သတင်း

ကျိုက်ထိုမှ ဓားစာခံ ရပ်ကျေးအုပ်ချုပ်ရေးရုံးစာရေး ဒဏ်ရာများဖြင့် သေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဘိုက္ကားရွာ အုပ်ချုပ်ရေးမှူးရုံးစာရေးကို စစ်သားများက ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် ငါးရက်အကြာ ယမန်နေ့(စက်တင်ဘာ ၁၆)တွင် ကျိုက်ထိုဆေးရုံ၌ အလောင်းလာထုတ်ရန် မြို့ပေါ်ရှိ ရပ်ကွက်ရုံးတစ်ရုံးမှတစ်ဆင့် အကြောင်းကြားခဲ့ကြောင်း မိသားစုဝင်သုံးဦးက အတည်ပြုသည်။

ထိုရုံးတွင် ရုံးစာရေးအဖြစ် ၂၂ နှစ်ကြာ တာဝန်ထမ်းခဲ့ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် မပါဝင်သော အသက် ၄၄ နှစ်အရွယ် ဦးရန်နိုင်ဦးကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရကြောင်း၊ ဇနီးသည် ဒေါ်သီတာအေးမှာ ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အလုပ်အမှုဆောင်တစ်ဦးဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“သူ့ဟာသူ အေးဆေးနေတာ။ ဆေးရုံကို သေပြီးမှ လာပစ်ထားတာ ဟုတ်မှာပေါ့။ နည်းနည်းတောင် အနံ့ထွက်နေပြီ။ သေပြီး တစ်ရက်လောက်နေမှ လာထားတာနေမှာပေါ့။ ကျွန်မတို့ကတော့ ကျွန်မတို့လူတစ်ယောက်သေထားတော့ ဘာမှလည်း မကြားချင်လို့ (ဘာအကျိုးအကြောင်းမှ) မမေးခဲ့ဘူး”ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

ဦးရန်နိုင်ဦး၏ ရုပ်အလောင်းကို ကျိုက်ထိုဆေးရုံက ကိုဗစ်အကြောင်းပြချက်ဖြင့် စေ့စပ်စွာ ကြည့်ခွင့်မပြု၊ ဓာတ်ပုံရိုက်ခွင့်မပြုခဲ့ကြောင်း၊ ရင်ခွဲရုံ၌ ခေတ္တပြချိန်တွင် ဒဏ်ရာအချို့ရှိနေသည်ကို သတိထားမိကြောင်း၊ ဖမ်းဆီးခံရချိန်တွင် ရောဂါအခံမရှိကြောင်း၊ ရုပ်အလောင်းကို ကျေးရွာသုသာန်၌ပင် နေ့တွင်းချင်း မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“သေချာတော့ပေးမကြည့်ဘူး။ ရင်ခွဲရုံမှာ တွေ့ရတာကတော့ လက်နဲ့ လည်ပင်းမှာ အညိုအမည်းတွေနဲ့။ တစ်ထွာလောက်ရှိတယ်”ဟု အထက်ပါ မိသားစုဝင် အမျိုးသမီးက ပြောသည်။

ဦးရန်နိုင်ဦးကို မည်သည့်နေရာသို့ ဖမ်းခေါ်သွားသည်ကို အတိအကျအတည်မပြုနိုင်သော်လည်း ကျိုက်ထိုမြို့ရှိ စစ်တပ်သတင်းရင်းမြစ်တစ်ဦး၏ ပြောပြချက်အရ စက်တင်ဘာ ၁၅ ရက်ကတည်းက သေဆုံးခဲ့ကြောင်း၊ မေးရိုးများ ကျိုးနေကြောင်း၊ ခန္ဓာကိုယ်ကို ရေနွေးပူဖြင့် လောင်းခံထားရသည့် ဒဏ်ရာများရှိကြောင်း သိရသည်ဟု မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။

ကျိုက်ထိုမြို့မြောက်ဘက် ၄ မိုင်အကွာရှိ ဘိုက္ကားရွာအတွင်း စက်တင်ဘာ ၁၂ မွန်းလွဲ ၁ နာရီခန့် ဖမ်းဆီးခံရချိန်တွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးထွန်းလင်းဆိုသူပါ ပါဝင်ခဲ့သော်လည်း ၎င်းမှာ ညနေပိုင်းတွင် ပြန်လွတ်လာသည်ဟု မိသားစုဝင်များထံမှ သိရသည်။ ဦးထွန်းလင်းနှင့်မူ အဆက်အသွယ်မရသေးပါ။

ဦးရန်နိုင်ဦးကို ဖမ်းဆီးပြီးချိန်တွင် ဘိုက္ကားရွာနေအိမ်သို့ စစ်သား ၁၀ ယောက်ကျော် ရောက်လာပြီး ဇနီးဖြစ်သူ ဒေါ်သီတာအေးကို ရှာဖွေခဲ့သေးသည်ဟု ကာယကံရှင်က ပြောသည်။

“ကျွန်မ အမျိုးသားကို ရိုက်နှက်ပြီးဖမ်းသွားပြီ။ ဖုန်းရတဲ့အချိန်မှာပဲ ကျွန်မလည်း ရှောင်လိုက်တယ်။ နောက်တော့ ကျွန်မအိမ်ကို လာဝိုင်းတယ်။ … (ဦးထွန်းလင်း) သူ့ဆီက ကြားတာက ရိုက်ဖမ်းသွားတဲ့ အချိန်ကတည်းက သွားတွေ ကျွတ်သွားတယ်တဲ့။ နောက်ရက်တွေမှာ သတင်းစုံစမ်းမရဘူး။ ၅ ရက်မြောက်နေ့မှာ သူဆုံးပြီလို့ သတင်းရတယ်”ဟု ဒေါ်သီတာအေးက ပြောသည်။

စစ်သားများ နေအိမ်သို့ ရောက်လာစဉ် အိမ်ကို နိုင်ငံပိုင်သိမ်းမည်ဟု အော်ဟစ်ကြိမ်းမောင်းပြီးနောက် ပရိဘောဂများနှင့် မျက်နှာကြက်ကိုပါ မချန် ရိုက်ချိုးဖျက်ဆီးသွားသည်ဟု ဖြစ်စဉ်အတွင်း နေအိမ်၌ ရှိနေသည့် ဒေါ်သီတာအေး၏ မောင်ဖြစ်သူ ကိုအောင်အောင်က ပြောသည်။

“သူတို့ သေနတ်တွေ မောင်တင်းပြီး ဝင်လာတာက ၁၀ ယောက်လောက်ရှိတယ်။ အရက်စော်လည်း နံတယ်။ ကျွန်တော့်အစ်မကို ရှာပေး။ ည ၈ နာရီမှာ လာအပ်ရင် မင်းယောက်ဖကို ပြန်လွှတ်မယ်လို့ ပြောတယ်။ အစ်မက NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်ဖြစ်တော့ သူတို့ အဓိကဖမ်းချင်တာ။ အစ်မကို မမိတဲ့အတွက်ကြောင့် မိတဲ့သူကို ဖမ်းရိုက်နှက်ပြီး သတ်ပစ်တာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက အလိုရှိသူကို မမိ၍ မိသားစုဝင်များထဲမှ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများပါမချန် ဓားစာခံအဖြစ် ဖမ်းသွားတတ်သည်။ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၁၀၀၀ ကျော် ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မှတ်တမ်းတင်ထားသည်။

ဦးရန်နိုင်ဦးသေဆုံးသည့် ကိစ္စနှင့် စပ်လျဉ်း၍ ဒေသဆိုင်ရာ စစ်ကောင်စီတာဝန်ရှိသူများထံ မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရခဲ့ပါ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button