သတင်း

ရွာသားများ၏ ရွှေငွေများ ပျောက်သည့်ကိစ္စ တပ်ချုပ်ထံ စာပို့ရန် ရခိုင်အမတ်များပြင်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှ ရွာသားများ၏ ရွှေ၊ငွေများကို တပ်မတော်သားများက ယူဆောင်သွားသည်ဆိုသည့် စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပေးရေး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ စာပို့တိုင်ကြားရန် ရခိုင်လွှတ်တော် အမတ်နှစ်ဦးက ပြင်ဆင်နေကြသည်။

ဇန်နဝါရီ ၂၆ ရောက်နေ့က တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြားဖြစ်ပွားသည့် တိုက်ပွဲအတွင်း တပ်မတော်သားများက ကျေးရွာအတွင်းဝင်ရောက်ကာ ရွာခံများ၏ ရွှေ၊ငွေများကို ရှာဖွေယူဆောင်သွားကြသည်ဟု ရွာသားများကစွပ်စွဲထားသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေ နှင့် ပြည်နယ်လွှတ်တော်အမတ် ဦးဦးသန်းနိုင် တို့က ရွာသားများ၏ ဆုံးရှုံးမှုစာရင်းကို ကောက်ယူနေပြီး တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာပို့တိုင်ကြားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ကာချုပ်ကြီးဆီကိုပဲ တိုက်ရိုက်ပို့သွားမယ် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ကိုလည်း မိတ္တူပို့မလား တိုက်ရိုက်ခေါင်းစဉ်တပ်ပို့မလားကတော့ မဆုံးဖြတ်ရသေးဘူးဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေ ကပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက် ဇန်နဝါရီ ၂၇ တွင် သမီးလှကျေးရွာသို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး ရွာသားများ နှင့်တွေ့ဆုံကာ ပျောက်ဆုံးပစ္စည်းစာရင်းကို ပြုစုခဲ့ကြောင်း ပြည်နယ်လွှတ်တော်အမတ် ဦးဦးသန်းနိုင် ကပြောသည်။

သမီးလှရွာအနီးဖြစ်ပွားသည့် တိုက်ပွဲအတွင်း အိမ်ထောင်စု ၆၄ အိမ်မှ ငွေကြေးများပျောက်ဆုံးသွားကြောင်းနှင့် ၎င်းကိုယ်ပိုင်ငွေ ၂၇ သိန်း  ပျောက်ဆုံးသွားကြောင်း သမီးလှရွာသား ဦးမောင်သိန်းနုက ပြောသည်။

ငွေတွေရော အဝတ်အစားတွေပါပါသွားတယ် ပုဆိုးတွေလည်းပါသွားတယ်ဟု ၎င်းကပြောသည်။

ရွာသားများ၏ ရွှေ၊ငွေများဆုံးရှုံးသွားမှုအတွက် တိုင်ကြားလာပါက စုံစမ်းစစ်ဆေးပြုလုပ်မည်ဖြစ်ပြီး အရပ်သားများ၏ ပိုင်ဆိုင်မှုကို တပ်မတော်သားများက ယူဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိပါက စစ်ဥပဒေအရ အရေးယူမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ဇန်နဝါရီ ၂၈ ရက် နေ့က Myanmar Now ကို ပြောခဲ့သည်။

၂၆ ရက်နေ့တိုက်ပွဲတွင် သမီးလှရွာအတွင်း လက်နက်ကြီးကျည်နှင့် ကျည်ဆန်များကျရောက်မှုကြောင့် ရွာသားသုံးဦး ဒဏ်ရာရခဲ့ပြီး ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခံရသည့် အသက် နှစ်အရွယ် မောင်နိုင်စိုးမှာ ရရှိထားသည့် ဒဏ်ရာကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့က သေဆုံးသွားသည်။

Show More

Related Articles

Back to top button