အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီကိုယ်စားလှယ် ကုလညီလာခံတွင် မပါဝင်ရန် အမေရိကန်နှင့် တရုတ် သဘောတူခဲ့

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်သည့် ကိုယ်စားလှယ်ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါဝင်ခွင့်မပြုရန် ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့ကြား သဘောတူညီမှုရရှိထားကြောင်း သံတမန်သတင်းရင်းမြစ်များကို ကိုးကားပြီး အမေရိကန်အခြေစိုက် Foreign Policy မဂ္ဂဇင်း၏ စက်တင်ဘာ ၁၃ ရက် သတင်းက ဆိုသည်။  

အဆိုပါသဘောတူညီမှုအတွက် နှစ်နိုင်ငံကြား သီတင်းပတ်အတော်ကြာ တိတ်တဆိတ်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အမေရိကန်နှင့် တရုတ်တို့က ဦးဆောင်ပြုလုပ်သည့် အဆိုပါညှိနှိုင်းမှုကို ဥရောပသမဂ္ဂ၊ အာဆီယံအပြင် ရုရှားနိုင်ငံကလည်း ထောက်ခံသည်ဟု သံတမန်အသိုင်းအဝိုင်းသတင်းရင်းမြစ်များကို ကိုးကားပြီး Foreign Policy က ဆိုသည်။

ယင်းသဘောတူညီမှုမှာ နယူးယောက်မြို့တွင် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ နှစ်စဉ်အစည်းအဝေး စတင်ကျင်းပမည့် ယနေ့ (စက်တင်ဘာ ၁၄) မတိုင်မီလေးတွင် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ 

ယင်းညီလာခံစတင်ချိန်တွင် အဖွဲ့ဝင်နိုင်ငံများက အဆိုပြုထားသည့် ကိုယ်စားလှယ်များကို ခွင့်ပြုပေးရေး မပေးရေး အရည်အချင်းစစ်မည့် အဖွဲ့ဝင် ၉ ဦးပါ ကော်မတီဖွဲ့စည်းကြောင်း ကြေညာမည်ဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်ချက်ပေးရမည့် နိုဝင်ဘာမတိုင်မီ စစ်တပ်အပေါ် အသာတကြည်ရှိသည့် နိုင်ငံတစ်ခုက ယင်းကော်မတီကို အရေးဆိုလာနိုင်ဖွယ်ရှိမည်ကို အမေရိကန်နှင့် ဥရောပနိုင်ငံများက စိုးရိမ်နေကြသည်ဟုလည်း Foreign Policy က ရေးသားထားသည်။

မြန်မာနိုင်ငံ၏ ကုလကိုယ်စားလှယ်မည်သူဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို ဖြစ်နိုင်သမျှ နှောင့်နှေးထားပြီး လက်ရှိသံအမတ် ဦးကျော်မိုးထွန်းအနေဖြင့် သူ့နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး ယင်းအနောက်နိုင်ငံများက မျှော်လင့်နေကြသည်ဟုလည်း သဘောတူညီမှုတွင် ပါဝင်ခဲ့သည့် သံတမန်တစ်ဦးကို ကိုးကားပြီး Foreign Policy က ဆိုသည်။

ကုလ၏ အရည်အချင်းစစ်ကော်မတီသည် မြန်မာကိုယ်စားလှယ် မည်သူဖြစ်မည်ကိုလည်း စိစစ်ဆုံးဖြတ်ပေးမည်ဖြစ်ရာ စစ်ကောင်စီက ယင်းတို့ကိုသာ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ကြိုးစားအားထုတ်မှုကို အမေရိကန်နှင့် တရုတ် သဘောတူညီမှုက အနည်းဆုံး နိုဝင်ဘာလအထိ နှောင့်နှေးသွားစေနိုင်သည်ဟု ဆိုသည်။

အရည်အချင်းစစ်ကော်မတီကို ဆွီဒင်နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး အဖွဲ့ဝင်များမှာ ပါဝင်နေကျ အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ အမေရိကန်၊ ရုရှားတို့အပြင် ဘူတန်၊ ဘဟားမာစ်၊ ချီလီ၊ ဆီယာရာလီယွန်း၊ တောင်အာဖရိက တို့လည်း ပါဝင်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မည်သည့်နိုင်ငံက စကားပြောခွင့်ရမည်ဟူသည့် ရိုးစင်းသောအခြေအနေတစ်ခုသည် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်း သိမ်မွေ့နက်နဲသည့် သံတမန်ရေးရာ အားပြိုင်မှုတစ်ခု ဖြစ်နေသည် (UN Web TV/ Facebook)

သဘောတူညီမှုအရ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ကုလညီလာခံတွင် ပါဝင်နိုင်မှုမှ တားဆီးထားမည်ဖြစ်သော်လည်း လက်ရှိတာဝန်ထမ်းဆောင်ဆဲ မြန်မာနိုင်ငံ ကုလသံအမတ် ဦးကျော်မိုးထွန်းသည်လည်း ကုလညီလာခံတွင် စစ်ကောင်စီကို ဆန့်ကျင်ပြီး အရပ်သားအစိုးရကိုသာ ကိုယ်စားပြုမည်ဟု ကြွေးကြော်ခဲ့သကဲ့သို့ မပြုလုပ်ဘဲ တိတ်တဆိတ်သာ နေရမည်ဟု သိရသည်။ 

ညီလာခံတွင် မည်သည့်နိုင်ငံက စကားပြောခွင့်ရမည်ဟူသည့် ရိုးစင်းသောအခြေအနေတစ်ခုသည် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်း သိမ်မွေ့နက်နဲသည့် သံတမန်ရေးရာ အားပြိုင်မှုတစ်ခု ဖြစ်နေသည်။

ကုလညီလာခံကို တက်ရောက်မည်ဖြစ်သော်လည်း စကားပြောဖြစ်လိမ့်မည်မဟုတ်ဟု ဦးကျော်မိုးထွန်းက Foreign Policy ကို ဖုန်းအင်တာဗျူးတစ်ခုတွင် ပြောဆိုထားသော်လည်း ညီလာခံတွင် ဆွေးနွေးစကားပြောမည့် နိုင်ငံများစာရင်းတွင် သံတမန်ရေးရာရပ်တည်မှုတွင် မေးခွန်းထုတ်ခံနေရသည့် အာဖကန်နစ္စတန်၊ ဂီနီယာနှင့် မြောက်ကိုရီးယားနိုင်ငံတို့အလားတူ မြန်မာနိုင်ငံလည်း ပါဝင်နေသည်ဟု ဦးကျော်မိုးထွန်းက ဆိုသည်။ 

စစ်ကောင်စီက အဆိုပြုထားသည့် ဗိုလ်မှူးကြီးအောင်သူရိန်အစား အာဏာအသိမ်းခံလိုက်ရသည့် အရပ်သားခေါင်းဆောင်များ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံသူ လက်ရှိသံအမတ် ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂက လက်ခံအသိအမှတ်ပြုပေးရန် မြန်မာဆန္ဒပြပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများက ပြည်တွင်းပြည်ပတွင် တစ်ခဲနက်တောင်းဆိုနေကြသည်။ 

ထိုကဲ့သို့ သဘောတူညီမှုအခြေအနေနှင့် ပတ်သက်၍ NUG အစိုးရအဖွဲ့ဝင်များထံမှ မှတ်ချက်မရရှိသေးသကဲ့သို့ လူမှုကွန်ရက်စာမျက်နှာတွင်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာ မထုတ်ပြန်ထားသေးပါ။

နိုင်ငံတကာ သံတမန်ရေးရာစာမျက်နှာတွင် မြန်မာနိုင်ငံကို မည်သူက တရားဝင်ကိုယ်စားပြုခွင့်ရမည်ဟူသည့် အရေးမှာ လက်နက်အားကိုး အာဏာသိမ်းသည့် စစ်ကောင်စီနှင့် အရပ်သားကိုယ်စားပြု NUG အစိုးရတို့ ပြီးခဲ့သည့် လပေါင်းများစွာ အားထုတ်ပြင်ဆင်နေခဲ့သည့် ဦးတည်ချက်တစ်ခု ဖြစ်သည်။ 

အမေရိကန်နှင့် တရုတ်တို့ ဦးဆောင်ညှိနှိုင်းပြီး ရရှိခဲ့သည့် ဖော်ပြပါ သဘောတူညီမှုအရ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြီးခဲ့သည့် လပိုင်းများအတွင်း တရုတ်၏ ရပ်တည်မှုပြောင်းလဲလာပုံကို ပိုမိုထင်ရှားလာစေရုံမျှမက အင်အားကြီးပြိုင်ဘက် အမေရိကန်နှင့် တရုတ်သည်လည်း သံတမန်ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ ရှာဖွေနေသည်ကို ပေါ်လွင်စေသည်။

ကိုးကား- U.S. and China Reach Deal to Block Myanmar’s Junta From U.N (Foreign Policy)

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles