အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်သာမြို့လယ်ရှိ NLD ပါတီရုံး သုံးညဆက် ဖျက်ဆီးခံရ 

မန္တလေးတိုင်း တောင်သာမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားချိန် မြို့လယ်နာရီစင်အနီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သုံးညဆက်တိုက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများနှင့် NLD ပါတီဝင်တစ်ဦးက ပြောသည်။ 

ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားအချိန်တွင် သေနတ်သံများ ကြားရလေ့ရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ကသာ ဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ဩဂုတ် ၂၁၊ ၂၂ နှင့် ၂၃ ရက်များတွင် သုံးညဆက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက Myanmar Now ကို ပြောသည်။ 

“ညဆို ၇ နာရီနောက်ပိုင်း ဘယ်သူမှ မထွက်ရဲဘူး။ သူတို့( စစ်ကောင်စီ) လက်ချက်ဆိုတာ လူတိုင်းသိပြီးသား” ဟု တောင်သာမြို့ခံတစ်ဦးက ပြောသည်။

ပထမတစ်ရက်တွင် ကျည်ပေါက်ရာကဲ့သို့ အပေါက်များသာ တွေ့ရှိရပြီး ဒုတိယတစ်ရက်တွင် ရှေ့ဘက်မျက်နှာစာရှိ မှန်များကွဲခဲ့ကြောင်း၊ တတိယတစ်ရက်တွင် ရုံးအဆောက်အအုံ နောက်ဘက်မျက်နှာစာမှ မှန်ကွက်များ ဖျက်ဆီးခံခဲ့ရကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

တောင်သာဒေသခံများ ပေးပို့လာသော ဓာတ်ပုံများအရ NLD ပါတီရုံး မျက်နှာစာရှိ မှန်ကွက်များ ဖျက်ဆီးခံရထားပြီး မှန်ကွဲစများ ပြန့်ကျဲနေသည်ကို တွေ့ရသည်။ 

ထို့ပြင် ဩဂုတ် ၂၃ ရက်က တောင်သာမြို့ အမှတ် (၂) ရပ်ကွက်ရှိ ရပ်ကျေး NLD ပါတီရုံးဝင်း အကာအရံများဖျက်ဆီးခံခဲ့ရကာ ပါတီဆိုင်းဘုတ်လည်း ဖြုတ်ချခံခဲ့ရကြောင်း စစ်ကောင်စီက NLD ပါတီဝင်နှင့် ထောက်ခံသူများကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်နေသဖြင့် လုံခြုံရေးအရ အမည်မဖော်လိုသူ တောင်သာမြို့နယ် NLD ပါတီဝင်က ပြောသည်။

တောင်သာမြို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့က ရဲကား၊ မီးသတ်ကားဖြင့် လုံခြုံရေးရယူလေ့ရှိသည့်အပြင် ပရဟိတသမားယောင်ဆောင်ကာ နှောင့်ယှက်ဖျက်ဆီးမှုများလည်း ရှိသည်ဟု တောင်သာမြို့ခံတစ်ဦးက ဆိုသည်။ 

စစ်ကောင်စီ၏ တောင်သာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရကမူ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေကိုသာ ကြေညာကြောင်း၊ NLD ပါတီရုံး ဖျက်ဆီးခံရခြင်းကို မသိရှိဟု ဆိုသည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစဉ်အဆက်အားကောင်းခဲ့ရာ နယ်မြေတစ်ခုဖြစ်သော တောင်သာမြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ အားကောင်းခဲ့သည်။ ပြီးခဲ့သည့်ဇွန်လအတွင်း တောင်သာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ထွေအုပ်စာရေးတစ်ဦးအသတ်ခံရပြီးနောက် မြို့နယ်အဆင့် NLD ပါတီတာဝန်ရှိသူတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ 

လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။

Donate here > https://www.userroll.com/site/register/m1f6pen

Related Articles

Back to top button