်ရာရတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။ 

စက်တင်ဘာ ၁၄ ကျိုက်ထိုမြို့နယ်၊ မဲယွန်းကြီးဒေသရှိ KNU ဂိတ်စခန်း တိုက်ခိုက်ခံရအပြီး ပေါ်ပေါက်လာသော နောက်ဆက်တွဲတိုက်ပွဲဖြစ်သည်ဟု ဆိုသည်။

“အဲဒီတပ်က ကျွန်တော်တို့မဲယွန်းကြီးဂိတ်ကို သွားပြီးတော့ ပစ်ခတ်တယ်။ ပစ်ခတ်တော့ ကျွန်တော်တို့ဘက်က ၃ ဦး ဒဏ်ရာရတယ်။ အဲဒီ ၁၄ ရက်ကနေ စပြီးတော့ ဆက်တိုက် အနည်းအကျဉ်း ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တော့ သွားနေတဲ့စစ်ကားကို တိုက်ခိုက်ခဲ့တာ” ဟု ၎င်းက ပြောသည်။

KNU ၏ မဲယွန်းကြီးဂိတ်စခန်း တိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ၃၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။ 

KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်တွင် ယခင်က ဘားအံ၊ ဘီးလင်းဒေသများ၌သာ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း ယခုအခါ ကျိုက်ထို၊ သထုံဒေသများတွင်ပါ တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်သည်။

ထို့ပြင် KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင်လည်း စစ်ကောင်စီ၏ ခလရ(၆၀) လက်အောက်ခံတပ်များ စစ်ရေးလှုပ်ရှားလာသဖြင့် စက်တင်ဘာ ၂၂ နှင့် ၂၃ တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ခဲ့ကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနခွဲက သတင်းထုတ်ပြန်သည်။ 

အဆိုပါ ၇ ကြိမ်လုံးမှာ ကျောက်ကြီးမြို့တောင်ဘက် ၁၀ မိုင်အကျော်ရှိ KNU ၏ တပ်စခန်းအနီး ဖြစ်ပွားခြင်း ဖြစ်သည်။ 

ယင်းတိုက်ပွဲများတွင် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရိုးမ)(BPDF-Yoma ) တပ်ဖွဲ့ဝင်များက KNU တပ်မဟာ (၃) နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း BPDF-Yoma က စက်တင်ဘာ၂၃ တွင် ထုတ်ပြန်သည်။ 

စက်တင်ဘာ ၂၀ မှစ၍ ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး ထိုနေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

ယမန်နေ့ စက်တင်ဘာ ၂၄ မနက်အစောတွင်လည်း ယင်းနေရာအနီး ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒေသတွင်း လှုပ်ရှားနေကျတပ်များမဟုတ်သည့် အခြေစိုက်တပ်များပါ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည်ဟု တပ်မဟာ (၃) ဘက်မှ သိရသည်။ 

ယခင်လများကတည်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ရာနှင့်ချီဖြစ်ခဲ့သော KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် ယခုလအတွင်း တိုက်ပွဲများ ပိုမိုဖြစ်ပွားနေကြောင်း တပ်မဟာ(၅)၏ Mutraw News က သတင်းထုတ်ပြန်ထားသည်။

တပ်မဟာ (၅ )၏ ထုတ်ပြန်ချက်များတွင် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း၌ စက်တင်ဘာ ၁ မှ  ၂၀ အထိ ရက် ၂၀ အတွင်း တိုက်ပွဲ ၁၂၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၇၀ဦးကျော်သေဆုံးကာ ၉၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ KNU တပ်ဖွဲ့ဝင်တချို့ ကျဆုံးဒဏ်ရာရမှုရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း စက်တင်ဘာ ၂၂ က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁ ဦး သေဆုံးပြီး ၊ ၂ ဦး ဒဏ်ရာရသည်ဟု တပ်မဟာ(၆) ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု ခုခံတော်လှန်စစ် စတင်ပြီဖြစ်ကြောင်း စက်တင်ဘာ ၇ ရက်က ကြေညာခဲ့ပြီးနောက် KNUနယ်မြေ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့ပြင် KNU တပ်မဟာ အများစုနယ်မြေများ၌လည်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်လျက်ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button