သတင်း

ဌာနအကြီးအကဲများ ဦးပိုင်ဒါရိုက်တာဖြစ်နေခြင်း ဥပဒေနှင့်ညီဟု ရှေ့နေချုပ်ရုံးဆို

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာနအကြီးအကဲနှစ်ဦး တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုမှာ ဥပဒေနှင့်ညီသည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးက အတည်ပြုလိုက်သည်။

သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများဆောင်ရွက်ရာ၌ အရေးကြီးသည့် အထက်ပါအစိုးရဌာနနှစ်ခုတွင် အကြီးအကဲအဖြစ် တာဝန်ယူခဲ့ကြသူများမှာ ဦးပိုင်စတင်ထူထောင်သည့် ၁၉၉၀ မှစ၍ ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် အစဉ်တစိုက်ပါဝင်နေခြင်းဖြစ်သည်။ 

လက်ရှိ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင်တို့နှစ်ဦးသည်လည်း ဦးပိုင်လီမိတက်တွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် စာရင်းဝင်နေဆဲဖြစ်သည်။

ထိုသို့ နိုင်ငံ့တာဝန်နှင့် ပုဂ္ဂလိကအကျိုးစီးပွား ထွေးရောယှက်တင်ဖြစ်နေမှုကြောင့် အကျိုးစီးပွားပဋိပက္ခရှိမရှိ၊ ဥပဒေနှင့်ညီမညီ ပြည်ထောင်စုရှေ့နေချုပ်ရုံးထံမှ အကြံပြုချက်တောင်းမည်ဟု နိုင်ငံတော်သမ္မတရုံးက ယခုလဆန်းပိုင်းက ပြောဆိုခဲ့သည်။ 

နေပြည်တော်တွင် ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ Myanmar Now က မေးမြန်းသည့်အခါ ကိုလိုနီခေတ်တွင်ပြဋ္ဌာန်းခဲ့ပြီး ယနေ့တိုင်တည်ဆဲဖြစ်နေသေးသည့် ၁၉၃၈ Government Service Conduct Rules နှင့် ညီညွတ်ကြောင်း အမြဲတမ်းအတွင်းဝန် မသီတာဦးက ပြောသည်။

၁၉၃၈  Government Service Conduct Rules ပုဒ်မ ၁၃၊ ၁၄တွင် နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုအစိုးရ သို့မဟုတ် နိုင်ငံတော်သမ္မတရုံးထံမှ ကြိုတင်ခွင့်ပြုချက်ရထားလျှင် အခြားစီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများ၌ ပါဝင်ပတ်သက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်ဟု ၎င်းကဆိုသည်။

မသီတာဦးက “အဲဒီဥပဒေမှာ သေချာပြဋ္ဌာန်းထားပါတယ်ရှင့်”ဟု ပြောသည်။

ရှေ့နေချုပ်ဒုညွှန်ချုပ်၏ အကျိုးစီးပွားပဋိပက္ခ

ဆိပ်ကမ်းနှင့်အကောက်ခွန်အကြီးအကဲနှစ်ဦးအပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလက်အောက်ခံ အင်းဝဘဏ်နှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သော ထားဝယ်အထူးစီးပွားရေးဇုန်ဖော်ဆောင်ရေးကုမ္ပဏီလီမိတက် ( Dawei SEZ Development  Company Limited) တို့တွင် ဒါရိုက်တာဖြစ်နေသည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်မှာ ထိုသို့ပါဝင်ရန်ခွင့်ပြုချက်ရှိမရှိ Myanmar Now က ဆက်လက်မေးမြန်းရာ အစိုးရအဖွဲ့ သို့မဟုတ် သမ္မတရုံးထံမေးမြန်းပါရန် မသီတာဦးက ဆိုသည်။ 

ဦးကျော်ကျော်နိုင်မှာ တပ်ပိုင်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေသော်လည်း တပ်မတော်တွင် ယခင်က တာဝန်ထမ်းဆောင်ဖူးခြင်း မရှိပေ။  

“အစတုန်းကတော့ MEC တို့၊ အင်းဝဘဏ်တို့ဆိုတာက အစိုးရရဲ့အစိတ်အပိုင်းအနေနဲ့ လုပ်ခဲ့တာပေါ့နော်။ လုပ်ခဲ့တဲ့ အချိန်မှာ (သူ့ကို)  ခွင့်ပြုချက်(သမ္မတရုံး သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးထံက) ပေးထားတယ်ဆိုရင်တော့” ဥပဒေနှင့် ညီကြောင်း ရှေ့နေချုပ်ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

ထို့ပြင် ထိုတပ်ပိုင်စီးပွားရေးလုပ်ငန်းများ ယခုအချိန်တွင် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ခြင်းမရှိတော့ပင်လျှင် နိုင်ငံတော်၏ ခွင့်ပြုချက်ရှိထားပါက ပါဝင်နေသူ နိုင်ငံ့ဝန်ထမ်းများ ဥပဒေနှင့် ညီညွတ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

အထက်ပါကိစ္စများကို အကျိုးစီးပွားပဋိပက္ခရှိမရှိ စိစစ်အကြံပြုခဲ့သည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြီးအကဲ ရှေ့နေချုပ် ဦးထွန်းထွန်းဦးမှာ တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ဦးပိုင်ကုမ္ပဏီတွင် ၎င်း၏ရှယ်ယာ ရှိမရှိကို မသိရသေးပေ။

စိစစ်မှုများပြုလုပ်မည်ဟု ထုတ်ဖော်ပြောဆိုထားသည့် နိုင်ငံတော်သမ္မတရုံးထံ Myanmar Now က ယမန်နေ့တွင် မေးမြန်းသည့်အခါ ရှေ့နေချုပ်ရုံး၏ အကြံပြုချက်ကို သက်ဆိုင်ရာဌာနများက တောင်းခံရရှိပြီးဖြစ်သော်လည်း သမ္မတရုံးထံ တင်ပြလာခြင်းမရှိသေးဟု ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

“သံသယကင်းကင်းဖြစ်စေချင်တယ်ဆိုရင် ဒါတွေ(ဌာနအကြီးအကဲများ)ကို တိုက်ရိုက်ခန့်တဲ့ နိုင်ငံတော်သမ္မတဆီတင်ပြဖို့ ရှေ့နေချုပ်ရုံးက အကြံပြုထားတယ်လို့ သိရတယ်။ သမ္မတရုံးကို တင်ပြလာခြင်းမရှိသေးဘူး။ တင်ပြလာတဲ့အခါမှာလည်း သမ္မတဆီတင်ပြပြီး အဆုံးအဖြတ်ခံယူသွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၅ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေ၌ မည်သည့်အရာထမ်း၊ အမှုထမ်းမဆို ဆိပ်ကမ်းဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခုခုတွင် တိုက်ရိုက်/သွယ်ဝိုက်မပါဝင်ရန် ပြဋ္ဌာန်းထားသော်လည်း လက်ရှိဆိပ်ကမ်းအကြီးအကဲ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်နေသော ဦးပိုင်သည် ရန်ကုန်တွင် ဆိပ်ကမ်းလုပ်ငန်းများရှိနေခြင်းအပေါ် သမ္မတရုံး၏ ရှုမြင်ချက်ကို Myanmar Now က ထပ်မံမေးမြန်းရာ အများပြည်သူသံသယကင်းရှင်းစေရန် လုပ်ဆောင်မည်ဟု ဦးဇော်ဌေးက ပြန်ဖြေသည်။

“(သက်ဆိုင်ရာဌာနများက) တင်ပြလာလာတဲ့အပေါ်မှာ ခုနပြောတဲ့ ဥပဒေကြောင်းအရရှိမယ်။ နောက်တစ်ခုက အကျိုးစီးပွားပဋိပက္ခအပေါ်မှာ အများပြည်သူသံသယကင်းအောင် လုပ်ရမယ့်အပိုင်းတွေရှိတယ်”ဟု ၎င်းက ဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အခန်း ၈ ပါ လုပ်ပိုင်ခွင့်အာဏာရှိသူက ပိုင်ဆိုင်သည့် ငွေကြေးပစ္စည်းပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များကြေညာရန် ပြဋ္ဌာန်းချက်ကို ဦးဇော်ဌေးက ရည်ညွှန်းခြင်းဖြစ်ပြီး နည်းဥပဒေအတည်ပြုနိုင်ရေး ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“လုပ်ပိုင်ခွင့်ရှိသူဆိုတာကို ဘယ်လိုသတ်မှတ်မလဲဆိုတာ ကျွန်တော်တို့(အစိုးရအဖွဲ့) ဆွေးနွေးနေဆဲဖြစ်တယ်။ ကြေညာရင်လည်း ဘယ်အဆင့်အထိ ကြေညာမလဲ”ဟု ၎င်းက ရှင်းပြသည်။

ဦးဇော်ဌေးရည်ညွှန်းသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ ၂၀၁၃ ကတည်းက ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်သော်လည်း နည်းဥပဒေ အပြီးသတ်ရေးဆွဲမှုတွင် ကြန့်ကြာနေခြင်းဖြစ်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာနအကြီးအကဲနှစ်ဦး ဒါရိုက်တာအဖြစ် တာဝန်ယူထားသော ဦးပိုင်ကုမ္ပဏီကို တပ်မတော်က ၁၉၉၀ တွင်ထူထောင်ခဲ့ပြီး ၎င်းကုမ္ပဏီသည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုရှာဖွေရေးလုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအများအပြားတွင် လုပ်ကိုင်နေသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သမ္မတဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်းယူသည့် ၂၀၁၆ ဧပြီကာလတွင် တပ်မတော်ခေါင်းဆောင်းများက ကုမ္ပဏီနာမည်တွင် “ပြည်ထောင်စု” စာသားကို ဖြုတ်ကာ ‘မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အများပိုင်ကုမ္ပဏီ’ ဟု ပြောင်းလဲခဲ့သည်။ 

ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာနှစ်မျိုးရှိခဲ့သည့်အနက် (က) ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး (ခ) ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ သို့သော် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းမီ (က) ရှယ်ယာများကို (ခ) ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့သည်။

ထိုသို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ဦးပိုင်လီမိတက်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက်ဝင်ရန် တာဝန်မရှိတော့ပေ။

Show More

Related Articles

Back to top button