သတင်း

ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုကို လွိုင်ကော်တွင် ကန့်ကွက်ကြမည်

(ရန်ကုန်) – ပြည်နယ်မြို့တော် လွိုင်ကော်တွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် စိုက်ထူမည့် အစီအစဉ်ကို ချက်ချင်းရပ်တန့်ပေးရန် ကယားပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်းများက ပြည်နယ်အစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုခဲ့သော်လည်း ထူးခြားမလာသောကြောင့် ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၉  နာရီတွင် ဆန္ဒဖော်ထုတ်ကြတော့မည်။

ကျပ်သိန်း ၅၀၀ နီးပါး ကုန်ကျမည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို လွိုင်ကော်မြို့ ကယားပြည်နယ် ခန်းမအနီး ထားရှိရန် ပြည်နယ်အစိုးရ၏ ဖေဖော်ဝါရီလ အစောပိုင်းက ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ဒေသခံ လူမှုအဖွဲ့အစည်းများက  အစိုးရထံ အိတ်ဖွင့်စာ ပေးပို့ပြီးနောက် ရုပ်တုစိုက်ထူမည့်အစီအစဉ်ကို ကန့်ကွက်ကြောင်း အသိပေးချက် စာရွက်များလည်း ပြည်သူ လူထုကြား ဝေငှခဲ့သည်။

စာရွက် ဝေငှနေစဉ်အတွင်း မြို့နယ်ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်းခဲ့ပြီး တားမြစ်ခဲ့သော်လည်း ဆက်လက်ဖြန့်ဝေခဲ့ကာ တစ်စုံတစ်ရာ ထူးခြားမလာသဖြင့် ဆန္ဒဖော်ထုတ်ရသည်အထိ ဖြစ်လာခြင်းဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်မည့်  ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် ကိုဒီးဒီက ပြောသည်။

ဆန္ဒဖော်ထုတ်မှုကို ကယားပြည်နယ်လူငယ်များက ဦးဆောင်မည်ဖြစ်ပြီး လူပေါင်း ၅ဝဝ ခန့် ပါဝင်မည်ဟု ၎င်းက ပြောသည်။

မြို့နယ် ရဲစခန်းက လက်ရှိအချိန်ထိ ခွင့်ပြုချက် မပေးသေးသော်လည်း ဆန္ဒဖော်ထုတ်သွားမည်ဟု ဒီးဒီက ဆိုသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ရတွင် ကရင်နီပြည်သမိုင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ကြေးရုပ်တု စိုက်ထူခြင်းကို ကန့်ကွက်မှု စသည့် အကြောင်းအရာများကို ဟောပြောမည် ဖြစ်ပြီး  အတင်းအဓမ္မ ရုပ်တုတည်ဆောက်နေမှုကို အလိုမရှိဟူ၍ ကြွေးကြော် ဆန္ဒဖော်ထုတ်ကြမည်ဟု ဆိုသည်။

“(အစိုးရဆီက) အဓိကကတော့ ဗိုလ်ချုပ်ကတိပြုခဲ့တဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့၊ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့်တို့ကို အလိုရှိတယ်။ ကျွန်တော်တို့ အဲဒီကိစ္စကိုပဲ အလိုရှိတယ်” ဟု ကိုဒီးဒီက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ်တွင် ကယားပြည်နယ် (ထိုစဉ်ကရင်နီပြည်) သို့ တစ်ကြိမ်သာ လာရောက်ဖူးပြီး ထိုခရီးစဉ်သည် ဗြိတိသျှတို့ထံမှ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် လာရောက်စည်းရုံးသည့် ခရီးစဉ်သာဖြစ်ကြောင်း ကန့်ကွက်သူများက အစိုးရထံပေးပို့ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်း လာရောက်စည်းရုံးစဉ်က ပြောကြားခဲ့သော တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ လက်တွေ့ကျသော အာမခံချက်များကို နောက်ပိုင်းခေါင်းဆောင်များက မလိုက်နာခဲ့ဘဲ ဗိုလ်ချုပ်ရုပ်တုထားရှိခြင်းသည် တိုင်းရင်းသားများအကြား ပိုမိုရှုပ်ထွေးသည့်အခြေအနေသို့ ဦးတည်စေနိုင်ကြောင်း အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

အစိုးရအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဇွတ်အတင်းစိက်ထူထားရှိမည်ဆိုပါက ပြင်းထန်သော လူထုလှုပ်ရှားမှုနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး လက်ရှိအစိုးရကို လူထုဆန့်ကျင်မှုပိုမို ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများက သတိပေးထားသည်။

ကရင်နီဟုခေါ်သည့် အဆိုပါဒေသသည် သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာ တည်ရှိသည်ကို ၁၈၇၅ တွင် ဗမာ ဘုရင်ကိုယ်စားလှယ်နှင့် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးခဲ့သည့် မှတ်တမ်းကိုလည်း ၎င်းတို့က အိတ်ဖွင့်ပေးစာတွင် ကိုးကားဖော်ပြခဲ့ကြသည်။

ကရင်နီပြည် ဟုခေါ်ဝေါ်ခဲ့ဖူးသည့် မြန်မာနိုင်ငံအရှေ့ပိုင်း ယခုရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်ကြား ဒေသကို လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ‘ကရင်နီပြည်နယ်’ ဟု သတ်မှတ်ခဲ့ပြီး ကရင်ပြည်နယ် အတွင်း ထည့်သွင်းခဲ့သည်။

၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ ပုဒ်မ (၈) အရ ‘ကယားပြည်နယ်’ အမည်ဖြင့် သီးခြားပြည်နယ်အဖြစ်သတ်မှတ်ခဲ့သည်။

Show More

Related Articles

Back to top button