သတင်း

မိတ္ထီလာဆေးရုံပြန်ဖွင့်သော်လည်း လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေ

မန္တလေးတိုင်း၊ မိတ္ထီလာပြည်သူ့ဆေးရုံကြီးတွင် လာရောက်ပြသသည့်လူနာများကို လက်ခံကုသပေးခြင်း မရှိဘဲ ဆေးရုံလွှဲပြောင်းစာသာ ရေးပေးနေသည့်အတွက် ဆေးကုသမှု အချိန်မီမရရှိဘဲ သေဆုံးသွားသည့် လူနာများရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လဆန်းတွင် ကျန်းမာရေးဝန်ထမ်း မလုံလောက်သည့်ကြားမှ စစ်ကောင်စီက မိတ္ထီလာဆေးရုံဖွင့်ရန် စီစဉ်ခြင်းဖြစ်သည်။ 

ရောက်လာသည့် လူနာအများအပြားကို ဆေးရုံလွှဲပြောင်းစာဖြင့် စစ်ဆေးရုံ၊ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံများထံ လွှဲပြောင်းပေးနေခြင်းဖြစ်ကြောင်း မိတ္ထီလာမြို့၊ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူ ကိုလွင်က ပြောသည်။

“ဆေးရုံစဖွင့်ကတည်းက လွှဲစာရေးပေးတာနဲ့ ဖွင့်တာပဲ။ ဆရာမလေးနှစ်ယောက် စားပွဲတစ်လုံးနဲ့ ထိုင်ပြီး လွှဲစာရေးပေးတာ။ အခုလည်း ထိုင်ပြီးလွှဲစာရေးပေးနေတာ။ လွှဲစာရေးပေးတာကလည်း စနစ်တကျနဲ့ လွှဲမယ့်ဆေးရုံနဲ့ ချိတ်ဆက်ပြီးလွှဲပေးတာမဟုတ်ဘဲနဲ့ ဒီဆေးရုံက လွတ်ရင်ပြီးရော လွှဲပေးနေတာ၊ နေပြည်တော်သွားမလား၊ မန္တလေးသွားမလား မေးတယ်။ ဘယ်သွားသွား ဆေးကုသမှု မရဘူး။ အခုဆိုရင် လူနာတွေလည်း ဆေးရုံသွားမရတဲ့အတူတူဆိုပြီး ကျွန်တော်တို့အသင်း ဘယ်ဆေးရုံမှ ပို့မပေးဘဲ နေနေတာ”ဟု ၎င်းက ဆိုသည်။

မိတ္ထီလာပြည်သူ့ဆေးရုံသို့ လူနာလိုက်ပို့ပေးရသည့်အခါတိုင်း ဖျားနာလူနာအနည်းငယ်ကိုသာ စစ်ဆေးပေးကြောင်း၊ အရေးပေါ်ထိခိုက်ဒဏ်ရာရသူများနှင့် မွေးလူနာများ လာလျှင် မေ့ဆေးဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်မရှိဟု အကြောင်းပြနေကြောင်း ၎င်းက မြင်တွေ့ရပုံကို ဆက်ပြောသည်။

မိတ္ထီလာစစ်ဆေးရုံကလည်း အရပ်သားလူနာများကို လက်မခံတော့ကြောင်း သိရသည်။

“ဖြစ်နေတာက ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တွေ CDM  (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်လို့ လူမရှိဘူး၊ ကုမပေးနိုင်ဘူး၊ စစ်ဆေးရုံသွားဆိုပြီး လွှဲစာထိုင်ရေးတယ်။ စစ်ဆေးရုံကလည်း အရပ်ဘက်ဆေးရုံ ဖွင့်ထားတယ်၊ အဲ့ဒီကိုပဲ သွားကုကြဆိုပြီး ကုမပေးဘူး။ အဲဒီတော့ လူနာတွေက ဘာမှ လုပ်မရဘူး။ နောက်ဆုံးသေဆုံးတဲ့အထိ ဖြစ်ကုန်ရော”ဟု မိတ္ထီလာမြို့ခံ ဦးစိုးက ဆိုသည်။

ဩဂုတ် ၂၆ တွင် မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်မှ ကိုယ်ဝန်ဆောင်တစ်ဦး မွေးဖွားခါနီးအချိန် ဆေးရုံသို့ သွားရောက်ခဲ့သော်လည်း လက်ခံကုသပေးခြင်းမရှိဘဲ နေပြည်တော်ဆေးရုံသို့ လွှဲပေးခဲ့ရာ ငွေကြေးအခက်အခဲကြောင့် နေအိမ်ပြန်လာပြီး မီးဖွားရာမှ အမြွှာမိန်းကလေးနှစ်ဦးလုံးနှင့် မိခင်ပါ သေဆုံးခဲ့ရသည်။

“စစ်ဆေးရုံကိုလွှဲလို့ သွားရင်လည်း အရပ်ဘက်က ပြည်သူ့ဆေးရုံကြီးပြန်ဖွင့်ထားတာပဲ၊ မင်းတို့ကို ဒီမှာ လက်ခံကုမပေးဘူး။ ပြည်သူ့ဆေးရုံပြန်သွားကြဆိုပြီး စစ်ဆေးရုံပြင်ပလူနာဌာနက တာဝန်ရှိသူတွေက ပြောလွှတ်တယ်၊ စစ်ဆေးရုံက သူတို့ နီးစပ်ပတ်သက်ရာလူနာတွေကိုပဲ လက်ခံကုပေးတာ”ဟု လူမှုကူညီရေးအသင်းမှ ကိုလွင်က ပြောသည်။

ကိုဗစ်တတိယလှိုင်းစတင်ချိန်တွင် ပြင်ပပုဂ္ဂလိကဆေးခန်းများ ဖျားနာသည့်လူနာ လက်ခံကုသခွင့် ပိတ်ပင်ခံထားရကြောင်း သိရသည်။

ဆေးရုံကြီးကလည်း လူနာအများအပြားကို လက်ခံရန် ငြင်းဆန်ကြောင်း မြို့ခံများက ဆိုသည်။

“ကျွန်တော့်ဦးလေးက ကိုဗစ်လက္ခဏာတွေနဲ့ တော်တော်ဆိုးနေတာ။ အောက်စီဂျင်လည်း တော်တော်ကျနေတယ်၊ အဲ့ဒါနဲ့ ဆေးရုံကြီးကိုခေါ်သွားပြီးတော့ ပြတာ၊ ဘယ်သူမှ ထွက်မလာဘူး။ ကားပေါ်မှာတင် ဆုံးသွားတယ်၊ ဆုံးသွားတော့လည်း ပြင်ပလူနာဌာနကို ဝင်ပြီးတော့ လူနာက ဆုံးသွားပြီ၊ ဆရာဝန်အတည်ပြုချက်လေး လိုချင်လို့ပါလို့ ပြောတာကို ဘာကြားသလဲ မသိဘူး။ မန္တလေးသွားမလား၊ နေပြည်တော်သွားမလားလို့ မေးတယ်” ဟု မိတ္ထီလာမြို့ခံတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြသည်။

မိတ္ထီလာပြည်သူ့ဆေးရုံသည် ခုတင် ၃၀၀ ဆံ့ဆေးရုံကြီးဖြစ်ပြီး ဆေးရုံတာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်းများ CDM လုပ်နေကြောင်း၊ မေ့ဆေးဆရာဝန်နှင့် ခွဲစိတ်ဆရာဝန် မရှိဟုဆိုကာ လူနာများကို ဆေးရုံလွှဲပြောင်းစာရေးပေးကာ လွှဲပြောင်းပေးနေခြင်းဖြစ်ကြောင်း အထက်ပါ မိတ္ထီလာမြို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆေးရုံတာဝန်ရှိသူများက ယင်းသို့အကြောင်းပြသော်လည်း မိတ္ထီလာမြို့ခံများအဆိုအရ ဆေးရုံမှ CDM လှုပ်ရှားမှုတွင် ပါဝင်နေသူ ၄၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။

မြို့ခံတို့၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန်၊ ကုသမှုလုပ်ငန်းအခြေအနေ ပိုမိုသိရှိရန် မိတ္ထီလာပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိ၊ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်တို့၏ လက်ကိုင်ဖုန်းများကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိကြပေ။

ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီးတွင် လူနာ ၁၅၀ ခန့် ရှိသည်ဟု လူမှုရေးအသင်းတွင် လုပ်ကိုင်နေသူတစ်ဦး၊ ဒေသခံတစ်ဦးတို့က ခန့်မှန်းသည်။   

Show More

Related Articles

Back to top button