ဆောင်းပါးရုပ်ပုံလွှာ

အသက် ၅၀ ပြည့်မွေးနေ့ကို အင်းစိန်ထောင်တွင်း ကျော်ဖြတ်ရမည့်စာရေးဆရာ 

ဧပြီ ၂၄  ညဘက် စာရေးဆရာမ တူးတူးသာရှိနေသည့် ရန်ကုန်၊ သန်လျင်မြို့နယ် နေအိမ်သို့ စစ်ကောင်စီတပ် ရောက်လာပြီး ဧည့်စာရင်းစစ်မည် အကြောင်းပြကာ အိမ်ထဲတွင် မွှေနှောက်ရှာဖွေကြသည်။

ထို့နောက် မောင်ဖြစ်သူ အိမ်ရှင် ကိုရဲနောင်၊ မိသားစုသန်းခေါင်စာရင်းတွင် မပါဝင်ကြသော စာရေးဆရာမ တူးတူးသာ၊  သားဖြစ်သူကိုဉာဏ်လူသစ်၊ သား၏ သူငယ်ချင်း ကိုသီဟစိုးတို့ကို ဖမ်းသွားကြသည်။ ဖုန်း၊ ကွန်ပျူတာတို့ကိုလည်း သိမ်းယူသွားကြသည်။ 

ဧည့်စာရင်းအကြောင်းပြ၍ ဖမ်းသွားသည့်အတွက် မကြာမီ ပြန်လည်လွတ်မြောက်လာမည်ဟု မိသားစုဝင်တို့က မျှော်လင့်ခဲ့ကြသော်လည်း လေးလကျော်ကြာလာသည့် ယနေ့အထိ ထောင်ဝင်စာ တွေ့ခွင့်မရကြသေးပေ။ 

သူတို့ကို ရွှေပြည်သာစစ်ကြောရေးစခန်းတွင် သုံးရက်ကြာ စစ်ဆေးပြီးနောက် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ကာ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ က ဖြင့် တရားစွဲထားကြောင်း မိသားစုဝင်များက နောက်ပိုင်းမှ သိခွင့်ရခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားသည့် စာရင်းအရ စစ်ကောင်စီ ဆက်လက်ဖမ်းဆီးထားသူ ၅၉၆၉ ဦးထက်မနည်း ရှိနေပြီး ထိုအထဲတွင် မတူးတူးသာတို့လည်း အပါအဝင်ဖြစ်သည်။ 

မတူးတူးသာတို့ကို ထောင်တွင်းတရားရုံးတွင် ဇွန်လကုန်ပိုင်းထိ ငါးကြိမ်မြောက် စစ်ဆေးခဲ့ပြီး ကိုဗစ်တတိယလှိုင်းကြောင့် တရားခွင် ရပ်နားထားသည်။  

မတရားမှုကို မြင်လျှင် ငုံ့မခံတတ်၊ ပြောဆိုတုံ့ပြန်ရန် ဝန်မလေးသူ မတူးတူးသာသည် ၁၉၉၉ နှစ်ကုန်ပိုင်းတွင် သတင်းမီဒီယာလောကသို့ စတင်ဝင်ရောက်ပြီး ဖလားဝါးနယူးစ်ဂျာနယ်တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ 

၂၀၀၇ နှစ်ကုန်ပိုင်းမစတင်ကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ငါးနှစ်ကြာ အခြေချပြီး ဧရာဝတီသတင်းဌာနတွင် အေးချမ်းမြေ့ ကလောင်အမည်ဖြင့် သတင်းများ၊ ဆောင်းပါးများ ရေးသားတည်းဖြတ်သည့် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ 

စာရေးစာဖတ်ဝါသနာပါသူ တူးတူးသာသည် လုပ်ငန်းတွင် စိတ်ရောကိုယ်ပါ အားထည့်လုပ်ဆောင်တတ်သည်ဟု ဧရာဝတီသတင်းဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ မြန်မာပိုင်းအယ်ဒီတာ ရဲနည်က မှတ်ချက်ပြုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဧရာဝတီသတင်းဌာန ရန်ကုန်တွင် ရုံးဖွင့်နိုင်ခဲ့ရာ စာရေးဆရာမ တူးတူးသာလည်း ပြည်တော်ပြန်ဝင်ခဲ့သည်။ 

၂၀၁၆ တွင် သန်လျင်မြို့အခြေစိုက် The Thanlyin Post ဂျာနယ်ကို နှစ်နှစ်နီးပါးထုတ်ဝေပြီးနောက် ရန်ကုန်အခြေစိုက် မြန်မာသတင်းပညာသိပ္ပံ (MJI) တွင်လည်း နည်းပြတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။

ကွယ်လွန်သူ ဖခင်ဖြစ်သူ ကာတွန်းဆရာ အနောင်၏ တိုက်တွန်းမှုကြောင့် အင်းစိန် GTI စက်မှုလက်မှုကျောင်းတက်ခဲ့သူ တူးတူးသာသည် စာရေးဆရာတစ်ယောက်ဖြစ်ချင်သည့် ငယ်ဘဝအိပ်မက်ကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဝတ္ထုရှည်၊ ဝတ္ထုတို အများအပြား ရေးသားခဲ့သည်။ 

ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာအလုပ်သမားများအတွက် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းကို အခြေပြုရေးဖွဲ့ထားသည့် “အဖေ့ကျောင်း” ဝတ္ထု ၂၀၁၅ ခုနှစ်တွင် ထွက်လာသည်။ ဒုတိယမြောက်လုံးချင်းအဖြစ် အင်းစိန် GTI ကျောင်း လွမ်းမောဖွယ်ရာများကို ရေးဖွဲ့ထားသည့် “ဗန်တမာလမ်းက အလွမ်းခြေရာ” စာအုပ်မှာ ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ထွက်လာသည်။

တူးတူးသာသည် ၂၀၀၀ ပြည့်နှစ်မတိုင်မီ မဂ္ဂဇင်းခေတ်ရေစီးကြောင်း အားကောင်းမောင်းသန် စီးဆင်းနေချိန် ခေတ်ပြိုင်စာရေးဆရာများကြားတွင် ပွင့်လင်း၊ ရဲရင့်တက်ကြွသူဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်တွင် ရောက်ရှိနေသည့် ကဗျာဆရာ၊ စာရေးဆရာ အောင်ဝေးက မှတ်ချက်ပြုသည်။ 

“ပြည်ပကနေ သူ စာတွေအများကြီးရေးနိုင်ခဲ့တယ်။ သန်လျင်မှာ သူ ဂျာနယ်ထုတ်တယ်။ သူ စက်ဘီးစီးတယ်။ သူ ပရဟိတလုပ်တယ်။ ဒါတွေက အွန်လိုင်းပေါ်မှာ တွေ့နေရတာ။ ဆရာမတူးတူးသာ အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေဗျာ” ဟို ကဗျာဆရာအောင်ဝေးက ပြောသည်။

လူ့စရိုက်သဘာဝများကို ဟာသအမြင်များဖြင့် ရေးဖွဲ့ထားသည့် စာအုပ်များကို ကြိုက်နှစ်သက်သူ တူးတူးသာသည် ကြုံလာသည့်အခက်အခဲများကိုလည်း သရော်စာအဖြစ် ပြောင်းလဲရေးဖွဲ့နိုင်စွမ်းရှိသူဟု နှစ်ပေါင်းနှစ်ဆယ်နီးပါး ရင်းနှီးလာသည့် မိတ်ဆွေ ဒေါ်တင်ဇာက မှတ်ချက်ပေးသည်။

“(သူက) အရာရာကိုတွေ့တဲ့အခါမှာ အနုပညာမျက်စိနဲ့ ကြည့်တယ်။ ချစ်ခင်တဲ့စိတ်နဲ့ ကြည့်တယ်။ အရာရာကို ဒုက္ခတွေ့ရင်တောင် ဒါကိုစာအနေနဲ့ သရော်ပစ်တာ။ စာအနေနဲ့ရေးပြီး သရော်ပစ်တယ်။ ဟားတိုက်ပစ်တယ်။ ကဗျာတွေဖွဲ့ပစ်တယ်။ စာတွေ ဖွဲ့ပစ်လိုက်တာပေါ့”ဟု ဒေါ်တင်ဇာက  ဆိုသည်။ 

လူ့စရိုက်သဘာဝများကို သရော်ဟန်ဖြင့် ရေးဖွဲ့ထားသည့် “ဖွတ်ဒင်နှင့်ဝတ္ထုတိုများ” သည် သူ၏ထင်ရှားသည့် လက်ရာများထဲက တစ်ခုဖြစ်သည်။

တူးတူးသာသည် စာပေနှင့်ဂီတတွင် ခုံမင်သော သတင်းသမားဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ စာရေးဆရာမ မေးငြိမ်းက  မှတ်ချက်ပြုသည်။

“သတင်းအလုပ်ကို တကယ်ယုံယုံကြည်ကြည်နဲ့ ဇွဲခတ်တဲ့ သတင်းသမားကောင်း ပီသသူ၊ လက်တွေ့ဘဝမှာ ဘယ်လိုရှိရှိ လောကကို အကြည်ဓာတ်နဲ့ ကြည့်တတ်သူ.. အဲဒီ အကြည်ဓာတ်ခံနဲ့ အသောစာလေးတွေ ရေးနိုင်သူ၊ သီချင်းတွေကို ချစ်တတ်လေတော့ သီချင်းရေး သီချင်းဆို ဂီတာတီးပြီးလည်း ကျေနပ်နေတတ်သူ၊ တူးတူးသာဟာ လောကဆီ အငြိမ်းဓာတ်ပေးလိုသူသာဖြစ်တယ်”

နာမည်ကျော် အင်းစိန်ထောင် အမျိုးသမီးအချုပ်ဆောင်ရှိ လူ ၆၀ နီးပါး စုထည့်သည့် အခန်းငယ်တွင် မတူးတူးသာ နေထိုင်ရသော်လည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း၊ စာအုပ်ဖတ်ခြင်းတို့ဖြင့် ရင်ဆိုင်ဖြတ်ကျော်နေသည်ဟု မကြာသေးမီက ထောင်မှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။ 

“သူက လေ့ကျင့်ခန်းတွေလုပ်တယ်။ တခြားသူတွေကိုလည်း အားပေးတယ်။ သူ့ဟာ သူကျန်းမာအောင်နေတယ်။ ညဘက်ဆို စာအုပ်ဖတ်တယ်” ဟု အင်းစိန်ထောင်တွင် မတူးတူးသာနှင့် တွေ့ဆုံခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ထောင်တွင်းရောက်စက စာအုပ်များပေးပို့နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် တင်းကျပ်လာသည့် ထောင်တွင်းကန့်သတ်ချက်များကြောင့် တစ်လလျှင်တစ်အုပ်မျှသာ မိသားစုက ပေးပို့ခွင့်ရသည်ဟု ဆိုသည်။

ကိုဗစ်တတိယလှိုင်းကြောင့် အင်းစိန်ထောင်ကို အသွားအလာကန့်သတ်ပြီး ထောင်တွင်းတရားရုံးများကို ရပ်နားလိုက်သည့်အခါ ရှေ့နေမှတဆင့် ဆက်သွယ်နိုင်မည့် လမ်းကြောင်းပြတ်တောက်သွားပြီး စာဖြင့်ဆက်သွယ်နိုင်မည့် နည်းလမ်းကိုသာ မိသားစုဝင်များက မျှော်လင့်ရမည် ဖြစ်သည်။ 

ပြီးခဲ့သည့်လက  ကိုဗစ်တတိယလှိုင်းပြင်းထန်နေချိန်တွင် မတူးတူးသာလည်း ရက်ပိုင်းမျှ ဖျားနာခဲ့ပြီး သက်သာကောင်းမွန်လာပြီဖြစ်ကြောင်း သြဂုတ် ၂၀ ရက်နေ့တွင် မိသားစုထံ စာရေးခဲ့သည်။

“နေကောင်းတယ်ဆိုပေမယ့် လေးလဆိုတဲ့ အတောအတွင်းမှာ အစားအသောက်ကအစ အဆင်ပြေပါ့မလား စိတ်ပူတာပေါ့။ နေထိုင်ရေးရော။ အဓိကတော့ ကျန်းမာရေးပေါ့” ဟုမိသားစုဝင်တစ်ဦးက ပြောသည်။ 

အင်းစိန်ထောင်ရောက် စာရေးဆရာမ၏ ကျန်းမာစေရေးအတွက်သာမက သူကြိုက်နှစ်သက်သည့် ကွမ်းယာစားခွင့်မရမည့်အရေးကို မိတ်ဆွေများက စိုးရိမ်ပူပန်ကြသည်။ 

“နော်ဝေ (နိုင်ငံ) သွားတာတောင် ကွမ်းဘူးယူသွားတဲ့သူလေ။ မြန်မာပြည်ထဲနေပြီး ကွမ်းမစားရရင် အတော်ခံစားရမှာ” ဟု သူ့မိတ်ဆွေ ဒေါ်တင်ဇာက ဆိုသည်။ 

စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးထားသူများအနက် ဆူပူအောင်လှုံ့ဆော်မှု ၅၀၅ – က ဖြင့် ဖမ်းဆီးခံထားရသူအများစုအပါအဝင် ၂၀၀၀ ခန့်ကို ဇွန်လ ၃၀ ရက်နေ့တွင် နိုင်ငံအနှံ့ရှိ အကျဉ်းထောင်အသီးသီးမှ ပြန်လွှတ်ပေးခဲ့သည်။ 

ထပ်မံလွှတ်မည့်အစီအစဉ်တွင် ဆရာမတူးတူးသာတို့ ပါဝင်ရန် မိသားစုဝင်များက မျှော်လင့်နေသည်။

တိုင်းပြည်၏ စာပေအနုပညာ၊ ယဉ်ကျေးမှု ရှေ့တန်းမျက်နှာစာရှိ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာများကို ဖမ်းဆီးထားပြီး တိုင်းပြည်အခြေအနေကောင်းမွန်နေကြောင်း ဝါဒဖြန့်နေသည့် စစ်ကောင်စီလုပ်ရပ်မှာ ရှေ့နောက်မညီသည့်လုပ်ရပ်ဖြစ်ပြီး အမြန်ဆုံးပြန်လွှတ်ပေးရန်လိုကြောင်း ဧရာဝတီသတင်းဌာန မြန်မာပိုင်းအယ်ဒီတာ ရဲနည်က ပြောသည်။

ယနေ့ သြဂုတ် ၂၈ သည် စာရေးဆရာမ တူးတူးသာ၏ အသက် ၅၀ နှစ်ပြည့်မွေးနေ့ဖြစ်သည်။ ရွှေရတုမွေးနေ့ကို မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ပြင်ပတွင် လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်ခြင်း မရှိပေ။  

“ဒီမွေးနေ့တွေကို သူ မရှိပေမယ့်လည်း မှတ်ထားဦးမှာပဲ။ သူ ထွက်လာတဲ့တစ်နေ့ကျရင် မွေးနေ့ back date နဲ့ ပြန်လုပ်ကြတာပေါ့။ အခု သူ အတွင်းထဲမှာဆိုတော့ သူကျန်းမာနေစေဖို့ပဲ ဆုတောင်းတယ် ”ဟု သူ့မိတ်ဆွေတစ်ဦးက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button