အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြင်းခြံပရဟိတသမားအိမ် ပစ်ခတ်မှုတွင် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းအိမ်သို့ လက်နက်ကိုင်လူတစ်စုက ယမန်နေ့ (ဩဂုတ် ၃၁) ညဘက်တွင် သွားရောက်ပြီး အမျိုးသားနှစ်ဦးကို ပစ်ခတ်ရာ တစ်ဦး သေဆုံးသွားသည်။

ည ၈ နာရီခန့်တွင် လက်နက်ကိုင်အမျိုးသား ၈ ဦးခန့် ဆိုင်ကယ်များဖြင့် ရောက်လာရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု အိမ်ရှင်ဖြစ်သူ ၅၉ နှစ်အရွယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုနီက Myanmar Now ကို ယနေ့တွင် ပြောသည်။ 

၎င်းကို ရှာမတွေ့သဖြင့် သားဖြစ်သူ အသက် ၃၀ အရွယ် ကိုမင်းထက်ကို၊ ညီဖြစ်သူ အသက် ၅၀ ဝန်းကျင် ဦးကိုကိုအေးတို့ကို အိမ်ဝိုင်းအတွင်း မြေကွက်လပ်တွင် သေနတ်သမားများက ၂ ချက် ပစ်ခတ်ကြကြောင်း ဦးကိုနီက ပြောသည်။ 

“ကျွန်တော့်ကို လာရှာပြီး ကျွန်တော့်ကို မတွေ့တာနဲ့ ကျွန်တော့်သားကို ပစ်လိုက်တာ” ဟု ဦးကိုနီက ပြောသည်။ 

လက်နက်ကိုင်များ အိမ်အတွင်းသို့ ဝင်ရောက်လာပုံ၊ ၎င်းလွတ်မြောက်ခဲ့ပုံတို့ကို အသေးစိတ်ပြောဆိုခြင်း မရှိပေ။

ဗိုက်ကို ကျည်ထိမှန်သော သားဖြစ်သူမှာ သေဆုံးသွားကြောင်း၊ ညီဖြစ်သူ ဦးကိုကိုအေးမှာ မန္တလေးမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း ၎င်းက ဆက်ပြောသည်။

ကိုမင်းထက်ကို၏ ရုပ်အလောင်းကို စက်တင်ဘာ ၂ တွင် သင်္ဂြိုဟ်မည်ဖြစ်ပြီး ၎င်းတွင် ဇနီးနှင့် ၇ နှစ် အရွယ် သားတစ်ဦး၊ ၄ နှစ်အရွယ် သမီးတစ်ဦး ကျန်ရစ်သည်ဟု ဦးကိုနီထံမှ သိရသည်။

၁၀ နှစ်ကြာသက်တမ်းရှိ ဧရာဝတီသွေးလှူရှင်အသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သော ဦးကိုနီသည် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က ဖြင့် အမှုဖွင့်ခံထားရပြီး ရှောင်တိမ်းနေသည်မှာ ၄ လ ခန့်အကြာ ဇူလိုင်တွင်  စစ်ကောင်စီထံ အမှုပိတ်သိမ်းကြောင်း ခံဝန်ထိုး၍ နေအိမ်တွင် ပြန်နေထိုင်ကာ ပရဟိတလုပ်နေခြင်း ဖြစ်သည်။ 

“သူတို့ (စစ်ကောင်စီ) ပြန်ခေါ်လို့လာတာ။ ပရဟိတလုပ်ပါ၊ ဖြေလျှော့ပေးမယ်ပြောလို့ လာတာ။ တကယ်လည်း ဖြေလျှော့ပေးတယ်။ ကျွန်တော်တို့လုပ်တာ မန္တလေး လူနာလိုက်ပို့တယ်၊ ကိုဗစ်လူနာလည်း သယ်တယ်၊ အောက်စီဂျင်လည်း ပေးတယ်၊ သွေးလည်း ပေးတယ်၊ အခုလည်း လုပ်တယ်၊ အရင်တုန်းကလည်း လုပ်တာပဲ” ဟု ၎င်းက ဆိုသည်။ 

“ကျွန်တော့်ကို မြင်းခြံတစ်မြို့လုံးက ချစ်လိုက်ကြတာ ပြောရမယ်ဆိုရင်။ ကျွန်တော့်သား နာရေးမှာ မြင်းခြံတစ်မြို့လုံးက တော်တော်လေး လာကြတယ်၊ ပရဟိတ လုပ်ခဲ့တဲ့ အရှိန်အဝါနဲ့။  ဘယ်အဖွဲ့ကရယ်တော့ မသိဘူး။ အာဏာပိုင်တွေဘက်က လုပ်တာ မဟုတ်ဘူးလို့ပဲ သဘောထားလိုက်တယ်”  

ခံဝန်ထိုးသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ၎င်းက အသေးစိတ်ပြောပြခြင်း မရှိပေ။ 

အခင်းဖြစ်ပွားပြီးနောက် ရဲများ ရောက်လာပြီး စစ်ချက်ယူကာ ကျည်ဆန်များလည်း ယူသွားကြောင်း၊ စစ်တပ်ဘက်မှ အရာရှိတစ်ဦးက‌ ဒဏ်ရာရရှိသော ၎င်း၏ညီကို မန္တလေးဆေးရုံသို့ ပို့ပေးခဲ့သည်ဟု ဆိုသည်။

၎င်း မိတ်ဆွေတစ်ဦးကမူ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့က လုပ်ကြံသည်ဟု ယူဆနေသည်။ 

“ပျူအဖွဲ့ကပဲ လုပ်တယ်လို့ ကြားနေရတာ။ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က လုပ်တာတော့ မဖြစ်နိုင်ဘူး။ သေချာတယ်။ (ဧရာဝတီသွေးလှူရှင်အသင်းက) တစ်ခရိုင်လုံးကို သွေးပေးနေတဲ့အဖွဲ့လေ။ ပရဟိတနဲ့ ပတ်သက်လို့ လူချစ်လူခင် ပေါပြီးသား” ဟု ဦးကိုနီ၏ ရင်းနှီးသည့် မိတ်ဆွေတစ်ဦးက ဆိုသည်။ 

သို့ရာတွင် အရပ်သားအစိုးရလက်ထက်အုပ်ချုပ်ရေးမှူးဟောင်း၊ ဆန္ဒပြပွဲတွင် ပါဝင်သူ၊ ပရဟိတအသင်းခေါင်းဆောင်၊ စစ်ကောင်စီထံတွင် ခံဝန်ထိုးထားသူကို ပစ်မှတ်ထားခြင်းမှာ ပျူစောထီးအဖွဲ့ လက်ချက်ဟုတ်မဟုတ် Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီက ကျောထောက်နောက်ခံပေးထားသည့် အာဏာရှင်လိုလားသူ အရပ်သားများဟု ယူဆရသော ပျူစောထီးအဖွဲ့ အားကောင်းနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်လုပ်အမှုဆောင်များနှင့် အမာခံအားပေးထောက်ခံသူများကို အမည်စာရင်းထုတ်ပြန်၍ ခြိမ်းခြောက်ပြီးနောက် စာရင်းပါ ၂ ဦး သတ်ဖြတ်ခံထားရသည်။ 

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မြင်းခြံမြို့ ရဲတပ်ဖွဲ့တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button