
ကချင်ပြည်နယ်အခြေစိုက် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC)ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို ယမန်နေ့ (ဩဂုတ် ၂၅) ညနေတွင် စစ်ကောင်စီက နေပြည်တော်ကောင်စီနယ်မြေ၌ ဖမ်းဆီးသွားသည်ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“မနေ့က ၃ နာရီလောက်မှာ သပြေကုန်းဆေးရုံကအပြန်မှာ ဖမ်းသွားတယ်လို့ ကြားတယ်။ ဘာလို့ ဖမ်းလဲတော့ သေချာမသိသေးဘူး”ဟု ၎င်းက ဆိုသည်။
မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ၏ ဆောင်ရွက်ချက်များကို Facebook တွင် ဝေဖန်ရေးသားတတ်သူ ဒေါက်တာအမ်ကောန်လသည် ဩဂုတ် ၂၄ က KIO ၏ စစ်ပွဲများရှောင်ရှားရန်ဆိုသည့် ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတွင် ကန့်သတ်စစ်ပွဲများပြီးဆုံးသွားပြီဟု ရေးသားခဲ့သေးသည်။
ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးသမားတချို့နှင့်အတူ ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ဆိုသည့်အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ဒေသတွင်း နိုင်ငံရေး၊ သယံဇာ၊ စီးပွားရေးကိစ္စများကို ဆွေးနွေးလေ့ရှိသူ ဖြစ်သည်။
ဒေါက်တာအမ်ကောန်လ အဖမ်းခံရသည့်သတင်းကြောင့် စိတ်ပူမိသည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒုတိယဥက္ကဋ္ဌ ဦးကွမ်ဂရောင်အောင်ခမ်းက Myanmar Now ကို ပြောသည်။
“ဖမ်းခံရတယ်လို့ မိတ်ဆွေတွေက အကြောင်းကြားလာတော့ ကျွန်တော်တို့လည်း စိုးရိမ်မှုတော့ရှိတာပေါ့။ ကျွန်တော်တို့လည်း သတိကြီးစွာနဲ့နေရမယ့်ဟာမျိုးဖြစ်နေတယ်” ဟု ဦးကွမ်ဂရောင်အောင်ခမ်းက ပြောသည်။
စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ဆက်စပ်သူများကို ပစ်မှတ်ထားဖမ်းဆီးနေပြီး တိုင်းရင်းသားပါတီများထဲမှ ခေါင်းဆောင်တစ်ယောက်ကို ပထမဆုံးအကြိမ် ဖမ်းဆီးခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ ဒေါက်တာအမ်ကောန်လ၏ KNC ပါတီသည် ၁၉၄၉ တွင် တည်ထောင်ခဲ့သည့် ကချင်တိုင်းရင်းသားပါတီကြီးတစ်ခုဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် “တန်းတူရေးအတွက် KNC” ဆောင်ပုဒ်ဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်(ကချင်လူမျိုး) ၁ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၂ နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅ နေရာ နှင့် ပြည်နယ်လွှတ်တော် ၁၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
KNC ပါတီသည် စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့ (United Nationalities Alliance-UNA) အဖွဲ့ဝင်ဖြစ်ပြီး မူလက ကချင်ပါတီများ တစ်ပါတီတည်းပူးပေါင်းရေးတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် သီးခြားရပ်တည်ခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pen