သတင်း

​လွိုင်လင်လေးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချထွက်ပြေး 

ကယားပြည်နယ် လွိုင်လင်လေးမြို့နယ်တွင် ယမန်နေ့က ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့ လက်နက်ချထွက်ပြေးခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။

လွိုင်လင်လေးမြို့နယ် ဒေါတ‌‌‌ဟေးကျေးရွာအနီးတွင် ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ၄၅ မိနစ် ခန့်ကြာ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရသူများလည်းရှိကာ တပ်သားအချို့ ကြောက်လန့်တကြား လက်နက်များပစ်ချ ထွက်​ပြေးခဲ့သည်ဟု KNDF က ဆိုသည်။ 

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း KNDF ၏ ထုတ်ပြန်ချက်က ဆိုပြီး  ဓာတ်ပုံများတွင် စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရမိသည့် လက်နက်ငယ်သုံးလက်၊ ကျည်ဆန်များနှင့် အသုံးအဆောင်ပစ္စည်းအချို့ တွေ့ရှိရသည်။ 

လွိုင်လင်လေးဒေသတွင် ဖြစ်ပွားသော တိုက်ပွဲများနှင့် ပတ်သက်၍ KNDF ပြောရေးဆိုခွင့်ရှိသူက “လွိုင်လင်လေးဘက်မှာ နှစ်ရက်လောက် ရှိပြီ။ ကွန်နား၊ ဒေါတဟေး၊ တီလုံးအုပ်စုပေါ့နော်။ မနေ့က ညနေ ၅ နာရီလောက်အထိ တိုက်ပွဲတွေ ဖြစ်နေကြတယ်။ ဒီနေ့တော့ တစ်ဖက်နဲ့တစ်ဖက် စောင့်ကြည့်တဲ့ အနေအထားမျိုးပါပဲ” ဟု ပြောသည်။

နှစ်ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်မသိရသေးကြောင်း၊ လက်နက်ကြီးထိမှန်မှုကြောင့် KNDF အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိထားသည် ဟု ၎င်းက ဆက်ပြောသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါတဟေးကျေးရွာမှ နေအိမ် ၁၁ လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း KNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

ကရင်နီ(ကယား)ဒေသတွင် ယခုလအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး KA/KNDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ကြား ဩဂုတ်လအတွင်း ထိတွေ့တိုက်ပွဲ ၂၅ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။ 

လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲမြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်များတွင် KNDF/KA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်အကြား ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အထိနာလျက်ရှိသည်ဟု သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများနေရခြင်းမှာ လူအင်အားနှင့် တိုက်ရည်ခိုက်ရည်ကျဆင်းနေခြင်းအပြင် စစ်သားများအနေဖြင့် ၎င်းတို့ဆန္ဒမပါဘဲ တိုက်ခိုက်နေရခြင်းကြောင့်လည်း ဖြစ်သည်ဟု စစ်တပ်ကိုစွန့်ခွာခဲ့သူ CDM ဗိုလ်ကြီးတစ်ဦးဖြစ်သူ လင်းထက်အောင်က ဆိုသည်။

ကယားပြည်နယ်အတွင်း မေလမှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် လွိုင်ကော်အရှေ့ဘက်ခြမ်း၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဘောလခဲမြို့နယ်မှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိ အခြေအနေမှာတော့ တိုက်ပွဲက ပိုပြီးကျယ်ပြန့်လာတာပေါ့။ မြို့ပေါ်မှာလည်းဖြစ် တောတွေမှာလည်းဖြစ် ပိုပြီးကျယ်ပြန့်လာတော့ ပြည်သူရဲ့လမ်းသွားလမ်းလာအတွက် ပိုပြီး အခက်အခဲဖြစ်စေတယ်။ အရပ်သားထိခိုက်မှုတွေလည်းရှိတယ်။ စစ်တပ်တွေ ရမ်းသန်းပြီးပစ်လို့ လက်နက်ကြီးထိတာ တွေရှိတယ်ဟု ဒီးမော့ဆိုမြို့နယ်မှ စစ်ရှောင်ကူညီရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးပြီး လမ်းပြ၊ ဓားစာခံ၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများရှိသည့်အပြင်ဖမ်းဆီးထားသူများကို စစ်ဝတ်စုံဝတ်ဆင်စေပြီး ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) သတင်းနှင့် ပြန်ကြားရေးဌာန KNIC တို့ကထုတ်ပြန်ထားသည်။ အဆိုပါ ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍သူတို့ဖမ်းထားတဲ့သူ ပြန်လွှတ်တယ်လို့ မကြားရသေးဘူးဟု ဒေသခံတစ်ဦးက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button