
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူ (အလယ်)ရွာတွင် ယမန်နေ့ (စက်တင်ဘာ ၂၀) ညတွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် တစ်နှစ်ခွဲအရွယ်ကလေးအပါအဝင် ၅ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိသည်ဟု ဆွေမျိုးတစ်ဦးနှင့် ဒေသခံများက ပြောသည်။
ည ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က သေနတ်များ တရစပ်ပစ်ဖောက်၍ ရွာအတွင်း ဝင်လာသဖြင့် ဒေသခံများ ညတွင်းချင်း ထွက်ပြေးခဲ့ရသည်။
ထိုသို့ ပစ်ခတ်နေစဉ် ရွာအတွင်း နေအိမ်တစ်လုံးရှိ မိသားစုဝင် ၄ ဦး ပွဲချင်းပြီးသေဆုံးကာ တစ်နှစ်ခွဲအရွယ်ကလေးငယ်မှာ ပေါင်ကို ကျည်ထိမှန်ဒဏ်ရာဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးအရောက် သေဆုံးသွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆွေမျိုးတစ်ဦးက Myanmar Now ကို ပြောသည်။
သေဆုံးသူများမှာ မိသားစုဝင်များဖြစ်ကြသည့် ၇၆ နှစ်အရွယ် ဦးဘိုခင်၊ ၇၅ အရွယ် ဒေါ်သန်း၊ ၅၀ ဝန်းကျင် ဦးမောင်ထွန်း၊ ၃၀ ဒေါ်မော်ဌေး၊ တစ်နှစ်ခွဲအရွယ် မောင်ဇွဲထက်မော်တို့ ဖြစ်သည်။
အပြင်းအထန်ဒဏ်ရာရရှိထားသော အသက် ၅၀ အရွယ် ဒေါ်ညွန့်၊ ၃၀ အရွယ် ကိုကျော်သူခင်တို့မှာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေသည်။
မည်သည့်လက်နက်အမျိုးအစားဖြင့် ပစ်ခတ်သည်ကို မသိရသေးပေ။
ရုပ်အလောင်းများကို နွားထိုးကြီးသုသာန်တွင် ယနေ့မနက်ပိုင်း၌ စစ်တပ်က သင်္ဂြိုဟ်ခဲ့ကြောင်း သေဆုံးသူများ၏ ဆွေမျိုးတော်စပ်သူ ထိုအမျိုးသားက ဆိုသည်။
“၄ လောင်းလုံး ပွဲချင်းပြီး တစ်ခါတည်းသေတာ။ ထိတာတော့ ကြီးကြီးကျယ်ကျယ် ၇ ယောက်လုံး အကုန်ထိတာ။ ၇ ယောက်လုံး အခြေအနေမကောင်းဘူး။ သင်္ဂြိုဟ်မဲ့နေရာသွားမယ်လုပ်တော့လည်း သူတို့ (စစ်တပ်) ဘာသာသူတို့ သင်္ဂြိုဟ်တာတဲ့” ဟု တစ်ဦးက ပြောသည်။
“ခုတော့ သင်္ဂြိုဟ်ပြီးပြီဆိုတော့ ဘာတတ်နိုင်မှာလဲဗျာ”
နေအိမ်တွင် အသေးစားဆီစက်လုပ်ငန်း လုပ်ကိုင်ကြသည့် အဆိုပါမိသားစုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများဖြစ်ကြောင်း၊ အိမ်ကို ပစ်ခတ်ရန် ဒလန်တို့က လမ်းညွှန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။
“အလှည့်ကျရင်လည်း မင်းတို့ မျက်ရည်မကျကြပါနဲ့လို့ ပြောချင်ပါတယ်” ဟု ဒေသခံတစ်ဦးက မကျေမနပ်ပြောသည်။
လျှော်ဖြူရွာနှင့် ရွာနီးချုပ်စပ်မှ ဒေသခံ ၇ ဦးခန့်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ဦးဘိုခင်တို့ မိသားစုအပြင် တခြားဒေသခံတချို့ ထိခိုက်ဒဏ်ရာရသည်ဟု ပြောကြသော်လည်း အရေအတွက် တိတိကျကျ မသိရသေးပေ။
မေးမြန်းခဲ့သူများအနက် ဒေသခံ ၃ ဦးကလည်း လျှော်ဖြူရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မူးယစ်သောက်စားကာ အချင်းချင်းစကားများပြီး ရွာအတွင်း လှည့်လည်ပစ်ခတ်ခဲ့ရာမှ ကျေးရွာအစွန်တွင် နေထိုင်သည့် အဆိုပါမိသားစုအိမ်ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အသီးသီးပြောသည်။
ဒေသခံအမျိုးသားတစ်ဦးကလည်း ကျေးရွာစာသင်ကျောင်းအတွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ရက် ၂၀ လျှင် တစ်ဖွဲ့ပြောင်းလေ့ရှိပြီး ညစဉ် ရွာအတွင်း ကင်းလှည့်လေ့ရှိသော်လည်း ယခင်က လာစောင့်သည့်အဖွဲ့များက ထိုသို့ပစ်ခတ်မှုမရှိကြောင်း ပြောသည်။
“ဒီအဖွဲ့က ပြောင်းလာတာ နှစ်ရက်လောက်ပဲ ရှိသေးတယ်။ ပြောင်းလာပြီး အခုလိုဖြစ်တာပဲ” ဟု ၎င်းက ဆိုသည်။
ပစ်ခတ်မှုနှင့် ပတ်သက်၍ ယမန်နေ့ညက လျှော်ဖြူရွာတွင် မည်သည့် PDF တပ်ဖွဲ့မှ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း နွားထိုးကြီးမြို့နယ် PDF က ပြောသည်။
လက်ရှိတွင် မြင်းခြံမြို့ဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းရွာတွင် ထပ်တိုးတပ်စွဲထားလိုက်သောကြောင့် တိမ်းရှောင်နေသူများ ရွာသို့ မပြန်ရဲသလို ရွာအတွင်းရှိနေသူများလည်း ထွက်ခွာ၍ မရတော့ကြောင်း သိရသည်။
စစ်ကောင်စီပြန်ကြားရေးဌာန အွန်လိုင်းစာမျက်နှာတွင် ဖော်ပြကြေညာထားသော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၏ တယ်လီဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။
လျှော်ဖြူရွာစွန်ရှိ Mytel တာဝါတိုင်အနီးနှင့် ကျေးရွာစာသင်ကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည်မှာ ကာလအတန်ကြာရှိပြီဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က တာဝါတိုင်ဘက်သို့ ချဉ်းကပ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များနှင့် ထိပ်တိုက်တိုးခဲ့သော်လည်း PDF များ လွတ်မြောက်သွားခဲ့ကြောင်း ရွာခံများထံမှ သိရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p