
ကရင်နီဒေသတွင် ဇူလိုင်လလယ်မှ ဩဂုတ်လကုန်အထိ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၇၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဇူလိုင် ၁၂ မှ ဩဂုတ် ၃၁ အထိ ကယားပြည်နယ် ဘောလခဲ၊ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲ အကြိမ် ၃၀ ခန့် ဖြစ်ပွားခဲ့သည်။
တချို့တိုက်ပွဲများတွင် စစ်တပ်ဘက်မှ သေဆုံးသူကို အတိအကျ မကောက်ယူနိုင်၍ လက်တွေ့မှာ သေဆုံးသူပိုများနိုင်သည်ဟု ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဝင်များက ဆိုသည်။
“ဥပမာ မနေ့ညက တိုက်ပွဲလိုမျိုးပေါ့။ သူတို့ဘက်လည်းထိတာ တွေ့ရတယ်။ လဲကျပြီးတော့ သေတာလည်း တွေ့ရတယ်။ သို့သော် ဘယ်နှယောက်သေသွားလဲ အတည်ပြုလို့မရဘူး။ အတည်ပြုဖို့လည်း ခက်တယ်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
ကရင်နီဒေသအတွင်း ဇွန်လလယ်မှ လကုန်အထိ တိုက်ပွဲများ ငြိမ်သက်သွားပြီးနောက် ဇူလိုင်လဆန်းတွင် ကရင်နီတပ်မတော် (KA) နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
“သူတို့ နယ်မြေစိုးမိုးမှု လိုချင်တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆို ဒီလွိုင်ကော်အရှေ့ဘက်ခြမ်းနဲ့ ကျန်တာတွေက KA ထိန်းချုပ်နယ်မြေတွေလေ။ ဒီ KA ထိန်းချုပ်နယ်မြေကို စိုးမိုးချင်လို့ ထိုးစစ်ဆင်တယ်လို့တော့ မြင်တယ်” ဟု ၎င်းက ဆိုသည်။
ဇူလိုင်လဆန်းမှစ၍ စစ်ကောင်စီတပ်နှင့် KNDF, KA တို့ တိုက်ပွဲများ ပြန်ဖြစ်ခဲ့သည်။
ဩဂုတ် ၁၄ တွင် ပင်လောင်းမြို့နယ် ပင်ပုံနှင့် လယ်ဟွဲကျေးရွာအနီး ဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ၅ ဦးနှင့် PNA တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။
ထိုတိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များဖြစ်သော PDF-Pekhon, MBPDF, ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (PDF-DMO),KNDF တို့နှင့်အတူ KA က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
စစ်တပ်ဘက်မှ သေဆုံးမှုများပြားသော်လည်း အတည်ပြုရခက်ခဲကြောင်း Pekhon PDF ပြောရေးဆိုခွင့်ရှိသူကလည်း မှတ်ချက်ပြုသည်။
“အဲဒီထက်လည်း များကောင်းများနိုင်တယ်။ ဘာလို့လဲဆိုတော့ မိုင်းတွေလည်း သူတို့နင်းမိထားတယ်။ အဲဒီတိုက်ပွဲမှာ မြေအနေအထားအရ ချုံပုတ်တွေ အရမ်းများတယ်။ မိုင်းတွေလည်းထောင်ထားတော့ သွားပြီးအတည်မပြုနိုင်ဘူး” ဟု သူက ပြောသည်။
PDF များ၏ တိုက်ခိုက်မှုအနေဖြင့် ဩဂုတ် ၃ တွင် ဖယ်ခုံမြို့တော်ခန်းမ ဗုံးပေါက်ကွဲခဲ့ပြီး ရဲ ၂ ဦး သေဆုံးခြင်း၊ ဩဂုတ်လကုန်ပိုင်းတွင် လွိုင်ကော်ရှိ Mytel အရောင်းပြခန်းနှင့် ရုံးချုပ်တို့တွင် ဗုံးပေါက်ကွဲ၊ မီးလောင်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ဩဂုတ် ၂၃ တွင် ဒီးမော့ဆိုမြို့နယ်ရှိ Mytel တာဝါတိုင် ပေါက်ကွဲ ပျက်စီးခဲ့သည်။
ယင်း တစ်လခွဲအတောအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရပြီး လာရောက် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရှမ်းပြည်တောင်ပိုင်းမှ PDF တစ်ဦး သေဆုံးခဲ့သည်။
ထိုသို့ အပြင်းအထန်တိုက်ပွဲဖြစ်နေပြီး အထိနာနေသော ကရင်နီဒေသတွင် စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်၌ စစ်ကြောင်းထိုးရာမှာ အရပ်သားများကို ကြိုးတုပ်ကာ လမ်းပြအဖြစ် ခေါ်ဆောင်သွားနေကြောင်း PDF များနှင့် ဒေသခံတို့၏ လူမှုကွန်ရက်ဓာတ်ပုံများအရ သိရသည်။
ကရင်နီဒေသတွင် စစ်ကောင်စီ၏ ပဲခူးတိုင်း(အင်းမ)အခြေစိုက် တပ်မ ၆၆ နှင့် ရှမ်းပြည်နယ် ကလောမြို့နယ်အခြေစိုက် တပ်မ ၅၅ တို့က ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး တိုက်ပွဲနှင့် ထိခိုက်မှုအခြေအနေကို သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုဒေသတွင် စစ်ကောင်စီတပ်ဘက်မှ ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) ပူးပေါင်းတိုက်ခိုက်နေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p