သတင်း

ဒလတံတား ဒီဇိုင်းမှားပါက တိုင်းပြည်စီးပွား ထိခိုက်နိုင်ဟု ဆိပ်ကမ်းအာဏာပိုင် သတိပေး

(ရန်ကုန်) — ရန်ကုန်တွင်တည်ဆောက်ရန် စီစဉ်နေသည့် ဒလတံတား၏ဒီဇိုင်းသည် မြစ်အတွင်း ကုန်တင်သင်္ဘောများ သွားလာမှုကို အနှောင့်အယှက်ဖြစ်စေပြီး ရေရှည်တွင် နိုင်ငံ့စီးပွားရေးကို ထိခိုက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အရာရှိများက ဇွန် ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတိပေးလိုက်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ရွေးချယ်ထားသည့် မြစ်လယ်တိုင်နှစ်တိုင်ပါ တံတားဒီဇိုင်းကြောင့် သင်္ဘောသွားလာမှုကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေပြီး ကုန်သေတ္တာသယ်ယူပို့ဆောင်ရေးကို အဓိက မောင်းနှင်နေသည့်  မြစ်အထက်ဘက်မှ ဆိပ်ကမ်းများ အခက်တွေ့နိုင်သည်ဟု ၎င်းတို့က ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ပင်လယ်ရေကြောင်း ကုန်သေတ္တာတင်ပို့သည့် လုပ်ငန်းအားလုံး၏ ၉ဝ ရာခိုင်နှုန်းခန့်ကို စီမံခန့်ခွဲနေသည့် အဆိုပါဆိပ်ကမ်းများသို့ သင်္ဘော ဝင်ထွက်သွားလာနိုင်ခြင်း မရှိပါက ပို့ကုန်လုပ်ငန်း ထိခိုက်ကာ  စီးပွားရေးကျဆင်းသည့်ပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဆိပ်ကမ်းအာဏာပိုင်အရာရှိများက ဆိုသည်။

“(တံတားဆောက်မှာကို)ကျွန်တော်တို့က ကန့်ကွက်တာ မဟုတ်ဘူး၊ တစ်ချိန်မှာ သမိုင်းတရားခံ မဖြစ်အောင် ကျွန်တော်တို့ အကြံပြုချက်ပေးခဲ့တာ” ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးနီအောင်က သတင်းထောက်များကို ပြောသည်။

ဌာနနှစ်ခု အမြင်နှစ်ခု

ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည့် အဆိုပါ ကိုရီးယား – မြန်မာ ချစ်ကြည်ရေးတံတား ဒီဇိုင်းပုံစံအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဆိပ်ကမ်းအာဏာပိုင်တို့အကြား ၂ဝ၁၂ ကတည်းက သဘောထားကွဲခဲ့ကြခြင်းဖြစ်သည်။

ဆိပ်ကမ်းအာဏာပိုင်က တံတားကို ဥမင်လိုဏ်ခေါင်းပုံစံ (သို့မဟုတ်) တံတားတိုင်များကို ရေလယ်တွင်မထားဘဲ ကုန်းပေါ်တွင်သာထားရန် လိုလားသည်။

တံတားဒီဇိုင်းနှင့်ပတ်သက်ပြီး ဝန်ကြီးဌာန နှစ်ခုအကြား ဆွေးနွေးမှုများသည် ၂ဝ၁၃ တွင် စတင်ခဲ့ကြပြီး အဆိုပါနှစ်တွင်ပင် အမြင့် ၅၄မီတာ အကျယ် ၃၅ဝ မီတာ ထားရှိရန် သဘောတူခဲ့ကြသည်ဟု ဆိပ်ကမ်းအာဏာပိုင်ဘက်က ပြောသည်။

သို့သော်လည်း နောက်တစ်နှစ်အကြာတွင် ကိုရီးယားနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ တံတားအမြင့် ၄၉ မီတာ၊ အကျယ် ၂၅၁ မီတာ နဲ့ရေလည်တိုင် ၂တိုင်ပါသည့် ပုံစံထွက်လာခဲ့သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆိပ်ကမ်းအာဏာပိုင်ဘက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တံတားအမြင့်ကို ၅၄ မီတာထားပေးရန်တောင်းဆိုပြီး  တိုင်၂တိုင် မြစ်လယ်တွင် ထားမည့် အစီအစဉ်ကို ဆက်လက်ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်အသီးသီးတွင် အတည်ပြုပြီးသည့် ဒီဇိုင်းဖြစ်သည့်အတွက် ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြောင်းပြန်ခဲ့သည် ဟုဆိုသည်။

“၂၅၁ မီတာကို ကျွန်တော်တို့ ဝင်ထွက်သွားလာတဲ့အခါမှာ ခုကရာသီဥတုအခြေအနေလည်း မကောင်းဘူး။ မြင်အားလည်း အရမ်းနည်းနေမယ်။ မိုးတွင်းကာလမို့ လှိုင်းလည်းရှိမယ်။

အဲ့ဒါဆိုရင် သဘောၤကြီးတွေက ဒီအကွေ့အပြုမှာ ရေစီးနဲ့ပါပြီး တံတားကို ဝင်ဆောင့်လိုက်တာမျိုး ဝင်တိုက်လိုက်တာမျိုး ဖြစ်လာမယ်ဆိုရင် အသေးစား ထိခိုက်မှုဆို ပြဿနာမရှိနိုင်သော်လည်း အကြီးစား ထိခိုက်မှုဖြစ်လာခဲ့ရင် အင်မတန် ရှုပ်ထွေးမှာဖြစ်တဲ့ အတွက် ဒီ ၂၅၁ မီတာကတော့ ကျွန်တော်တို့အတွက် မလုံလောက်ပါဘူး။ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ဆွေးနွေးရခြင်းဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ အင်ဂျင်နီယာချုပ် ဦးစိုးသိန်းက သတင်းစာရှင်း လင်းပွဲအပြီး သတင်းထောက်များကို ပြောသည်။

တည်ဆောက်မှု ကြန့်ကြာခြင်း

Asia World ကုမ္ပဏီနှင့် မြန်မာ့စက်မှုဆိပ်ကမ်းအာဏာပိုင် အဖွဲ့တို့က အကြိမ်ကြိမ် ကန့်ကွက်ခြင်းသည် တံတားတည်ဆောက်မှု ကြန့်ကြာစေသည်ဟု ဒလမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က သတင်းထောက်များကို ပြောသည်။

တံတားတည်ဆောက်မှုပိုင်းကို အတည်ပြုထားပြီးဖြစ်သော်လည်း ကြန့်ကြာနေမှုများကြောင့် ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့်ဆိပ်ကြီးခနောင် မြို့နယ် အစရှိသည့် မြို့နယ် ၅ ခုမှ ပြည်သူ ၁,ဝဝဝ ခန့် ဇွန် ၁၇ ရက်နေ့တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင် လမ်းသို့ ဖြတ်သန်းတည်ဆောက်မည့် ဒလတံတားသည်  လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားဖြစ်သည်။

တံတားကို ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ (EDCFI Loan) ချေးငွေ ဒေါ်လာ ၁၃၇ ဒသမ ၈၃၃သန်း၊ ပြည်တွင်းရန်ပုံငွေကျပ် ၃ဝ ဒသမ ၃၄၁ သန်း၊ စုစုပေါင်း ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ကနဦး ခန့်မှန်းတွက်ချက်ထားသည်။

တံတားစီမံကိန်းအတွင်း မလွတ်ကင်းသည့် မြေနှင့်အဆောက်အအုံများအတွက် လျော်ကြေး အဖြစ်၂ဝ၁၇ ခုနှစ်တွင်ကျပ် သုံးဘီလျံကျော်ကို လေးသုတ်ခွဲပေးခဲ့ကာ ဒလဆိပ်ကမ်းအာဏာ ပိုင်မြေပေါ် ကမာကဆစ်ရပ်ကွက် ရှိ ကျူးကျော်အိမ်များကိုလည်း ၂ဝ၁၈ မတ်လအတွင်း ရန်ကုန်တိုင်းအစိုးရက နစ်နာကြေး ပေးအပ်ခဲ့သည်။

Show More

Related Articles

Back to top button