ဆောင်းပါး

ကုလသမဂ္ဂစင်မြင့်ထက်က NUG နှင့် စစ်ကောင်စီတို့၏ ဗိုလ်လုပွဲ

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံအနှံ့ကြုံတွေ့နေရသည့် စစ်တပ်၏ ရက်စက်မှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုများကို ရည်ညွှန်း၍ Facebook Profile အနက်ရောင်သုံးထားသည့် ကိုရည်မွန်* ကိုယ့်ရုပ်ပုံ အစစ်အမှန်ကိုသာ ပြန်သုံးရန် ဩဂုတ် ၁၀ ရက်၌ ဆုံးဖြတ်လိုက်သည်။

ကုလသမဂ္ဂအမှတ်တံဆိပ်ရှေ့တွင် NUG (အမျိုးသားညီညွတ်ရေးအစိုးရ)ဟု ရေးထားသော အောင်လံစိုက်ထူနေသည့် လူရုပ်ပုံနှင့်တကွ “NUG ကို လက်ခံ၊ စစ်တပ်ကို ငြင်းဆန်” (Accept NUG. Reject Military.) ဟူသော စာသားပါဝင်သည့် ဘောင်တစ်ခုဖြင့် သူ၏ ရုပ်ပုံကို အနားကွပ်ခဲ့သည်။

“ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်တိုင်ကိုယ်ကျ (စစ်အာဏာရှင်အမြစ်ဖြုတ်ရေးမှာ) ပါဝင်နိုင်တဲ့နေရာကနေ ပါဝင်တာ။ (ဒီလှုပ်ရှားမှုက) ဘယ်လောက်ပဲ အရေးမပါဘူးဆိုဆို၊ အရာမရောက်ရင်တောင်မှ စစ်တပ်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ခြိမ်းခြောက်နိုင်တယ်”ဟု ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဒီပလိုမာဘွဲ့ရ အသက် ၃၀ အရွယ် ကိုရည်မွန်* က ပြောသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ စက်တင်ဘာ ၁၄ ရက်မှစ၍ ကျင်းပရန်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာနိုင်ငံကိုယ်စား NUG ကို အသိအမှတ်ပြုရန်၊ စစ်ကောင်စီကို ငြင်းပယ်ရန် တိုက်တွန်းသော Facebook လှုပ်ရှားမှုတစ်ခုတွင် ကိုရည်မွန်*က ပါဝင်နေခြင်းဖြစ်သည်။

“အရေအတွက်အားဖြင့် တိုက်ရိုက်တော့ အကျိုးမပြုပေမယ့်လို့ မြန်မာပြည်သူလူထုရဲ့ သဘောထားက ဘယ်လိုရှိတယ်ဆိုတာကို ပြတဲ့နေရာမှာ တစ်ဦးတစ်ယောက်အနေနဲ့ ပါဝင်တယ်။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေ သဘောထား ထုတ်ပြဖို့ရာအတွက်လည်း ကိုယ့်လုပ်ဆောင်ချက်က အထောက်အကူဖြစ်မယ် မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။

လှုပ်ရှားမှုကို ဖန်တီးစတင်သည့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB) ၏ စာရင်းအရ ထိုသို့ Facebook Profile ပြောင်းသူအရေအတွက်မှာ ဩဂုတ် ၁၀ မှ ၁၈ အတွင်း  သုံးသန်းဝန်းကျင်ရှိနေကြောင်း သိရသည်။

ထိုအစီအစဉ်စတင်ပြီး နှစ်ရက်ကြာ(ဩဂုတ် ၁၁) အထိ တစ်သန်းကျော်သာရှိရာမှ Accept NUG. Reject Military. Facebook Profile အသုံးပြုသူများကို စစ်ကောင်စီက အရေးယူမည်ဟု သတင်းများထွက်ပေါ်လာသည့်​ ဩဂုတ် ၁၂ တစ်ရက်ထဲမှာပင် သုံးစွဲသူ တစ်သန်းကျော် ထပ်တိုးလာကြောင်း GSCB အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

သို့သော် အဆိုပါလှုပ်ရှားမှု လုပ်ရုံမျှဖြင့် ပြည်သူတို့လိုလားနေသည့် အပြောင်းအလဲကြီး၊ အောင်မြင်မှုကြီး ရလိမ့်မည်မဟုတ်သည်ကိုတော့ ၎င်းက လက်ခံထားပါသည်။

“မြန်မာပြည်သူတစ်ရပ်လုံးက ဘာကိုထောက်ခံနေလဲ၊ ဘာကိုလိုလားနေလဲဆိုတာကိုတော့ အထွေထွေညီလာခံမကျင်းပမီအချိန်မှာ ကုလဘက်ကရော နိုင်ငံတကာကပါ ဒီစည်းရုံးလှုံ့ဆော်မှုကတစ်ဆင့် သတိပြုမိသွားဖို့အတွက်၊ ကျွန်မတို့ရဲ့ အသံနဲ့ လိုလားချက်တွေကို နားထောင်ပေးဖို့အတွက် မျှော်လင့်တယ်” ဟု GSCB အဖွဲ့ဝင်က ပြောသည်။

အထက်ပါ လှုပ်ရှားမှုမတိုင်မီ ၁၀ ရက်ခန့်အလိုကတည်းက စစ်ခေါင်းဆောင်သည် ကိုယ့်ကိုယ်ကို ဝန်ကြီးချုပ်ခန့်၍ အိမ်စောင့်အစိုးရဖွဲ့ကာ တရားဝင်အစိုးရတစ်ရပ်ဖြစ်သယောင် ဖန်တီးထားခြင်းဖြင့် ကုလဆိုင်ရာ ကိုယ်စားပြုခွင့်ပြိုင်ပွဲအတွက် ခြေလှမ်းပြင်ထားသည်။

သို့သော် စစ်ကောင်စီသည် ကုလစင်မြင့်ထက်သို့ တက်ရန် ပြင်ဆင်နေသည့် အစီအမံများ ပေါ်ပေါ်ထင်ထင်ထုတ်မပြဘဲ ၎င်းကို ပြစ်တင်ဝေဖန်နေသည့် နိုင်ငံတကာနှင့် ကုလအရာရှိများကို ခွန်းတုံ့ပြန်သည့် ကြေညာချက်များသာ ထုတ်ပြန်နေသည်။

ယင်းနှင့်စပ်လျဉ်း၍ စစ်ကောင်စီထံ မေးမြန်းခွင့်မရသေးသော်လည်း ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၍ အာဏာသိမ်းမည့်လမ်းကြောင်းကို စစ်တပ်နှင့် ပူးပေါင်းဖော်ဆောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ၏ သဘောထားအမြင်ကိုတော့ သိခွင့်ရခဲ့သည်။

စစ်ကောင်စီသည် တရားဝင်မှုကို တကူးတကတောင်းဆိုရမည့် အခြေအနေတွင်မရှိဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

“အိမ်စောင့်အစိုးရ(စစ်ကောင်စီ)ဆိုတာက လက်ရှိမှာ တရားဝင်မှုရှိနေတဲ့အတွက် (ကုလညီလာခံမှာ) အသိအမှတ်ပြုခံရလိမ့်မယ်လို့ ထင်ပါတယ်”ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

လက်တွေ့တွင်မူ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုမှာ တရားမဝင်သဖြင့် အဖွဲ့ဝင်နိုင်ငံများက အသိအမှတ်မပြုကြရန် ကုလအထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေးက ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက ဆုံးဖြတ်ထားပြီးဖြစ်သည်။

သို့သော် NUG နှင့် စစ်ကောင်စီ မည်သူ့ကို မြန်မာနိုင်ငံကိုယ်စားပြုခွင့်ပေးမည်ဆိုသည်မှာ သဲသဲကွဲကွဲ မရှိသေးသဖြင့် လာမည့် ရက် ၂၀ ကျော်တွင် ကျင်းပတော့မည့် ၇၆ ကြိမ်မြောက် အထွေထွေညီလာခံမှာ နှစ်ဖက်စလုံးအတွက် အသက်ဖြစ်နေသည်။

ထိုအခွင့်အရေး၏ ရလဒ်မှာ ကုလနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စများအပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)ကဲ့သို့သော အရေးပါသည့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ကိုယ်စားပြုခွင့်ကိုပါ အကျိုးသက်ရောက်ရန်ရှိသည်။

ထို့အတူ အာဏာသိမ်းစစ်တပ်၏ ပြည်သူအပေါ် ရက်စက်စွာ ဖိနှိပ်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)တွင် အမှုဖွင့်ရန် ကြိုးပမ်းနေသည့် NUG ၏ ခြေလှမ်း လွယ်လင့်တကူ ရှေ့တိုးနိုင်ရန်အတွက်လည်း အခရာကျသည်။

ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ရင်ဆိုင်နေရသည့် အမှုတွင် အဓိကစွပ်စွဲခံရသူဖြစ်သည့် စစ်အုပ်စုက ၎င်း၏ တရားဝင်ချေပခွင့်ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် ကိစ္စတွင်လည်း လွန်စွာအရေးပါသည်။

လွန်ခဲ့သည့် ရက်ပိုင်း(ဩဂုတ်၁၀)ကပင် ကုလသည် အစိုးရများကို အသိအမှတ်ပြုပေးသည့် အဖွဲ့အစည်းမဟုတ်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာက ပြောထားသဖြင့် အခြေအနေများမှာ ဝေဝါးဆဲဖြစ်သည်။

သို့သော် အဖွဲ့ဝင်နိုင်ငံများ၏ အဆုံးအဖြတ်ပေါ်တွင် မူတည်ကြောင်း၊ ဆုံးဖြတ်ချက်မချနိုင်မချင်း လက်ရှိကိုယ်စားပြုနေသည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း(NUG)ကိုသာ ဆက်လက်အသိအမှတ်ပြုမည်ဖြစ်ကြောင်း ခရစ္စတင်းဘာဂနာက ဆိုထားသည်။

ထို့ကြောင့် လာမည့် ကုလအထွေထွေညီလာခံ၌ သဘာပတိ၏ ခွင့်ပြုချက်အရ အဖွဲ့ဝင်နိုင်ငံ ၉နိုင်ငံ (ကြိုတင်မသိရ)ဖြင့် ဖွဲ့စည်းမည့် အရည်အချင်းစိစစ်ရေးကော်မတီ (Credentials Committee)၏ အကဲဖြတ်မှုမှာ NUG နှင့် စစ်ကောင်စီအတွက် အရေးပါနေသည်။

မြန်မာ့အရေးဆိုင်ရာ ကုလအရာရှိ လက်ရှိနှင့် အဟောင်းတို့ဖြင့် ဖွဲ့စည်းထားသည့် အထူးအကြံပေးကောင်စီ (SAC – M)က ဩဂုတ် ၁၁ ထုတ် စာတမ်းတစ်စောင်တွင်တော့ အောက်ပါအတိုင်း ဖော်ပြထားသည်။

လိုအပ်ပါက ကုလညီလာခံ၌ မဲခွဲဆုံးဖြတ်မည်၊ NUG သို့မဟုတ် စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို အသိအမှတ်ပြုမည်၊ လက်ရှိကိုယ်စားလှယ်ကိုသာ ဆက်ထားမည်၊ ဆုံးဖြတ်ရန် ရွှေ့ဆိုင်းမည် စသည့် နည်းလမ်းများအပါအဝင် မည်သည့် ကိုယ်စားလှယ်မှ မထားရန်အထိ ဖြစ်နိုင်ခြေမျိုးစုံရှိနေကြောင်း ပါဝင်သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀၊ အောက်တိုဘာကတည်းက လက်ရှိအထိ ထိုရာထူးတွင် တာဝန်ထမ်းဆောင်နေသူ ဦးကျော်မိုးထွန်းကိုယ်တိုင်ကပင် ၎င်း၏ ရာထူးတည်မြဲရေးနှင့် NUG ကို ကုလက အသိအမှတ်ပြုရေးကိစ္စများ မည်သို့ဖြစ်လာမည်ကို မခန့်မှန်းနိုင်သေးကြောင်း ဩဂုတ် ၆ရက်တွင် Myanmar Now ကို ပြောထားသည်။

“ပြည်သူတွေရဲ့ ပြင်းထန်တဲ့ဆန္ဒ၊ ပြည်သူတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ဒီနေရာကို ပြည်သူကို ကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်အဖြစ် ဆက်ရှိသွားမယ်လို့ ယုံကြည်ပါတယ်”ဟု လက်ရှိတွင် NUG နှင့် ပူးပေါင်းထားသည့် ၎င်းက ပြောသည်။

မေ ၂ ရက် ထိုင်ဝမ်ရောက် မြန်မာများဦးဆောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် NUG ကို ထောက်ခံကြောင်း ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ − EPA) 

မေ ၂ ရက် ထိုင်ဝမ်ရောက် မြန်မာများဦးဆောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် NUG ကို ထောက်ခံကြောင်း ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ − EPA) 

ဦးကျော်မိုးထွန်းကို ရာထူးမှ ထုတ်ပယ်၍ နိုင်ငံတော်သစ္စာဖောက်အဖြစ် ဖေဖော်ဝါရီလကတည်းက အမှုဖွင့်ထားသည့် အာဏာသိမ်းစစ်တပ်၏ အခြေအနေမှာလည်း ထိုသို့ပင်ဖြစ်သည်။

NLD အစိုးရခေါင်းဆောင်များကို ဖမ်းဆီးကာ အာဏာသိမ်းပြီး နောက်တစ်လ ဇွန်တွင် ဦးကျော်မိုးထွန်းအစား စစ်သက် ၂၆ နှစ်ရှိ ဗိုလ်မှူးကြီးအောင်သူရိန်နှင့် အစားထိုးရန် ကုလထံ အရေးဆိုခဲ့ဖူးသော်လည်း အရာမထင်ခဲ့ပေ။ 

ထိုအခြေအနေတွင် ဩဂုတ် ၆ရက်၌ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နေထိုင်သည့် ဦးကျော်မိုးထွန်းကို တိုက်ခိုက်ရန် ကြံစည်မှုပေါ်ပေါက်လာခဲ့ပြီး စစ်တပ်၏ ခြေရာလက်ရာမကင်းဟု သတင်းများထွက်နေသဖြင့် စစ်ကောင်စီမှာ ပို၍ အကျပ်ရိုက်နိုင်ကြောင်း နိုင်ငံရေးသုတေသီ ဦးတင်မောင်သန်းက သုံးသပ်သည်။

“အာဏာသိမ်းအစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေကို ပြန်ကြည့်ဖို့ နှိုးဆော်သလို ဖြစ်သွားစေတယ်”ဟု ၎င်းက Myanmar Now ကိုပြောသည်။

ထို့အတူ ဇွန် ၁၈ တွင် ကျင်းပခဲ့သည့် ကုလအထွေထွေညီလာခံ၌ မြန်မာသို့ စစ်လက်နက်ပစ္စည်းများစီးဝင်နေမှု တားဆီးရေး ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဘဲလာရုစ်တစ်နိုင်ငံတည်းသာ စစ်တပ်ဘက်မှရပ်၍ ကန့်ကွက်မဲပေးခဲ့သည်ကို ကြည့်လျှင် နိုင်ငံတကာမျက်နှာစာ၌ စစ်ကောင်စီ၏ အခြေမလှမှုကို တွေ့နိုင်ကြောင်း ဦးတင်မောင်သန်းက ဆိုသည်။

သို့သော် ထိုအကြောင်းခြင်းရာတို့ကို ကြည့်ရုံဖြင့် NUG မှာ ကုလ၏ အသိအမှတ်ပြုမှု ကျိန်းသေရမည်ဟု မဆိုနိုင်ကြောင်း၊ မည်သို့ဖြစ်လာမည်ကို ခန့်မှန်းရခက်ကြောင်း ၎င်းက ဆက်ပြောသည်။

“အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဘူး။ NUG အစိုးရကို အသိအမှတ်ပြုမယ်ဆိုပြန်တော့လည်း သံတမန်ရေးဆက်ဆံမှုတွေကို ရပ်ရမယ်၊ (မြန်မာနိုင်ငံမှာ) ရှိနေတဲ့ သံရုံးတွေကို ဘယ်လိုပုံစံနဲ့ ရုပ်သိမ်းရမယ်ဆိုတဲ့ လက်တွေ့ဆိုင်ရာ ပြဿနာတွေရှိတယ်”ဟု ဦးတင်မောင်သန်းက ပြောသည်။

လာမည့် အထွေထွေညီလာခံတွင် ဖြစ်နိုင်ခြေမျိုးစုံရှိသော်လည်း NUG ကို အသိအမှတ်ပြုခြင်း၊ ဆုံးဖြတ်ချက်မချဘဲ ရွှေ့ဆိုင်းကာ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အသိအမှတ်ပြုခြင်း စသည့် နည်းလမ်းနှစ်ခုမှာ အလားအလာကောင်းကြောင်း SAC-M က ခန့်မှန်းသည်။

SAC-M ၏ အဆိုအရ မြန်မာ့ကိုယ်စားပြုမှုရွေးချယ်ပွဲအတွက် ကုလဆုံးဖြတ်ချက်မှာ ၂၀၂၁ နှစ်ကုန် နောက်ဆုံးထား၍ ထွက်ပေါ်လာပါလိမ့်မည်။

(ကိုရည်မွန်*သည် လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားသူဖြစ်သည်)

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button