တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်နေသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာအဖွဲ့တွင် ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာနအကြီးအကဲနှစ်ဦးပါဝင်နေခြင်းမှာ ဥပဒေနှင့် မညီသည့်အတွက် ၎င်းတို့သည် ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လိုက်ပြီဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင်နှင့် အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်သည် မြန်မာ့စီးပွားရေးဦးပိုင်၏ ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်နေသည့်အတွက် အကျိုးစီးပွားပဋိပက္ခရှိမရှိ စိစစ်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ အကြံပြုချက်တောင်းခံသွားမည်ဟု ဦးဇော်ဌေးက မေလကုန်ပိုင်းတွင် ပြောခဲ့သည်။
အဆိုပါအကြီးအကဲနှစ်ဦး ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နေခြင်းသည် ၂၀၁၃ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၀ (စ) နှင့် ၃၇ တို့အရ ဥပဒေနှင့် မညီညွတ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကြောင်းပြန်ခဲ့သည်ဟု ဦးဇော်ဌေးက ယနေ့ (ဇူလိုင် ၁၇ ) ညနေပိုင်း သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အဲဒီ (အကြောင်းပြန်ကြားမှု) ပေါ်မှာ မူတည်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်ကို ဇူလိုင် ၆ ရက်မှာပဲ ၎င်းရဲ့သဘောဆန္ဒအလျောက် နုတ်ထွက်ထားပြီးဖြစ်ကြောင်း၊ ဒီဦးပိုင်အဖွဲ့ကနေပေါ့နော်။ ဒါရိုက်တာဘုတ်အဖွဲ့ကနေ နုတ်ထွက်ထားပြီးဖြစ်ကြောင်းကို သမ္မတရုံးကို တင်ပြလာပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
ဆက်လက်ပြီး “အကောက်ခွန်ဦးစီးဌာနက ညွှန်ချုပ် ဦးကျော်ထင်ပေါ့နော်။ သူလည်းပဲ ဇူလိုင်လ ၆ ရက်နေ့မှာ အရင်တုန်းက ဆောင်ရွက်တဲ့ဆောင်ရွက်ချက်က ဥပဒေနဲ့မညီညွတ်တဲ့အတွက် (ဦးပိုင်) ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဆက်လက်ခန့်ထားရန် ခွင့်မပြုကြောင်းနဲ့ အရင်က ခွင့်ပြုထားတဲ့စာကို ဒီစာနဲ့ လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း စီမံ၊ ဘဏ္ဍာနဲ့စက်မှုဝန်ကြီးဌာနက ကာကွယ်ရေးကို တရားဝင်စာပို့ထားပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အကောက်ခွန်ဦးစီးဌာနသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ရှိသည်။ ဦးကျော်ထင်နှင့် ဦးနီအောင်တို့နှစ်ဦးစလုံး ဦးပိုင်၏ ဒါရိုက်တာအဖွဲ့တွင် ပါဝင်မှုကို သက်ဆိုင်ရာဝန်ကြီးဌာနနှစ်ခုစလုံးထံမှ သဘောထားခွင့်ပြုချက်ယူခဲ့ကြောင်း မြန်မာ့စီးပွားရေးဦးပိုင်၏ စီမံရေးဌာန အထွေထွေမန်နေဂျာ ဦးလှမျိုးက Myanmar Now ကို မေလနှောင်းပိုင်းတွင် ပြောခဲ့သည်။
နေပြည်တော်တွင် ဇွန် ၁၉ ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်သီတာဦးက ကိုလိုနီခေတ်အစိုးရဝန်ထမ်းစည်းမျဉ်းများကို ကိုးကားပြီး ဥပဒေနှင့်ညီညွတ်သည်ဟု ပြောဆိုခဲ့သည်။ ယင်းစည်းမျဉ်းများအရ နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုအစိုးရ သို့မဟုတ် နိုင်ငံတော်သမ္မတရုံးထံမှ ကြိုတင်ခွင့်ပြုချက်ရထားလျှင် အခြားစီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများ၌ ပါဝင်ပတ်သက်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်ဟု ဒေါ်သီတာဦးက ပြောခဲ့သည်။
တပ်မတော်က ၁၉၉၀ တွင် ထူထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်သည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုရှာဖွေရေးလုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအများအပြားတွင် လုပ်ကိုင်နေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သမ္မတဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်းယူသည့် ၂၀၁၆ ဧပြီ ကာလတွင် တပ်မတော်ခေါင်းဆောင်းများက ကုမ္ပဏီနာမည်တွင် “ပြည်ထောင်စု” စာသားကိုဖြုတ်ကာ ‘မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အများပိုင်ကုမ္ပဏီ’ ဟု ပြောင်းလဲခဲ့သည်။
ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာ နှစ်မျိုးရှိခဲ့သည့်အနက် (က) ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး (ခ) ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ သို့သော် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းမီ (က) ရှယ်ယာများကို (ခ) ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့သည်။ ထိုသို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ဦးပိုင်လီမိတက်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက်ဝင်ရန်တာဝန်မရှိတော့ပေ။
လက်ရှိတွင် ဦးပိုင်၏ရှယ်ယာများကို အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အရာရှိများ၊ တပ်မတော်သားများက ပိုင်ဆိုင်ထားသည်။
နိုင်ငံတော်ပြန်တမ်းများအရ ဦးနီအောင်ကို ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးအဖြစ် သမ္မတဟောင်းဦးထင်ကျော်လက်ထက် ၂၀၁၇ ဒီဇင်ဘာတွင် အတည်ပြုခန့်အပ်ခဲ့ပြီး အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်ကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၆ မတ်လတွင် ခန့်ထားခဲ့သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင် ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နေခြင်းသည် ဥပဒေနှင့် မဆန့်ကျင်သလို အကျိုးစီးပွားပဋိပက္ခ ဖြစ်နိုင်ခြင်းမရှိဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ဇွန် ၁၀ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မှတ်ချက်ပြုခဲ့သည်။
ဦးနီအောင်သည် ထိုသို့ တာဝန်ယူထားသော်လည်း ဦးပိုင်ကုမ္ပဏီအစည်းအဝေးများသို့ တက်ရောက်ခြင်းမရှိသလို၊ ကုမ္ပဏီ၏ မည်သည့်အကျိုးစီးပွားကိုမျှ ရယူခံစားနေခြင်းမရှိဟုလည်း ၎င်းက ပြောခဲ့သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဦးထွန်းထွန်းနိုင်ကို Myanmar Now က မေးမြန်းခဲ့မှုအရ ဦးပိုင်ဒါရိုက်တာအဖွဲ့တွင် ဦးကျော်ထင်သည် ဦးပိုင်ဒါရိုက်တာအဖွဲ့တွင် ပါဝင်နေသည်ကို မသိထားသည့်အတွက် ဝန်ကြီးနှင့် ဒုဝန်ကြီးထံ တင်ပြပြီး ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရှိမရှိ ဆွေးနွေးမည်ဟု ပြောခဲ့သည်။