သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် စာရေးဆရာတချို့ကို ဖိတ်ကြား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံရန်အတွက် စာရေးဆရာ ၆ဝ ခန့်ကို နေပြည်တော်သို့ ဖိတ်ခေါ်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်အောင်က ယနေ့ ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စာရေးဆရာတို့ကို ညစာစားပွဲဖြင့် ဧည့်ခံပြီး မိတ်ဆက်၊ တွေ့ဆုံသွားရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

ဖိတ်ကြားခံရသူများထဲတွင် အနယ်နယ်အရပ်ရပ်သို့ သွားရောက်ပြီး စာပေရေးရာ၊ နိုင်ငံရေးရာများ ဟောပြောလေ့ရှိသူတို့ ပါဝင်နေကြောင်း တွေ့ရသည်။

တွေ့ဆုံပွဲအကြောင်း အသေးစိတ် မသိရှိရသေးဟု ဖိတ်ကြားခံထားရသူ တချို့က ပြောရာ ၎င်းတို့အထဲတွင် ထိပ်တန်း ကာတွန်းဆရာ အော်ပီကျယ်လည်း ပါဝင်သည်။

“ဘာကြောင့်ဖိတ်မှန်းကို မသိရဘူး။ ဘာခေါင်းစဉ်နဲ့ ဖိတ်မှန်းကို မသိဘူး။ အဲ့ဒီ ညစားစားပွဲ အနေနဲ့ပဲ ဖိတ်ထားတာ” ဟု မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ဥက္ကဋ္ဌ အော်ပီကျယ်က ပြောသည်။

စာရေးဆရာ ထင်လင်းဦးကလည်း အလားတူ ပြောကြားသည်။

စာရေးဆရာ မောင်သာချိုကမူ စာပေဟောပြောပွဲများအတွက် ကြိုတင်စီစဉ်ထားပြီး ဖြစ်သောကြောင့် နေပြည်တော်သို့ သွားရောက်နိုင်မည်မဟုတ်ဟု ဆိုသည်။

စာရေးသူ အများအပြားထဲမှ ရွေးချယ်ဖိတ်ခေါ်မှုအတွက် နားလည်ရန် ခက်ခဲနေသည်ဟု ၎င်းက ဆက်ပြောသည်။

“တချို့လည်း ကလောင်ငယ်လေးတွေ ပါတယ်၊ တချို့လည်း စာပေအရ သိပ်ပြီးတော့ တမ်းမဝင်ပေမဲ့ ပါတယ်။ တချို့လည်း စာပေအရလည်း တမ်းဝင်တယ်၊ နာမည်လည်းရှိပါလျက်နဲ့ ကျန်ခဲ့တဲ့အခါကျတော့ … မရွေးချယ်တတ်လို့ ကျန်တာလား၊ တမင်တကာပဲ ဖယ်တာလား ဆိုတာတော့ ကျွန်တော့်တို့ မသိနိုင်တဲ့အရာပေါ့။ ဘယ်သူက တာဝန်ယူပြီး ဖိတ်မှန်းလည်း မသိဘူးလေ” ဟု ဆရာ မောင်သာချိုက ပြောသည်။

“ကျွန်တော် ရမ်းသန်းပြီး ခန့်မှန်းတာပေါ့ဗျာ … စာဖတ်ရှိန် မြှင့်တင်ချင်လို့ လုပ်တာပဲလား၊ ဒါမှမဟုတ်ဗျာ လာမယ့် ရွေးကောက်ပွဲ အတွက် မျှော်လင့်ပြီးတော့ … စာရေးဆရာတွေက ဒီမိုကရေစီ ဘက်တော်သားတွေ အဖြစ် ပြန်ပြီးတော့ အားပေးကြဖို့ လုပ်ချင်တာလား ဆိုတာတော့ အခမ်းအနားပြီးမှပဲ သိရမယ်”

စာဆိုတော်လ

ထင်ရှားသော ကလောင်ရှင် တစ်ဦးဖြစ်သည့် စာရေးဆရာမ နုနုရည် (အင်းဝ) ကို ယနေ့ ဆက်သွယ်မေးမြန်းရာ ၎င်းက နတ်တော်လဆန်း ၁၂ (ဒီဇင်ဘာ ၁၉) ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံပွဲသို့ ဖိတ်ကြားခံရခြင်း မရှိသေးကြောင်း ပြောသည်။

“ဒီရာသီက စာဆိုတော်လရာသီ ဖြစ်တဲ့အတွက် စာပေဟောပြောပွဲတွေ သွားနေရတယ်။ အဲ့ဒီ ၁၉ ရက်နေ့မှာလည်း ဟောပြောပွဲက ရှိနေတဲ့အခါကျတော့ အဲ့ဒီစာပေဟောပြောပွဲကို ဖျက်ပြီးတဲ့အခါကျတော့ ဘယ်သူနဲ့မှ ကျွန်မတို့က သွားမတွေ့နိုင်ဘူး။ ဖိတ်ခဲ့ရင်လည်း ကျွန်မ မသွားဘူး။ စာဖတ်ပရိသတ်မျက်နှာပဲ ကြည့်ရမယ်လို့ ကျွန်မကတော့ အဲ့ဒီလိုပဲ သဘောထားတယ်” ဟု နုနုရည် (အင်းဝ) က ဆိုသည်။

မြန်မာပြည်တွင် နတ်တော်လကို စာဆိုတော်လအဖြစ် ဒုတိယကမ္ဘာစစ်အတွင်းကပင် သတ်မှတ်ခဲ့ကြပြီး စာပေဟောပြောပွဲ၊ ပြဇာတ် စသည့် စာပေရေးရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

ယနေ့ခေတ်တွင်မူ စာပေဟောပြောပွဲများကို တစ်နှစ်အတွင်း အဆင်ပြေသည့်ကာလတွင် ကျင်းပနေကြသည်ကို တွေ့ရသည်။

ပြည်ပရောက် မြန်မာပြည်သားတို့ကလည်း အထင်ကရ ကလောင်ရှင် တချို့ကို ဖိတ်ခေါ်ပြီး နိုင်ငံတကာမြို့ကြီးများတွင်လည်း စာပေဟောပြောပွဲများ ပြုလုပ်လျက်ရှိသည်။

Show More

Related Articles

Back to top button