သတင်း

ဆိပ်ကမ်းအကြီးအကဲ ဦးပိုင်၏ ဒါရိုက်တာဖြစ်နေခြင်းမှာ ပြစ်မှုမဟုတ်ဟု ပို့ဆက်ဆို

တပ်မတော်၏ စီးပွားရေးလုပ်ငန်းဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် လက်ရှိ ဆိပ်ကမ်းအာဏာပိုင်အကြီးအကဲ ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်နေခြင်းမှာ ဥပဒေနှင့် မဆန့်ကျင်သလို အကျိုးစီးပွားပဋိပက္ခ ဖြစ်နိုင်ခြင်း မရှိဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုလိုက်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင်မှာ ဦးပိုင်တွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်နေသဖြင့် အကျိုးစီးပွားပဋိပက္ခမဖြစ်ပေါ်စေရေး မည်သို့စီမံထားရှိသည်ကို သိလိုကြောင်း နေပြည်တော်၌ ဗုဒ္ဓဟူးနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် Myanmar Now က မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ အစိုးရ ဘယ်လိုစဉ်းစားလဲဆိုတော့ ထွက်ခိုင်းလိုက်ရင်လည်းရတယ်၊ ဟုတ်တယ်မလား။ သို့သော်လည်း လုပ်နေခြင်းက ပြစ်မှုမြောက်တဲ့ကိစ္စလည်း မဟုတ်တဲ့အတွက်ကြောင့် တခြားပြဿနာမရှိရင် ဘာမှ ကန့်ကွက်စရာမရှိဘူးဆိုတဲ့ သဘောနဲ့ ရပ်တည်နေတာဖြစ်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ မိခင်ဝန်ကြီးဌာနဖြစ်သည်။

ဦးပိုင်၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်နောက်တစ်ဦးဖြစ်သော အကောက်ခွန်ဦးစီးဌာနညွှန်ချုပ်နှင့် ပတ်သက်၍မူ မိခင်ဝန်ကြီးဌာနဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ မှတ်ချက်တစ်စုံတစ်ရာမရရှိသေးပါ။

ဦးပိုင် စတင်ထူထောင်သည့် ၁၉၉၀ ကာလကတည်းက အရပ်ဘက်၌ အရေးကြီးသည့် ဌာနများထဲမှ နှစ်ခု (ဆိပ်ကမ်းနှင့် အကောက်ခွန်) ၏ အကြီးအကဲများကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားခဲ့ခြင်းဖြစ်ပြီး၊ လုပ်ငန်းကိုင်ငန်း အဆင်ပြေစေလို၍ဖြစ်စေ၊ အငြိမ်းစားဝန်ထမ်းများ၏ ကိုယ်စားလှယ်အဖြစ်ဖြစ်စေ ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်လည်း ငြိစွန်းမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

စီးပွားရေးလုပ်ငန်းကြီးဖြစ်သည့် ဦးပိုင်ကို လက်ရှိတပ်မတော်သားများ၊ တပ်မတော်သားဟောင်းများ၏ ငွေကြေးထည့်ဝင်မှုဖြင့် လည်ပတ်နေပြီး လုပ်ငန်းနယ်ပယ်အများအပြားတွင် စီးပွားရေးလုပ်ကိုင်နေပြီး ရှယ်ယာရှင်အချို့မှာ လက်ရှိတွင် အစိုးရဝန်ထမ်းများ၊ ဌာနအကြီးအကဲများဖြစ်နေကြခြင်းဖြစ်သည်။

ဦးဝင်းခန့်ကမူ ၎င်း၏ဝန်ကြီးဌာနလက်အောက်ရှိ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ အကြီးအကဲက ဦးပိုင်တွင် ထိုသို့ တာဝန်ယူထားသော်လည်း ကုမ္ပဏီအစည်းအဝေးများသို့ တက်ရောက်ခြင်းမရှိသလို၊ ကုမ္ပဏီ၏ မည်သည့်အကျိုးစီးပွားကိုမျှ ရယူခံစားနေခြင်းမရှိဟု ဆိုသည်။

“မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် စီးပွားရေးအဖွဲ့အစည်းတစ်ပိုင်းဖြစ်တဲ့အတွက် သူ့ဆီကို မည်သည့်လုပ်ငန်းမဆို မြန်မြန်လာပြီး များများအသုံးချမှ ဝင်ငွေရမှာဖြစ်ပါတယ်။ သီးခြားအကျိုးစီးပွားပေးစရာမလိုပါဘူး။ ကျွန်တော်တို့က (မြန်မာ့ဆိပ်ကမ်းအာဏာပိုင်) လိုက်ပြီး ဘယ်သူ့ကိုပဲဖြစ်ဖြစ် ကိုယ်တိုင်ဈေးကွက်ရှာရမှာဖြစ်တဲ့အတွက်ကြောင့် အကျိုးစီးပွားပဋိပက္ခမဖြစ်ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဦးပိုင်၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော လန်းပြီ ပင်လယ်ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီနှင့် ထာဝရနဒီသယ်ယူပို့ဆောင်ရေး (Ever Flow River Group) လုပ်ငန်းစုတို့ ပေါင်းကာ အမေရိကန်ဒေါ်လာ ၄၃ သန်းတန် Hlaing Inland Terminal and Logistics- HITLC အမည်ရှိ ကုန်းတွင်းဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းတစ်ခု ရန်ကုန်တွင် မကြာသေးမီကမှ လုပ်ပိုင်ခွင့်ရထားသည်။

အဆိုပါ EFR ကုမ္ပဏီမှာ မေ ၂၈ရက်ကပင် ရန်ကုန်စတော့အိတ်ချိန်း (YSX)၌ ရှယ်ယာအရောင်းအဝယ်ပြုခွင့်ရ စာရင်းဝင်ဖြစ်ခဲ့သည်။ YSX တွင် တင်ပြထားသည့် EFR ၏ ဖွင့်ဟကြေညာစာတမ်း (Disclosure Documents) ပါ မှတ်တမ်းများအရ အဆိုပါ HITLC ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို EFR က ပိုင်ဆိုင်ထားပြီး ကျန် ၅၁ ရာခိုင်နှုန်းကို လန်းပြီရေကြောင်းက ပိုင်ဆိုင်ထားကြောင်း တွေ့ရသည်။

ထိုသို့ ဆိပ်ကမ်းလုပ်ကိုင်ခွင့်များ ဦးပိုင်နှင့် ဆက်စပ်ကုမ္ပဏီများရရှိနေခြင်းမှာ နိုင်ငံ့တာဝန်နှင့် ပုဂ္ဂလိကအကျိုးစီးပွား ထွေးရောယှက်တင်ခြင်းရှိမရှိ Myanmar Now က မေးရာ “ဘာအခွင့်ထူးမှပေးလို့ရတဲ့ အခြေအနေမျိုးမရှိဘူး” ဟု ဦးဝင်းခန့်က ပြောသည်။

ဆိပ်ကမ်းအာဏာပိုင်အကြီးအကဲ ရာထူးနှစ်ခွယူထားခြင်းအပေါ် အများက မလိုအပ်ဟု ယူဆလျှင် ဦးပိုင်ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် မည်သည့်ပြဿနာမျှရှိမနေဟုလည်း ဦးဝင်းခန့်က ဆက်ပြောသည်။

ဦးပိုင်၏ အစုရှယ်ယာဌာနတွင် ဒါရိုက်တာအဖြစ် ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ဖူးသည့် ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျကမူ ကုမ္ပဏီ၏ နှစ်စဉ်အမြတ်ငွေခွဲဝေရာ၌ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များရရှိသော ဒါရိုက်တာကြေးမှာ သေးသေးမွှားမွှား မဟုတ်ကြောင်း နှင့် “မက်လောက်စရာပမာဏဖြစ်ကြောင်း Myanmar Now ကို ပြောဖူးသည်။

သွင်းကုန်၊ ပို့ကုန်ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်ရသည့် ဆိပ်ကမ်းနှင့် အကောက်ခွန် အစိုးရဌာနအကြီးအကဲများမှာ ၁၉၉၀ မှစ၍ ဦးပိုင်၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များအဖြစ် အစဉ်တစိုက်ပါဝင်လေ့ရှိပြီး အားလုံးမှာ တပ်မတော်အရာရှိဟောင်းများဖြစ်နေသည်။

အဆိုပါဌာနနှစ်ခုအနက် ဆိပ်ကမ်းအာဏာပိုင်အကြီးအကဲနှင့် ပတ်သက်၍မူ ရာထူးနှစ်ခွယူထားခြင်းအပေါ် ရှေ့နေချုပ်ရုံးထံမှ သဘောထားမှတ်ချက်ယူရန် သတင်းစာရှင်းလင်းပွဲမတိုင်မီတစ်နေ့က ဌာနတွင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီဖြစ်ကြောင်း ဦးဝင်းခန့်က ပြောသည်။

နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကလည်း ယင်းကိစ္စများအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်တောင်းခံမည်ဟု ပြောဖူးထားသော်လည်း နောက်ဆုံးအခြေအနေကိုမူ မသိရသေးပါ။

သမ္မတရုံးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက အကျိုးစီးပွားပဋိပက္ခရှိမရှိ စိစစ်ရန် မှတ်ချက်တောင်းခံသည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြီးအကဲ ရှေ့နေချုပ် ဦးထွန်းထွန်းဦးမှာလည်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ဦးပိုင်ကုမ္ပဏီတွင် ၎င်း၏ ရှယ်ယာရှိမရှိကို မသိရသေးသလို စစ်ဆေးမှုအခြေအနေကိုလည်း စုံစမ်းနိုင်ခြင်းမရှိသေးပေ။

Show More

Related Articles

Back to top button