(ရန်ကုန်) – ၂ဝ၁၁ ခုနှစ်ကတည်းက သက်ငယ်မုဒိမ်းမှု သံသယဖြင့် ရဲကအလိုရှိနေသည့် တောင်ဒဂုံမြို့နယ် ၁၄ဝ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ကရင် (ခေါ်) ရန်နိုင်စိုးကို အပူတပြင်းရှာဖွေနေကြောင်း တောင်ဒဂုံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက ပြောသည်။
“ကျွန်တော်တို့တင် မဟုတ်ပါဘူး၊ အပိုင်ရဲစခန်းကလည်း ဆောင်ရွက်သလို မူလ အမှုဖွင့်ထားတဲ့ သင်္ဃန်းကျွန်းကလည်း တောက်လျှောက် ဆောင်ရွက်နေပါတယ်။ တိုင်းတို့ ခရိုင်တို့က လည်း ရတဲ့နည်းနဲ့ ဆောင်ရွက်နေပါတယ်” ဟု သူက ဆိုသည်။
ကရင် (ခေါ်) ရန်နိုင်စိုး၏ မိသားစုဝင်များက သူသည် ပြစ်မှုကင်းရှင်းသူဖြစ်ပြီး မတရားစွပ်စွဲခံရကြောင်း ဇွန်လ ၉ ရက်နေ့က ရန်နိုင်စိုး၏ အဒေါ်ဖြစ်သူနှင့် သူ့ကို ထောက်ခံသူများက သူနေထိုင်ခဲ့ရာ ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ရှင်းလင်းပွဲစီစဉ်သူတို့ကို စစ်ဆေးမေးမြန်းခဲ့သည်ဟု တောင်ဒဂုံစခန်းမှူးက ပြောသည်။ ကရင် (ခေါ်) ရန်နိုင်စိုးသည် ရဟန်းဝတ်ဖြင့် ထွက်ပြေးနေကြောင်း သတင်းရထားသဖြင့် ဘုန်းကြီးကျောင်းများတွင်လည်း ရဲက လိုက်လံရှာဖွေနေသည်။
“ကျွန်တော်တို့လည်း သူ့မိသားစုတွေကို မေးပါတယ်။ ဒါပေမယ့် သူ့မိသားစုတွေက လိမ်ချင်လည်း လိမ်နိုင်တယ်။ အမှန်အတိုင်း ပြောချင်မှပြောမှာ” ဟု ဒုရဲမှူး မောင်မောင်ဦးက ဆိုသည်။
Myanmar Now က Facebook လူမှုကွန်ရက်စာမျက်နှာတွင် “ရန်နိုင်စိုး” အမည်ဖြင့် အကောင့်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ အကောင့်ရှိ ဓာတ်ပုံမှာလည်း ကရင်ခေါ် ရန်နိုင်စိုး၏ ဓာတ်ပုံပင်ဖြစ်ကြောင်း ၁၄ဝ ရပ်ကွက်နေ ပြည်သူတချို့က အတည်ပြုသည်။
အဆိုပါ အကောင့်အသစ်သည် ယခင် ရန်နိုင်စိုး တရားခံပြေးအဖြစ် လူမှုကွန်ရက်တွင် မပျံ့နှံ့ခင်က အသုံးပြုသည့် အကောင့်မဟုတ်ဘဲ ယခုမှ အသစ်ပေါ်လာခြင်းဖြစ်ကြောင်း ၁၄ဝ ရပ်ကွက်အတွင်းရှိ ဒေသခံတချို့က မှတ်ချက်ပြုသည်။
အသုံးပြုသည့် ဖုန်းနံပါတ်များ၊ နေရာများကို လိုက်လံရှာဖွေရေးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးမှ နည်းပညာကျွမ်းကျင်သူများနှင့် မေးမြန်းပြီးမှ ဆောင်ရွက်၍ရနိုင်မည် ဟု တောင်ဒဂုံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက ပြောသည်။
“Facebook တို့ Google ခြေရာခံကောက်ကြောင်းတို့ ဆိုတာက CID က ကျွမ်းကျင်သူတွေမှ လုပ်တာ။ CID ကိုလည်း တရားခံပြေးစာရင်းတွေ ပို့ထားတာပဲ။ ကျွန်တော်က အဲ့ဒီအပိုင်းတွေ ကို မကျွမ်းကျင်တော့ အဲ့ဒီလိုလုပ်ဖို့ တင်ပြပြီး မေးကြည့်ရဦးမယ်။ ကျွန်တော်တို့က တိုက်ရိုက်တော့ လုပ်လို့မရသေးဘူး။ တစ်ခါမှလည်း အဲ့ဒီလို မလုပ်ဖူးသေးဘူး” ဟု သူက ဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့ညက ကရင်နှင့်အလွန်ရင်းနှီးသည်ဟု ဆိုသူများက သူ၏အရိပ်မည်းကို ထုတ်ဖော်ပြောဆိုသူ၏ ကိုဇော်ဇော်အောင်၏ ညီအား ဝိုင်းခုတ်သတ်ခဲ့ပြီးနောက် အဆိုပါအမှု ကို လူစိတ်ဝင်စားမှု ပိုမိုများပြားလာခဲ့သည်။
သေဆုံးခဲ့သူ အသက် ၃၆ နှစ်အရွယ် ကိုသက်ဝေထူးသည် အခင်းဖြစ်ရပ်တွင် နှစ်ဖက်အရက်မူးရာမှ အချင်းများကာ ဓားခုတ်မှုဖြစ်သည်ဟု ဆိုသော်လည်း ယခင်အချိန်များထဲက ကရင့်ကိစ္စနှင့် ပတ်သက်ပြီး ရန်ဆိုးရန်စများ ရှိနေသည့်အတွက် ယခုကဲ့သို့ လူကိုသတ်လိုက်သည်အထိ ဖြစ်ပျက်ခဲ့ရသည်ဟု ၁၄ဝ ရပ်ကွက်ဒေသခံများက ယူဆကြသည်။
ဇူလိုင်လ ၁၆ ရက်နေ့က ကိုဇော်ဇော်အောင်၏ ညီအားသတ်ဖြတ်မှုဖြင့် ထိန်းသိမ်းခံရသူ ၆ ဦးကို တောင်ဒဂုံမြို့နယ် တရားရုံး၊ ရုံးထုတ်တွင် သတင်းမီဒီယာများကို ဓာတ်ပုံရိုက်ကူးခြင်း မပြုနိုင်ရန် ရုံးအပြင်ဘက်သို့ ထွက်ခိုင်းခြင်း၊ သတင်းမီဒီယာသမားများကိုပင် ဓာတ်ပုံရိုက်ခြင်း၊ ရန်လိုသည့် မျက်နှာများဖြင့် စောင့်ကြည့်ခြင်းများကို မြင်တွေ့ခဲ့ရသည်ဟု ကိုဇော်ဇော်အောင်က ပြောသည်။
“ကျွန်တော့်မှာလဲ ကျီးလန့်စာစား နေနေရတယ်။ ကရင့်ကိစ္စကို ကျွန်တော်ဆောင်ရွက်ခဲ့လို့ မိသားစုတွေမှာလည်း စိုးရိမ်နေကြတယ်။ နောက်ပြီး ကျွန်တော်အငှားယာဉ်မောင်းလုပ်တာမှာ ကျွန်တော့်ကားပိုင်ရှင်က နောက်ဆက်တွဲဖြစ်လာရင် သူ့ကားပါ ထိခိုက်မှာစိုးလို့ ကျွန်တော့ညီမြေကျတဲ့ညနေမှာပဲ ကားပြန်သိမ်းခံလိုက်ရတယ်” ဟု သူက ဆိုသည်။