သတင်း

ဦးပိုင်ဒါရိုက်တာဖြစ်ခဲ့သည့် ဆိပ်ကမ်းနှင့်အကောက်ခွန်အရာရှိနှစ်ဦးကို စုံစမ်းစစ်ဆေးရန်တောင်းဆို

ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် အချက်အချာကျသည့် ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာန အကြီးအကဲများကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ်မှသာ နုတ်ထွက်စေပြီး အစိုးရဌာနဆိုင်ရာ ရာထူးများ ဆက်လက်ခန့်ထားခြင်းမှာ အစိုးရ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသဖြင့် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှု ပြုလုပ်သင့်ကြောင်း Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်သည်။

အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင်တို့ ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်နေခြင်းသည် အကျိုးစီးပွားပဋိပက္ခရှိနိုင်ကြောင်း Myanmar Now က သတင်းများရေးသားဖော်ပြခဲ့ပြီးနောက် ယင်းကိစ္စမှာ ဥပဒေနှင့်ညီမညီ စိစစ်မည်ဟု သမ္မတရုံးက ပြောကြားခဲ့သည်။

ထို့နောက် အဆိုပါအကြီးအကဲနှစ်ဦး ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နေခြင်းသည် ၂၀၁၃ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၀ (စ) နှင့် ၃၇ တို့အရ ဥပဒေနှင့် မညီညွတ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးထံမှ မှတ်ချက်ရရှိခဲ့သဖြင့် ၎င်းတို့သည် ဦးပိုင်မှ ဇူလိုင်လဆန်းပိုင်းတွင် နုတ်ထွက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတအိမ်တော်၌ ဇူလိုင် ၁၇ တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က Myanmar Now ကိုပြောခဲ့သည်။

ယင်းအကြီးအကဲနှစ်ဦး ဦးပိုင်မှ နုတ်ထွက်ခဲ့သော်လည်း အဆိုပါအကျိုးစီးပွားပဋိပက္ခကိစ္စကို တရားစီရင်ရေးလမ်းကြောင်းအတိုင်း မဆောင်ရွက်ခြင်းမှာ တပ်မတော်သည် စီးပွားရေးအခွင့်ထူးခံနှင့် ပြစ်မှုပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိမြဲရရှိနေသည်ဟူသော စိုးရိမ်ဖွယ်လက္ခဏာတစ်ရပ်ဖြစ်သည်ဟု Justice for Myanmar က ဇူလိုင် ၂၀ တွင် ထုတ်ပြန်သည်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ထင်နှင့် ဗိုလ်မှူးဟောင်းနီအောင် ဦးပိုင်ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်ရုံဖြင့် မြန်မာအစိုးရအဖွဲ့အတွင်း ရှိနေသည့် အကျိုးစီးပွားပဋိပက္ခကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ဟောင်းများ အရပ်ဘက်အစိုးရဌာနများတွင် ဦးဆောင်လုပ်ကိုင်နေခြင်းသည် နိုင်ငံ၏ကဏ္ဍအများအပြားတွင် လွှမ်းမိုးဖြန့်ကြက်ထားသော တပ်မတော်ထိန်းချုပ်မှု၏ အစိတ်အပိုင်းများအဖြစ် ဆက်လက်ရှိနေစေခြင်းဖြစ်သည်ဟု Justice for Myanmar ၏ ပြောခွင့်ရပုဂ္ဂိုလ် မရတနာမောင်က ပြောသည်။

ဦးပိုင်အပြင် တပ်မတော်၏ အခြားစီးပွားရေးလက်ခွဲတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တွင် ရှယ်ယာပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားရှိနေသော အစိုးရအဖွဲ့ဝင်များကို ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရန်လည်း မရတနာမောင်က တောင်းဆိုသည်။

“၎င်းတို့ကို အစိုးရအဖွဲ့ဝင်ရာထူးတွေကနေ ချက်ချင်းထုတ်ပယ်ရပါမယ်။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ဦးဆောင်အစိုးရအဖွဲ့အနေနဲ့ စစ်တပ်ရာဇဝတ်ဂိုဏ်းကလူတွေကို ကာကွယ်ပေးမှုတွေ ဆက်လုပ်နေတာဟာ လက်ခံနိုင်စရာ မရှိပါဘူး” ဟု မရတနာမောင်က ပြောသည်။

ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှု မပြုလုပ်ခြင်းသည် NLD အစိုးရ၏ ဂုဏ်သိက္ခာ နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပြီး တပ်မတော်နှင့်ပူးပေါင်းကြံစည်လုပ်ဆောင်သကဲ့သို့ ဖြစ်နေသည်ဟု Justice for Myanmar ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဝန်ထမ်းအဖွဲ့အကြီးအကဲပိုင်းတွင်လည်း တပ်မတော်အရာရှိဟောင်းများပါဝင်နေပြီး ၎င်းတို့သည် ဦးပိုင်တွင် အစုရှယ်ယာပိုင်ဆိုင်မှုရှိမရှိ ထုတ်ဖော်ပြောကြားရန် ပျက်ကွက်နေကြောင်း၊ ရှေ့နေချုပ်ရုံး ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်သည် တပ်ပိုင် အင်းဝဘဏ်တွင် ဒါရိုက်တာဖြစ်နေသဖြင့် ထိုအကျိုးစီးပွားပဋိပက္ခကို စုံစမ်းစစ်ဆေးသင့်ကြောင်း Justice for Myanmar က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်အများစုမှာ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိများဖြစ်ပြီး အစိုးရအဖွဲ့လက်အောက်ရှိ ရာထူးနေရာများတွင်လည်း တာဝန်ထမ်းဆောင်နေကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ အကျိုးစီးပွားပဋိပက္ခများကို စုံစမ်းဖော်ထုတ်သင့်ကြောင်း၊ ၎င်းတို့သာမကဘဲ အစိုးရအရာရှိအားလုံး ပြင်ပကုမ္ပဏီများတွင် အစုရှယ်ယာပိုင်ဆိုင်မှု အပါအဝင် မည်သည့်စီးပွားရေးအကျိုးစီးပွားရှိသည်ဖြစ်စေ ထုတ်ပြန်ကြေညာပေးရန် Justice for Myanmar က တောင်းဆိုထားသည်။

ဦးပိုင်ဒါရိုက်တာအဖွဲ့တွင် ပါဝင်သည့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိများမှာ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းအောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးမိုးအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တပ်မတော်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်းတို့ ဖြစ်ပြီး ၎င်းတို့သည်လည်း ဦးကျော်ထင်နှင့် ဦးနီအောင်ကဲ့သို့ပင် တရားမဝင် အကျိုးစီးပွားပဋိပက္ခများရှိနိုင်သဖြင့် ရာထူးမှ ဖယ်ရှားကာ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

Justice For Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူတစ်စုဖြစ်ပြီး တပ်မတော်၏စီးပွားရေးလုပ်ငန်းများအားလုံးရပ်ဆိုင်းရန် တောင်းဆိုနေသည့် အဖွဲ့တစ်ခုဖြစ်သည်ဟု ဆိုထားသည်။

Related Articles

Back to top button