သတင်း

ရန်ကုန်ရှိ ဟိုတယ်အလုံး ၂၀၀ ကျော် ပိတ်သိမ်းထားရ 

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ရန်ကုန်ရှိ ဟိုတယ် ၄၈၃ ခုအနက် ၂၂၅ ခုပိတ်သိမ်းထားရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။

ရန်ကုန်ရှိ ဟိုတယ်ထက်ဝက်ခန့် ပိတ်သိမ်းထားရခြင်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် ယာယီသာဖြစ်ကြောင်း စစ်ကောင်စီ၏ ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးညိုအေးက ဆိုပြီး အာဏာသိမ်းမှုကိုမူ ၎င်းက ညွှန်းဆိုခြင်း မရှိပေ။

“Operation Cost (လုပ်ငန်းလည်ပတ်မှုစရိတ်) က များပြီး ဧည့်သည်မလာတော့ သူတို့ခဏနားလိုက်တဲ့ သဘော၊ ပိတ်တဲ့သဘောပေါ့။ ထက်ဝက်နီးပါးပေါ့။ မကိုက်လို့ပိတ်တာပေါ့။ ဧည့်သည်ပြန်ရရင် ပြန်ဖွင့်မှာပါပဲ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ဝန်ထမ်းများလျှော့ချကာ အသုံးစရိတ်အနည်းဆုံးဖြင့် လည်ပတ်ခြင်း၊ ပြည်ပမှ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လာသူများကို အသွားအလာကန့်သတ်နေထိုင်ရန် ဝန်ဆောင်မှုပေးခြင်း နည်းလမ်းနှစ်ခုဖြင့် ဟိုတယ်များ ရပ်တည်နေကြောင်းလည်း ဦးညိုအေးက ပြောသည်။

ကိုဗစ်နှင့် အာဏာသိမ်းမှုမည်သော နှစ်ထပ်ကွမ်းဘေးဆိုးကြောင့် ခရီးသွားဧည့်သည် ကင်းမဲ့နေသဖြင့် ပိတ်ထားရသည့် ဟိုတယ် ၉၀ ရာခိုင်နှုန်းရှိကာ ဖွင့်ထားသည့် ဟိုတယ်များမှာလည်း ရပ်တည်ရန် ခက်ခဲနေသည်ဟု ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။ 

ပိတ်သိမ်းထားရသော ရန်ကုန်ရှိ ဟိုတယ်များအနက် ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးများလည်းပါဝင်ပြီး ရန်ကုန်မြို့လယ်ရှိ အထင်ကရ ဆူးလေရှန်ဂရီလာဟိုတယ်သည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် ကတည်းက ပိတ်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဆီဒိုးနားဟိုတယ်ကို တွေ့ရစဉ် (ဓာတ်ပုံ – Myanmar Now)

ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဆီဒိုးနားဟိုတယ်မှာ ဖွင့်လှစ်ထားသော်လည်း ဧည့်သည်တည်းခိုရန်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုများ ရပ်နားထားသည်ဟု သိရသည်။ 

ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ဝင်ရောက်မှု ပိတ်လိုက်သည့် ပြီးခဲ့သည့်နှစ် မတ်မှစ၍ ပြည်ပခရီးသည်ဝင်ရောက်မှု အကန့်အသတ်ဖြစ်ခဲ့ရာ မှန်းဆမရသော အခြေအနေကြောင့် ဟိုတယ်ရပ်တည်ရန် လုပ်ငန်းလည်ပတ်မှုစရိတ် လျှော့ချလာရသည်။ 

ရက်ရှည်တည်းခိုသူ၊ ပြည်တွင်းဧည့်သည်နှင့် ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လာသူအချို့ကို ဝန်ဆောင်မှုပေးနေသော်လည်း အကျိုးအမြတ် လုံးဝမရှိကြောင်း ရန်ကုန်မြို့ရှိ ထိပ်တန်းဟိုတယ်တစ်ခုဖြစ်သော ချက်ထရီယံဟိုတယ်၏ အထွေထွေမန်နေဂျာ ဒေါ်မေမြတ်မွန်ဝင်းက Myanmar Now ကို ပြောသည်။

“လုံးဝကို အကျိုးအမြတ် မရှိဘူး။ မရှိသော်လည်းပဲ ကျွန်မတို့က ဆက်ပြီးတော့ လက်မလျှော့ချင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတယ်တစ်လုံးက Community (လူ့အသိုင်းအဝိုင်း) ကို ကောင်းသော အကျိုးပေးနိုင်တယ်လို့ ယုံကြည်တယ်။ အဲ့ဒီအတွက်လည်းကြိုးစားပြီး ဆက်လည်ပတ်နေပါမယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်သည် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်ဖြစ်၍  နိုင်ငံခြားသားဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ တည်းခိုမှုရှိနိုင်သေးသော်လည်း ကမ္ဘာလှည့်ခရီးသွားများကို ပစ်မှတ်ထားသည့် ပုဂံနှင့် အင်းလေးရှိ ဟိုတယ်များတွင် အခြေအနေပိုဆိုးကြောင်းလည်း ဒေါ်မေမြတ်မွန်ဝင်းက ဆိုသည်။

ဟိုတယ်လုပ်ငန်းမှာ ကပ်ဘေးကြောင့် လုပ်ငန်းရပ်သည်အထိ ထိခိုက်ခဲ့ရပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အခြားစီးပွားရေးလုပ်ငန်းများနည်းတူ သက်ရောက်မှုရှိကြောင်းလည်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ ပြည်လမ်း ၆ မိုင်ခွဲ၊ အင်ယားကန်စောင်းရှိ Lotte ဟိုတယ်မှာ ဖွင့်လှစ်ထားသော်လည်း ပြင်ပဧည့်သည်ထက် ဟိုတယ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းများကိုသာ အဓိကဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးက ဇူလိုင်းလအတွင်း ပြောကြားထားသည်။ 

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အော်ပရေတာဖြစ်သူ တောင်ကိုရီးယားရေနံကုမ္ပဏီ Posco က တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သော Lotte ဟိုတယ်တွင် ထိုရေနံကုမ္ပဏီဝန်ထမ်းများ အသွားအလာကန့်သတ်နေထိုင်ရန်နှင့် ကိုဗစ်ပိုးစစ်ဆေးရန် အသုံးပြုနေခြင်းဖြစ်ကြောင်း အဆိုပါဝန်ထမ်းက ဆိုသည်။ 

၂၀၂၂ တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ခရီးသွားလုပ်ငန်းပြန်စနိုင်မည်ဟု ခန့်မှန်းထားရာ နိုင်ငံတကကာ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း၊ ကန့်သတ်ချက်များဖြေလျှော့ခြင်းများ စတင်နေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်မှု ဖြစ်ပေါ်နေသည်။

နိုင်ငံတကာ၌ ခရီးသွားလုပ်ငန်းပြန်စရန် မျှော်လင့်ချက်များ ရှိနေသော်လည်း မြန်မာနိုင်ငံ၌မူ နိုင်ငံရေးအပြောင်းအလဲနှင့်အတူ လုံခြုံရေးဆိုင်ရာ ပြဿနာများရှိနေသဖြင့် ခရီးသွားကဏ္ဍအနေဖြင့် အာဆီယံ ၁၀ နိုင်ငံတွင် နောက်ဆုံးအဆင့်သာရှိနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“လက်ရှိမြန်မာနိုင်ငံအခြေအနေက ခရီးသွားလုပ်ငန်းက ဘာဖြစ်နေလဲဆို‌တော့ ကျွန်တော်တို့ ပြည်တွင်းမှာ ရှိတဲ့ လုပ်ငန်းရှင်တွေအတွက် မျှော်လင့်ချက်မဲ့တယ်။ ဒါပွင့်ပွင့်လင်းလင်းပြောတာ။ ဘယ်အချိန်မှာမှ ဒီပြဿနာတွေက ပြီးမယ်လို့ မမျှော်မှန်းနိုင်ဘူး။ မခန့်မှန်းနိုင်ဘူး” ဟု ၎င်း ပြောသည်။

ခရီးသွားကဏ္ဍတွင် ခရီးသွားလုပ်ငန်း၊ ဧည့်လမ်းညွှန်၊ ဟိုတယ်၊ သယ်ယူပို့ဆောင်ရေး၊ စားသောက်ဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်အထိ ဆက်နွှယ်နေပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ ဘီလျံနီးပါး ဝင်ငွေရှိသည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း ၎င်းက ဆိုသည်။

ထိုဝင်ငွေများ စီးဆင်းမှုမရှိတော့သည့်အပြင် လုပ်ငန်းများပါ ရပ်ဆိုင်းနေပြီး ရန်ကုန်ရှိ ခရီးသွားလုပ်ငန်း ၃,၀၀၀ အနက် ၇ ခုသာ ဖွင့်လှစ်ထားကြောင်း စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ခရီးသွားလုပ်ငန်း သိသိသာသာ အထိနာလျက်ရှိသော်လည်း စစ်ကောင်စီကမူ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်ဆိုသော ခေါင်းစဉ်ဖြင့် ညှိနှိုင်းဆွေးနွေးပွဲများပြုလုပ်နေကြောင်း မကြာခဏ သတင်းထုတ်ပြန်လေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၉ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ၈၁ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ဇွန်လကုန်ပိုင်းက ပြုလုပ်ခဲ့သော အစည်းအဝေးတွင် စစ်ကောင်စီဒုက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

ယမန်နေ့ (စက်တင်ဘာ ၁၄) က ပြုလုပ်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဆက်စပ်အစည်းအဝေးများကို စစ်ကောင်စီက အသစ်ခန့်အပ်ထားသည့် ဟိုတယ်ခရီးဝန်ကြီး ဦးဌေးအောင်တက်ရောက်ခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရေးဆွဲခဲ့သော ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသော လုပ်ငန်းများ ပြန်လည်ထူထောင်ရေးအစီအစဉ် (Myanmar Economic Recovery Plan) အား ကိုးကားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ဟိုတယ်ခရီးဝန်ကြီးအဖြစ် မူလခန့်အပ်ထားသည့်​ ဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မောင်အုန်းအစား ယခင်စစ်အစိုးရလက်ထက်က ဟိုတယ်ခရီးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သူ ဦးဌေးအောင်ကို ဩဂုတ်လအတွင်း အစားထိုးခန့်အပ်ခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button