
လနှင့်ချီ ကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ရသော်လည်း ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့လယ် ကန္ဒာဟေဝန်ပန်းခြံတွင် ယနေ့စိုက်ထူလိုက်သည်။
ကြေးရုပ်စိုက်ထူသည်ကို သဘောမတူသည့် ဒေသခံအချို့က ပန်းခြံအနီးလာရောက်ကန့်ကွက်ခဲ့ကြပြီး ဒါဇင်နှင့်ချီသော ရဲတပ်ဖွဲ့ ဝင်များကလည်း လက်နက်အပြည့်အစုံဖြင့် စောင့်ကြည့်နေခဲ့ကြသည်။
“မနက်ကတည်းက ကြေးရုပ်ကို စိုက်ထူဖို့ ကရိန်းကားတွေနဲ့ လုပ်တာကို ရဲတပ်ဖွဲ့တွေနဲ့ ပန်းခြံကို ပိတ်ပြီးတားတယ်။ ကျွန်တော်တို့က အရင်တုန်းကလည်း ကန့်ကွက်ခဲ့ပြီးသား။ အဲ့ဒါကို ပြည်ထောင်စုအဆင့်က ကန့်ကွက်သူတွေနဲ့ ညှိပါဆိုပြီးလုပ်ထားတာကို အခု သူတို့က ကြေးရုပ်ကို စိုက်ထူဖို့လုပ်တယ်။ အခု ကျွန်တော်တို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာညှိပါဆိုတာကို မြို့နယ်ထွေအုပ်အဆင့်လောက်နဲ့ လာတာပဲရှိတယ်။ တကယ့်အဖြေပေးနိုင်မယ့်သူတွေ မလာညှိသေးဘူး” ဟု ကန့်ကွက်ခဲ့သူ ကိုမျိုးလှိုင်ဝင်းက ပြောသည်။
ကြေးရုပ်သည် ယခင်အချိန်ကတည်းက စိုက်ထူရန် ပြင်ဆင်ထားပြီးဖြစ်သည့် ကြေးရုပ်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်များကို နောင်လာနောက်သားများ သိရှိစေရေးအတွက် ကြေးရုပ်စိုက်ထူရခြင်းသာဖြစ်ကြောင်း လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီဝင် ဦးခွန်ကိုရီက ပြောသည်။
ယခုကြေးရုပ်စိုက်ထူခြင်းသည် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် စိုက်ထူခြင်းမဟုတ်သလို ပြည်နယ်အစိုးရ၏ ညွှန်ကြားမှု တစ်စုံတစ်ရာဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဟု သူက ဆက်ပြောသည်။
“အခုက ကျွန်တော်တို့ ဒေသခံအချင်းချင်း ဖွဲ့ထားတဲ့ ကော်မတီအနေနဲ့ စိုက်ထူတာပါ။ အရင်တုန်းကတော့ ပြည်နယ်အစိုးရ အစီအမံနဲ့လုပ်တာ။ ကြေးရုပ်ကလည်း အရင်ထဲက ရှိနေခဲ့တဲ့ ကြေးရုပ်။ ဒါကို သပိတ်မှောက်လို့ ကျွန်တော်တို့ ဒေသခံတွေကို လွှဲအပ်လိုက်တာ။ အခုကြေးရုပ်စိုက်ထူတာက အစိုးရကခိုင်းလို့လဲမဟုတ်ဘူး။ NLD ရဲ့ ညွှန်ကြားမှုကြောင့်လည်း မဟုတ်ဘူး။ ကျွန်တော်တို့ ပြည်သူတွေစုဖွဲ့ထားတဲ့ ကော်မတီအနေနဲ့ ဆောင်ရွက်တာပါ” ဟု သူကဆိုသည်။
လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှုနှင့် ပတ်သက်ပြီး NLD ၏ ကယားပြည်နယ် ကိုယ်စားပြု လွှတ်တော် အမတ်များအကြားလဲ သဘောထား ကွဲလွဲနေကြသည်။
သို့ရာတွင် ယခုကြေးရုပ်စိုက်ထူခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့မှရော၊ ဒေသခံကော်မတီများကပါ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားကို ရယူခဲ့ခြင်းမရှိဟု လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောသည်။
“တကယ်တော့ ဒီလောက်ဖြစ်ခဲ့တဲ့ဟာကို ကျွန်မတို့ ပြည်ထောင်စုအဆင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မတိုင်ပင်ဘူး။ အသိမပေးဘူး။ လူထုသဘောထားကို ရယူပြီးမှ လုပ်သင့်တာကိုဆက်လုပ်သင့်တယ်။ နောက်ပြီး လုပ်သင့်၊ မသင့်ကို သမာသမတ်ရှိတဲ့ ကော်မတီဖွဲ့ပြီးလုပ်ရမှာ။ လူထုဆန္ဒကို နည်းမှန်လမ်းမှန်နဲ့ လုပ်ရမှာ။ အခုက လူထုနဲ့ အပြိုင်လုပ်နေသလိုဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာနဲ့ အတ္တကိုအခြေခံပြီးလုပ်မယ်ဆိုရင်တော့ မဟုတ်တာ လုပ်တဲ့သူခံပဲ။ ကျွန်မတို့အနေနဲ့ကတော့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားအတိုင်းပဲ။ ပြည်သူကဘယ်လိုသဘောထဲလဲ။ အဲ့ဒီအတိုင်းပဲ” ဟု လွိုင်ကော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ဆိုသည်။
ရုပ်တုအနေဖြင့် စိုက်ထူခြင်းက မည်သူ့ကိုမှ ဒုက္ခပေးသည့်ကိစ္စမဟုတ်ကြောင်း၊ ပြည်နယ်လွှတ်တော်ကို အသိပေးအကြောင်းကြားခြင်း မရှိသည့်ကိစ္စဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကန့်ကွက်ခြင်း၊ စွပ်ဖက်ခြင်းများ မရှိကြောင်း ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက မှတ်ချက်ပြုသည်။
ယနေ့ညနေပိုင်းအထိ ကန္ဒာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူရန် ကြိုးစားမှုနှင့် ပတ်သက်ပြီး ကရင်နီလူငယ်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့အကြား ညှိနှိုင်းမှု ပြေလည်မှုမရရှိသေးကြောင်း သိရသည်။