သတင်း

ပေါက်ဒေသခံ ပြောက်ကျားအဖွဲ့၏ ငွေကိုင်အမျိုးသမီးကို စစ်ကောင်စီ ပစ်သတ်

မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့၏ ငွေကိုင် အသက် ၄၂ နှစ်အရွယ် ဒေါ်စန္ဒာဝင်းကို ယမန်နေ့ (စက်တင်ဘာ၁၄) ညပိုင်းတွင် စစ်ကောင်စီက ပစ်သတ်ခဲ့သည်။

ပေါက်မြို့နယ် တောင်ဘက်ရွာသို့ ယမန်နေ့ည သန်းခေါင်ယံတွင် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ရောက်လာပြီး ဒေါ်စန္ဒာဝင်းကို ငွေကျပ် သိန်း ၁၈၀ နှင့်အတူ ဖမ်းခေါ်ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ 

“မျက်နှာတစ်ခုလုံးပျက်စီးသွားတယ်။ ဦးနှောက်ပွင့်သွားတာပေါ့ဗျာ။ … ဦးနှောက်ကတော့ ခေါင်းမှာ ကပ်နေတယ်။ ပြုတ်ကျမသွားဘူး။ ပစ်တဲ့နေရာမှာ သွေးအိုင်ကွက်ကျန်တယ်။ (နတ်ပွဲတင်တဲ့) ဇလုံတစ်လုံစာလောက် ရှိတယ်”ဟု ဒေါ်စန္ဒာဝင်း၏ ရုပ်အလောင်းကို ဝိုင်းဝန်းရှာဖွေရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

ဒေါ်စန္ဒာဝင်းကို ဖမ်းခေါ်သွားပြီး တစ်နာရီခန့်အကြာ၌ ကျေးရွာနှင့် မနီးမဝေးမှ သေနတ်သံတစ်ချက် ကြားရသဖြင့် ယနေ့(စက်တင်ဘာ ၁၅) နံနက်အစောပိုင်းမှစ၍ ဒေသခံ ၂၀ ဦးခန့်ဖြင့် လိုက်လံရှာဖွေရာ ၉ နာရီတွင် တောင်ဘက်ရွာမှ တစ်ဖာလုံခန့်အကွာရှိ ချိုင့်ဝှမ်းတစ်ခုအတွင်း ရုပ်အလောင်းကို ရှာဖွေတွေ့ခဲ့သည်ဟု အထက်ပါ ရွာသားက ပြောသည်။

ရုပ်အလောင်းတွေ့ရာ အနီးရှိ ကုန်းမြင့်ပေါ်တွင် ၆ ပေခန့်ရှည်သည့် သွေးစီးကြောင်းတစ်ခုတွေ့ရသဖြင့် ထိုနေရာတွင် သေနတ်ဖြင့် ပစ်သတ်ကာ ချိုင့်ဝှမ်းအတွင်း ပစ်ထားခဲ့သည်ဟု ယူဆရကြောင်း၊ နောက်စေ့ ကျည်ဆန်ထိမှန်သဖြင့် ဦးခေါင်းပွင့်ထွက်သေဆုံးရခြင်းဖြစ်ကြောင်း၊ ခန္ဓာကိုယ်တွင် အခြားဒဏ်ရာမတွေ့ရသလို အဝတ်အစားပင် ပုံပျက်ပန်းပျက်ဖြစ်မနေကြောင်း ၎င်းက ဆက်ပြောသည်။

ပေါက်မြို့နယ်တောင်ပိုင်း ကိုင်လယ်ရဲစခန်း၏ တောင်ဘက် နှစ်မိုင်အကွာရှိ တောင်ဘက်ရွာသို့ ယမန်နေ့ ညက စစ်ကောင်စီတပ်ဖွဲ့ သေနတ်နှစ်ချက် ပစ်ဖောက်ဝင်လာချိန်တွင် ရန်ပုံငွေ ကျပ် သိန်း ၁၈၀ ကို ယူ၍ ထွက်ပြေးရန် ဒေါ်စန္ဒာဝင်းက ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဟု မျက်မြင်သက်သေနှစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ပြောက်ကျားအဖွဲ့ခေါင်းဆောင်က ပြောသည်။

“သူက ပိုက်ဆံယူပြီး ခုန်ချပြေးသေးတယ်။ ပိုက်ဆံက တို့ရန်ပုံငွေပေါ့ကွာ။ အဲဒါကို မလွတ်လိုက်ဘဲ မိသွားပြီး ခဏလောက်ကြာတော့ မြောက်ကုန်း(ရွာမြောက်ဘက်က ကုန်း) ပေါ်မှာ  သတ်ခံရတာ။ … သူက တို့ရန်ပုံငွေတွေယူပြီး ထွက်ပြေးမယ်လုပ်တာ။ မလွတ်လိုက်တော့ အသတ်ခံရတာ။ ငွေတွေလည်း ယူသွားမှာပေါ့”ဟု ၎င်းက ဆိုသည်။

ဒေါ်စန္ဒာဝင်းသည် ပေါက်မြို့နယ်တောင်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများတွင် ဦးဆောင်သူတစ်ဦးဖြစ်ပြီး ၎င်းတို့အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးနေသူဖြစ်ကြောင်း ပေါက်မြို့နယ်၊ ပြောက်ကျားအဖွဲ့ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးရသူ ဒေါ်စန္ဒာဝင်းတွင် အခြေခံပညာ အဋ္ဌမတန်းတက်နေသူ၊ ၁၀ နှစ်အရွယ် သားနှစ်ဦးနှင့် ခင်ပွန်းသည်တို့ ကျန်ရစ်သည်ဟု သိရသော်လည်း မိသားစုနှင့် အဆက်အသွယ်မရသေးပါ။

ဒေါ်စန္ဒာဝင်း၏ ရုပ်အလောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က တောင်ဘက်ရွာသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

လူဦးရေ ၁၀၀၀ ကျော်ရှိသည့် တောင်ဘက်ရွာသည် စက်တင်ဘာ ၂ ရက်နေ့က စစ်ကောင်စီတပ်များ လာရောက်တပ်စွဲကာ အိမ်ခြေ ၁၀၀ ကျော်ကို ဖျက်ဆီးမွှေနှောက်ခဲ့ဖူးသည်။ ထိုစဉ်ကတည်းက ရွာသား ၅၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းများကဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် အသက်သေသည်အထိ ပစ်ခတ်ဖြိုခွင်းနေသော စစ်တပ်ကို ရရာလက်နက်ဖြင့် ခုခံနေသည့် မကွေးတိုင်းအတွင်းရှိ မြို့ရွာများအနက် ပေါက်မြို့နယ်လည်း ပါဝင်သည်။

ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီက ပစ်မှတ်ထား ဖိနှိပ်မှုများရှိခဲ့သည့်နည်းတူ ကင်းမရွာကို စစ်ကောင်စီတပ်က ဇွန်လတွင် တစ်ကြိမ်၊ ယခုလဆန်းပိုင်းတွင် တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ကင်းမနှင့် ငါးမိုင်ခန့်အကွာ ဝန်ခြုံးကျေးရွာရှိ နေအိမ်အချို့ကိုလည်း ဩဂုတ်လအတွင်း မီးရှို့ခဲ့သည်။ 

ပေါက်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် ဒေါ်စန္ဒာဝင်းအပါအဝင် အရပ်သား ၉ ဦး၊ ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး အသတ်ဆုံးခဲ့ရပြီးဖြစ်ကြောင်း ဒေသခံ ပြောက်ကျားအဖွဲ့ခေါင်းဆောင်က ပြောသည်။

အထက်ပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button