ဆောင်းပါးရုပ်ပုံလွှာ

အင်းစိန်ထောင်ထဲက ပထမဒေါ်ပြုံး

ရန်ကုန်မြို့နယ်တစ်ခုက ရပ်ကွက်ထဲ အဝတ်လိုက်လျှော်တဲ့ ဒေါ်ပြုံးက အချုပ်ခန်းထဲ၊ ထောင်ထဲ ဝင်ရလိမ့်မယ် ဆိုတာကို သူ့ဘဝမှာ စဉ်းစားခဲ့ဖူးသူ မဟုတ်ပါဘူး။ 

ပြီးခဲ့တဲ့ သင်္ကြန်အတွင်း အင်းစိန်ထောင်ကို အလုံးအရင်းနဲ့ ရောက်လာတဲ့ အာဏာသိမ်းမှုဆန့်ကျင်သူတွေ ကြားထဲမှာ ဒေါ်ပြုံးလည်း ပါဝင်လာပါတယ်။  

ဒေါ်ပြုံးက သူ့နာမည်ရင်း မဟုတ်ပါဘူး…  အပြုံးအရယ် နည်းပါးတဲ့အတွက် တစ်ယောက်ယောက်က သူ့ကို အဲဒီနာမည် ပေးထားတာပါ။ 

မုဆိုးမတစ်ဦးလည်းဖြစ်တဲ့ အသက် ၅၀ တန်းအရွယ်၊ စကားပြောသွက်သွက်၊ အသားညိုညိုနဲ့ ဒေါ်ပြုံးက သူ ဖမ်းဆီးခံရပုံကို ဘဝတူ ဖမ်းခံထားရတဲ့ သူတွေကို သံတိုင်တွေကို မှီထားရင်း ပြန်ပြောင်းပြောပြနေရဲ့။

“စျေးဝယ်နေတုန်း ကောင်လေးတစ်ယောက်က ဆိုင်ထဲ ပြေးဝင်သွားတာ။ အဲ့ဒါနဲ့ နင်ဘယ်က ပြန်လာတာလဲလို့ မေးလိုက်တာ မကြာဘူး၊ အိမ်ကိုလာပြီး ကျွန်မကို ဖမ်းသွားတာပဲ။ ဘာလို့ဖမ်းတာလဲ မေးတော့ စုံစမ်းမေးမြန်းလို့ တဲ့”

ညဘက်ရောက်လာတော့ အိမ်ပြန်ပို့ပေးဖို့သူတောင်းဆိုတော့  မနက်ကျရင် ပြန်ပို့မယ်လို့ သူ့ကို ရဲစခန်းတာဝန်ရှိသူက ပြောတယ်။ 

“သူတို့ထမင်းထုပ်တွေ လာပေးတယ်၊ ကျွန်မ မစားဘူး။  မနက်ဆိုပြန်ရပြီလေ” 

မနက်မိုးလင်းချိန်မှာတော့ သူမျှော်လင့်ထားသလို ဖြစ်မလာတော့ပါဘူး။  သူတို့ကို အချုပ်ကားပေါ်တင်လိုက်ချိန်မှာတော့ အင်းစိန်ထောင်ကို ပို့တော့မယ်ဆိုတာ သူသိလိုက်ပါပြီ။ 

မနက်ကျရင် အိမ်ကိုပြန်မယ်၊ ကလေးတွေနဲ့ တွေ့ရမယ်၊ ပုံမှန်အလုပ်ပြန်လုပ်ရမယ် ဆိုတဲ့ သူ့ရဲ့အိပ်မက်တွေ ရေစုန်မျောခဲ့ရပါပြီ။ 

“ကျွန်မက ခြေထောက်ကိုက်တတ်တော့ ဆားနဲ့ပွတ်ရတယ် ခြေထောက်တွေကို။ ဒါနဲ့ ခါးကြားမှာပါလာတဲ့ နောက်ဆုံးလက်ကျန်ငွေ ၃၀၀ ကို ထုတ်လိုက်ပြီး ဆားဝယ်ပေးဖို့ ရဲတစ်ယောက်ကို  ပေးလိုက်ပါတယ်”

အချုပ်ကား ရဲစခန်းထဲက မထွက်ခင် ငွေ ၃၀၀ ကို ရဲဆီက ပြန်တောင်းတာ ပြန်မရခဲ့သလို ဆားလည်း မရခဲ့ပါဘူး။ 

ညနေပိုင်းမှာတော့ အင်းစိန်ထောင်ထဲကို ဒေါ်ပြုံး ရောက်လာခဲ့ပါတယ်။

လက်လှုပ်မှ ပါးစပ်လှုပ်ရသူဖြစ်တဲ့အတွက် သူ့အိမ်မှာ ကျန်ခဲ့တဲ့ ဆယ်ကျော်သက် ကလေးနှစ်ယောက် စားရေးသောက်ရေးနဲ့ လုံခြုံရေးအတွက် စိတ်ပူတာကြောင့် အစောပိုင်းရက်တွေမှာ ငုတ်တုတ် မိုးလင်းခဲ့ရပြန်ပါတယ်။  

အရပ်တကာလှည့်ပြီး တစ်နေ့လုံးအဝတ်လျှော်ရင် ငါးထောင်ရတဲ့ ရံဖန်ရံခါ ကံကောင်းအကြောင်းလှရင် ရှစ်ထောင်အထိ ရတတ်တဲ့ ဒေါ်ပြုံး ထောင်ထဲရောက်လာတဲ့အတွက် သူ့အိမ် ဝင်ငွေရပေါက်ပိတ်သွားပါပြီ။ 

မိသားစုက အစားအစာ မပို့နိုင်တော့ သူဟာ ထောင်ကကျွေးတာကိုပဲ အားကိုးရသူပါ။ မနက်ဆိုရင် တန်းစီပြီးယူရတဲ့၊ ယင်ကောင်သေတချို့ ပေါလောပေါ်နေတတ်တဲ့ ပဲဟင်းတစ်ခွက်ကို လူတိုင်းခွဲတမ်းရတယ် ပိုယူလို့လဲရပါတယ်။

နှစ်ပတ်တစ်ခါ အိမ်ကပို့တဲ့ ထောင်ဝင်စာ ရနေသူတွေကတော့ ပဲဟင်းသွားတန်းစီစရာမလိုဘူးပေါ့။ ဒေါ်ပြုံးအတွက်တော့ ပဲဟင်းကိုပဲ အားကိုးနေရတာပါ။ ထောင်ဝင်စာလာသူတွေကတော့ ရက်ရှည်စားသောက်နိုင်အောင် ကြော်လှော်ထားတဲ့ ဟင်း၊ မုန့်ပဲသရေစာနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေဖြစ်တဲ့ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဒဏ်ကြေလိမ်းဆေး၊ သနပ်ခါး၊ အဝတ်အထည်တွေ ရနေကြတာပါ။ ထောင်က သတ်မှတ်ထားတဲ့ ဆေးဝါးတချို့ကို အကန့်အသတ်နဲ့ လက်ခံရရှိကြသလို လိုတာ ဝယ်ဖို့ ပိုက်ဆံသွင်းလို့လည်း ရပါတယ်။ ပိုက်ဆံသွင်းပြီးရင် စျေးဘားမှာ ရောင်းတဲ့ အစားအသောက်နဲ့ ပစ္စည်းတွေကို တရားဝင်ဝယ်ကြတာပါ။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ဖြစ်ပွားမှု၊ ကူးစက်ခံရမှု များပြားလာပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာ ဧည့်သည်တွေ့ခွင့် ပိတ်ထားရာကနေ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဆက်ပိတ်ထားပြီး ပစ္စည်း နှစ်ပတ်တစ်ခါ ပို့လို့ရပါတယ်။ 

ဒေါ်ပြုံးတို့လို အိမ်က မပို့နိုင်သူဆိုရင်တော့ ထောင်က ကျွေးသမျှကိုပဲ အားပြုရတာပါ။

ဒေါ်ပြုံးက သူ့ကို ဟင်းမျှဝေပေးသူတွေကို အဝတ်လျှော်ပေး၊ ထမင်းတန်းစီပြီး ယူပေး၊ နှိပ်နယ်ပေး အစရှိတဲ့ဝေယျာဝစ္စတွေ လုပ်ပေးပါတယ်။ သူ့ထမင်းပန်းကန်က ငါးခြောက်ကြော်၊ ဘာလချောင်ကြော်၊ ကြက်မွကြော်တွေနဲ့ စိုပြည်လာပါတယ်။ ဒီလို အကောင်းဆုံးဟင်းတွေကို သူစားသောက်နေရချိန်မှာ ကျန်နေခဲ့တဲ့ သူ့ကလေးတွေ ထမင်းရောစားရပါ့မလားလို့ သူတွေးပူပြီး မျက်ရည်တွေ ကျနေတတ်ပါတယ်။ နောက်ပိုင်းတော့ သူလည်း ကျန်းမာရေးမကောင်းတာကြောင့် ဝေယျာဝစ္စတွေ မလုပ်ပေးနိုင်တော့ပါဘူး။ အရင်ကလိုပဲ ထမင်းဝိုင်းက ပြန်လည် ‌ခြောက်ကပ်ကပ်ဖြစ်လို့သာနေပါတယ်။ ကော်ဖီမစ်ထုပ်နဲ့ မုန့်ထုပ်လေးတွေလည်း အရနည်းသွားပါတယ်။

“ကိုယ့်မှာ ထောင်ဝင်စာမလာတော့ စားစရာက မရှိဘူး၊ သူများဆီက တောင်းစားတယ်၊ နေ့တိုင်းသွားသွားတောင်းတော့ ဘယ်ကောင်းပါ့မလဲ” လို့ သူက ပြောတတ်ပါတယ်။ 

ဒေါ်ပြုံးက သူ့မှာရှိတဲ့စားစရာ အသုံးအဆောင်တွေနဲ့ အနေအထိုင် ရောင့်ရဲတတ်သူပါ။ နေမကောင်းတဲ့နေ့တွေ ထောင်ဆေးရုံကို သူသွားပြရင် အကိုက်အခဲပျောက်ဆေးတချို့ ရလာပါတယ်။ ထောင်ဆေးရုံကပေးတဲ့ အကိုက်အခဲပျောက်ဆေးတွေက အစက်အပြောက်တွေပါတဲ့အပြင် အဝါရောင်လည်း သန်းနေပါတယ်။ လူတိုင်း ဆေးရုံကို သွားရင် ဒီလို အစက်အပြောက်ပါတဲ့ဆေးတွေ ရပါတယ်။ 

ရန်ကုန်မြို့နယ်အသီးသီးကနေ အင်းစိန်ထောင်ထဲ ရောက်လာသူတွေလိုပဲ ဒေါ်ပြုံးလည်း နိုင်ငံတော်ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅ – က နဲ့ ထောင်တွင်းအထူးတရားရုံးမှာ အမှုရင်ဆိုင်ရတာပါ။ သူ့ကို အခမဲ့လိုက်ပေးတဲ့ရှေ့နေကလည်း အဆင်မပြေရင် ထောင်ဝင်စာပို့ပေးမယ်လို့ ပြောရှာပေမဲ့ သူကတော့ အဆင်ပြေကြောင်းပဲ ပြောလိုက်တာပါပဲ။

တစ်နေ့မှာတော့ သံတိုင်တံခါးအပြင်ဘက်ကနေ ထောင်ဝန်ထမ်းတွေက ပစ္စည်းတွေယူလာပြီး အကျဉ်းသားအမည် တစ်ယောက်ချင်း အော်ခေါ်ပြီး ပေးပါတယ်။ ခေါ်တဲ့ နာမည်တွေထဲမှာ သူ့နာမည်ပါလာတဲ့အတွက် ဒေါ်ပြုံး အံ့အားသင့်သွားပါတယ်။

သူ့နာမည်နဲ့ ထောင်ဝင်စာပါဆယ်ထုပ် ရောက်လာတာပါ၊ အထုပ်ကို ဖြေရင်း တလိမ့်လိမ့်စီးလာတဲ့ မျက်ရည်စတွေက ဒေါ်ပြုံးပါးပြင်ပေါ် စိုစွတ်လို့ …။ 

အိမ်က ကလေးတွေ အဆင်ရောပြေပါ့မလား၊ ခက်ခဲနေချိန် ဘယ်ကပိုက်ဆံနဲ့ပို့တာလဲ ဆိုတာ သူ စဉ်းစားလို့ မရပါဘူးတဲ့။ 

အခြောက်အခြမ်းထုပ်လေးတွေကို ဖွင့်ကြည့်ရင်း အိမ်က ကလေးတွေ မစားမသောက်ဘဲ ဘယ်ကပိုက်ဆံချေးငှားပြီး ပို့နေလည်းမသိဘူးလို့ သူ တွေးနေမိပါတယ်။ 

နေ့စဉ် ဘုရားရှိခိုးချိန် နှစ်ကြိမ်ရှိပေမဲ့ သူက ရံဖန်ရံခါ မရှိခိုးပါဘူး။ မိသားစုအတွက် ပူပင်သောကတွေ အပြင်၊ ဘာမှန်းမသိဘဲ ရောက်လာရတဲ့ ထောင်ထဲမှာ လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် သူ့မျက်နှာက ရွှင်ရွှင်ပျပျ မရှိပါဘူး။ အသားညိုရင့်ရင့် ဆံထုံးတော်ကြီးတမာသီးနဲ့ ဘာမှမလိမ်းချယ်ထားတဲ့ သူ့မျက်နှာက ညှိုးငယ်နေတတ်ပါတယ်။ အထူးတရားရုံး ရုံးထွက်ရက်တွေဆိုရင် သူ့မှာရှိတဲ့ အဝတ်ခပ်နွမ်းနွမ်းတွေထဲက အကောင်းဆုံးကို ရွေးဝတ်ပါတယ်။   

ဒေါ်ပြုံးက ကျောင်းမနေခဲ့ရတော့ စာမဖတ်တတ်ပါ၊ ဒါပေမဲ့ သူက နိုင်ငံရေးကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်ပါတယ်။

ပုံမှန်လိုဖတ်ရ၊ ပေါပေါများများ ဖတ်ရတာကတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေဖြစ်တဲ့ မြဝတီ၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေပါပဲ။ လူအယောက် ၂၀၀ လောက်က တစ်စောင်ကို ဝိုင်းဖတ်ရတာမျိုးပါ။ သတင်းစာရောက်လာချိန်မှာ ဒေါ်ပြုံး သတင်းစာကိုင်ပြီး အပြေးရောက်လာတတ်ပါတယ်။ သူအပါအဝင် စာမဖတ်တတ်တဲ့သူတွေကို တခြားသူတွေက  သတင်းတွေဖတ်ပြကြပါတယ်။ နားမျက်စိပိတ်ခံထားရတဲ့ ထောင်ထဲကလူတွေက အဲဒီသတင်းစာမှာ ပါတာတွေကို ပြောင်းပြန်မှတ်ယူပြီး နားလည်မှတ်သားကြတာပါပဲ။

အားလပ်တဲ့အချိန်တွေမှာ ဒေါ်ပြုံးက တစ်ယောက်တည်းထိုင်တွေးတာ ဖြစ်ဖြစ်၊ နိုင်ငံရေးအကြောင်း တီးတိုးဝိုင်းဖွဲ့ပြောဆိုတဲ့ စကားဝိုင်းတွေမှာဖြစ်ဖြစ် ရှိနေတတ်ပါတယ်။

ထမင်းစားချိန်တွေဆိုရင် သူ့လိုဘဝတူ ထောင်ဝင်စာမမှန်သူတွေနဲ့ ဝိုင်းဖွဲ့စားသောက်လေ့ရှိပါတယ်။ နံရံအကွယ်က ခပ်မှောင်မှောင် ထမင်းဝိုင်းမှာ သူအပါအဝင် သုံးလေးယောက်ထက် မပိုပါဘူး၊ ပန်းကန်တွေထဲမှာတော့ ပဲဟင်းနဲ့ ငံပြာရည်ချက်က နေရာယူနေပြီး ငါးပိကြော် ငါးခြောက်ကြော် တစ်ဆုပ်တစ်လုတ်စာကို ထမင်းပုံထဲမှာ တွေ့ရတတ်ပါတယ်။ 

ရေချိုးချိန်ဆိုရင် အများနည်းတူ သူလည်း လူပေါင်းငါးဆယ်ကနေ တစ်ရာလောက်ရှိတဲ့ လူအုပ်ထဲ တိုးဝှေ့ပြီး ရေချိုးရပါတယ်။ 

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတာ သူ့ကို ရည်ညွှန်းနေသလိုပါပဲ၊ လူအယောက်ငါးဆယ်ကျော်လောက် အိပ်ရတဲ့ အခန်းထဲမှာ သူအိပ်တဲ့နေရာက မိုးယိုပါတယ်။

မိုးရွာတဲ့နေ့တွေဆို ဒေါ်ပြုံး မိုးရေတွေရွှဲလို့။ ထောင်ကိုရောက်တုန်းက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့။ အခုတော့ တခြား ထောင်နေဖက်တချို့ဆီက ရတဲ့အဝတ် လေးငါးစုံတော့ သူ့မှာရှိနေပါပြီ။

ကျန်းမာရေးမကောင်းတဲ့သူ့အတွက် ခင်းအိပ်စရာ အခင်းမရှိပါဘူး။ ထောင်ကတော့ တစ်ယောက်ကို စောင်တစ်ထည်ပဲ ပေးနိုင်တာပါ။၊

ထောင်ထဲမှာတော့ သူ့အတွက် နေ့ရက်တိုင်းဟာ ငရဲပြည်အသေးစားလိုပါပဲ။

ညညဆို ဘဝတူတွေနဲ့ ထိုင်ငိုရင်လည်း သူပါတယ်။ မနက်ကျတော့လည်း သူ့ဘဝမှာ ဘာမှ ထူးခြားပြောင်းလဲလာတာ မရှိပါဘူး။ အများလို မျှော်စရာထောင်ဝင်စာလည်း မရှိ။ 

သူ့မှာ ဘာအပြစ်ရှိလို့ အဖမ်းခံရတာလဲဆိုတာ သူ့ကိုယ်သူလည်း မေးသလို အများအပြားကလည်း သူ့ကို မေးကြပါတယ်။ 

၂၀၂၀ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံအားပေးခဲ့၊ မဲပေးခဲ့ပါတယ်။ အပြတ်အသတ် ပြန်နိုင်တယ်ဆိုတဲ့ ရလဒ်ထွက်လာတော့လည်း ရပ်ကွက်ထဲနေပြည်သူတွေ ဝိုင်းဖွဲ့ပြီး ချက်ပြုတ်ကျွေးမွေး လှူဒါန်းကြပါတယ်။ အဲ့ဒီမှာ သူလည်း ထိပ်ဆုံးက တက်တက်ကြွကြွနဲ့ ဝိုင်းဝန်းလုပ်ကိုင်ရာမှာ ပါဝင်ခဲ့တယ်လို့ဆိုတယ်။

အဲဒီပါတီကို သူဝန်းရံခဲ့သလို သူနှစ်သက်တဲ့ပါတီကို သူကိုယ်တိုင် မဲပေးခဲ့တာပါ။

“နိုင်လို့အောင်ပွဲခံတာ အပြစ်ရှိသလား၊ ဒါကိုမကျေနပ်လို့ လုပ်တာထင်တယ်၊ ဒါပဲဖြစ်ရမယ်…..” လို့ ဒေါ်ပြုံးက မှတ်ချက်ချပါတယ်။

“ငါတို့ ဘယ်တော့နိုင်မလဲ၊ နိုင်မယ်ဆိုရင် ငါတို့ ထောင်ထဲမှာ ဆက်နေပေးမယ်” လို့လည်း သူက ပြောတတ်ပါသေးတယ်။   

သုံးလပြည့်ခါနီး ရက်ပိုင်းအလို ဇွန်လ ၃၀ ရက် မနက်မှာတော့ ဒေါ်ပြုံးအပါအဝင် အခန်းတိုင်းမှာရှိတဲ့ အချုပ်သားတွေထဲက ၅၀၅ -က အများစုဟာ အထုပ်အပိုးတွေ ပြင်ထားကြပါတယ်။ ဒီလိုပဲ မကြာမကြာ ပြင်ထားကြတာပါ။ ဘယ်နေ့လွတ်မယ်ဆိုတဲ့ သတင်းတွေကြားရတိုင်း ပြင်ဆင်ထားကြတာပါ၊  ထောင်ဝန်ထမ်းတွေက အမည်စာရင်း လာဖတ်ပြချိန်မှာတော့ ကံစမ်းမဲနှိုက်နေရသလို၊ အောင်စာရင်းနားထောင်နေရသလို ခံစားချက်မျိုးတွေနဲ့ နားစွင့်နေကြပါတယ်။ သူ့နာမည် ခေါ်သံကြားချိန်မှာတော့ ဒေါ်ပြုံး ထခုန်ပါတော့တယ်။ သူ့အထုပ်ကိုဆွဲပြီး အင်းစိန်ထောင် အမျိုးသမီးဆောင်ထဲကနေ သူ ပြေးထွက်သွားပါတော့တယ်။ သူလွတ်မြောက်သွားခဲ့ပါပြီ။ 

စစ်အုပ်စုက တစ်နိုင်ငံလုံးမှာ လွှတ်ပေးတဲ့ အကျဉ်းသား အယောက်နှစ်ထောင်ကျော်မှာ ဒေါ်ပြုံး ပါဝင်ခဲ့တာဖြစ်ပြီး သူမျှော်လင့်နေတဲ့ နေ့ရက်ကို ရောက်ရှိလာခဲ့တာပါ။

သူ့လိုပဲ အိမ်ပြန်မယ့်ရက်ကို စောင့်မျှော်နေသူတွေဟာ ရာပေါင်းများစွာ ကျန်ရစ်နေပါသေးတယ်။ အာဏာသိမ်းဗိုလ်ချုပ်ကြီးတွေ စိတ်တိုင်းကျအောင် စစ်ကောင်စီတပ်သားတွေက နည်းမျိုးစုံနဲ့ အာဏာဖီဆန်သူတွေကို နေ့စဉ် ဖမ်းဆီးပြီး နေတာကြောင့် အင်းစိန်ထောင်ဟာ ဒေါ်ပြုံးတို့ မရှိတော့ပေမဲ့လည်း လူသစ်တွေနဲ့ ပြန်လည် စည်ကားနေပါတော့တယ်။

ရောက်လာသူတွေထဲမှာ အလုပ်ဆင်းအလုပ်ပြန် သွားရင်းလာရင်း ဖမ်းခံရတဲ့ ဒုတိယ ဒေါ်ပြုံး၊ တတိယဒေါ်ပြုံးတွေလည်း ပါဝင်နေမှာ ဖြစ်ပါတော့တယ်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button