အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ဆန္ဒပြသူတို့ကို ရဲတပ်ဖွဲ့တားမြစ်

(ရန်ကုန်) –လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမည့် ကယားပြည်နယ်အစိုးရ၏ အစီအစဉ်ကို ဇူလိုင် ၃ ရက်နေ့က ချီတက်ဆန္ဒပြကြရာ ရဲက အင်အားသုံး တားမြစ်လိုက်သည်။
လူအင်အား ၁,ဝဝဝ ခန့်   ဆန္ဒပြရေးမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ဟု သိရသည်။

ဆန္ဒဖော်ထုတ်မည့် အစီအစဉ်ကို ရဲတပ်ဖွဲ့သို့ တင်ပြ အကြောင်းကြားသော်လည်း ခွင့်ပြုချက်ပေးရန် ငြင်းဆန်ခံရသည်ဟု ဆိုသည်။

ဆန္ဒပြသူများ ပြည်နယ်လွှတ်တော်အနီး ဟစ်တိုင်ကွင်းသို့ ချီတက်စဉ် ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ခွန်းဖိလစ်နှင့် အခြား တစ်ဦးကို  ရဲတပ်ဖွဲ့က ခေတ္တ ဖမ်းဆီး ထိန်းသိမ်းခဲ့သည် ဟု ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကိုဒီးဒီက ပြောသည်။

“သူ(ရဲတပ်ဖွဲ့)တို့ ဖမ်းထားတာကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ သူတို့လွှတ်ပေးမှ ကျွန်တော်တို့ လူစုခွဲလိုက်တယ်။ လူတွေကလည်း သွေးဆူနေတယ်။ ပြဿနာကြီးကြီး မားမား ဖြစ်မှာစိုးလို့ ဆက်မပြတော့ဘူး “ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆန္ဒဖော်ထုတ်မည့် အစီအစဉ်သည် မအောင်မြင်ဘဲ နေ့လယ် ၂ နာရီကျော်ခန့်တွင် လူစုခွဲလိုက်ရသည်ဟု ကိုဒီးဒီက ဆက်ပြောသည်။

ကန့်ကွက်ရခြင်းအကြောင်း

ကျပ်သိန်း ၅ဝဝ နီးပါး ကုန်ကျမည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမအနီး ထားရှိရန် ပြည်နယ်အစိုးရ၏ ဖေဖော်ဝါရီလ အစောပိုင်းက ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ဒေသခံ လူမှုအဖွဲ့အစည်းများက အစိုးရထံ အိတ်ဖွင့်စာ ပေးပို့ပြီးနောက် ရုပ်တုစိုက်ထူမည့်အစီအစဉ်ကို ကန့်ကွက်ကြောင်း အသိပေးချက် စာရွက်များ လည်း ပြည်သူ လူထုကြား ဝေငှခဲ့သည်။

ကရင်နီပြည်သမိုင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ကြေးရုပ်တု စိုက်ထူခြင်းကို ကန့်ကွက်မှု စသည့် အကြောင်းအရာများကို ဟောပြော  ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့လေးစားတယ်။ စိတ်ဓာတ်ပိုင်း ကြိုက်တယ်။ ဒါပေမယ့် ကယားပြည်နဲ့ တိုက်ရိုက် သက်ဆိုင်မှု မရှိလို့ ကန့်ကွက်တာ။ ဆက်လုပ်နေရင် ကန့်ကွက် သွားမယ် “ဟု ခွန်သောမတ်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ်တွင် ကယားပြည်နယ် (ထိုစဉ်ကကရင်နီပြည်) သို့ တစ်ကြိမ်သာ လာရောက်ဖူးပြီး ထိုခရီးစဉ်သည် ဗြိတိသျှတို့ထံမှ ပြည်မနှင့်အတူ လွတ်လပ်ရေး ရယူရန် လာရောက် စည်းရုံးသည့် ခရီးစဉ်သာဖြစ်ကြောင်း ကန့်ကွက်သူများက အစိုးရထံပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်း လာရောက်စည်းရုံးစဉ်က ပြောကြားခဲ့သော တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ လက်တွေ့ကျသော အာမခံချက်များကို နောက်ပိုင်းခေါင်းဆောင်များက မလိုက်နာခဲ့ဘဲ ဗိုလ်ချုပ်ရုပ်တုထားရှိခြင်းသည် တိုင်းရင်းသားများအကြား ပိုမိုရှုပ်ထွေးသည့်အခြေအနေသို့ ဦးတည်စေနိုင်ကြောင်း အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

ဇွတ်အတင်း စိုက်ထူထားရှိမည်ဆိုပါက ပြင်းထန်သော လူထုလှုပ်ရှားမှုနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး လက်ရှိအစိုးရကို လူထု ဆန့်ကျင်မှု ပိုမို ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်း များက သတိပေးထားသည်။

ဗမာ ဘုရင်ကိုယ်စားလှယ်နှင့် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးခဲ့သော ၁၈၇၅ ခုနှစ် မှတ်တမ်း အရ  အဆိုပါဒေသသည် သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာ တည်ရှိကြောင်း ပေါ်လွင်သည်ဟု ၎င်းတို့က အိတ်ဖွင့်ပေးစာတွင် ကိုးကားဖော်ပြခဲ့ကြသည်။

ကရင်နီပြည် ဟုခေါ်ဝေါ်ခဲ့ဖူးသည့် မြန်မာနိုင်ငံအရှေ့ပိုင်း ယခုရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ကြား ဒေသကို လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ‘ကရင်နီပြည်နယ်’ ဟု သတ်မှတ်ခဲ့ပြီး ကရင်ပြည်နယ် အတွင်း ထည့်သွင်းခဲ့သည်။ ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ ပုဒ်မ (၈) အရ ‘ကယားပြည်နယ်’ အမည်ဖြင့် သီးခြားပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button