အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နှစ်လနီးပါးပိတ်ထားသည့်​​ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့် ရှေ့နေအဖွဲ့ တောင်းမည်

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါအကြောင်းပြ တရားရုံးချိန်းရွှေ့ဆိုင်းမှုများကြောင့် ရက်သတ္တပတ် ခြောက်ပတ်ကြာသည်အထိ အဆက်အသွယ်ပြတ်တောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် စစ်ကောင်စီထံ တောင်းဆိုမည်ဟု ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

“စစ်ဆေးဆဲအမှုတွေနဲ့ ပတ်သက်လို့ တိုင်ပင်စရာလေးတွေလည်းရှိတယ်။ အဲဒါအပြင် နောက်အမှုတွေ တက်လာတာလည်းရှိတယ်။ ရှေ့နေကိုယ်စားလှယ်စာတွေ ယူဖို့ရှိတယ်။ သူဘာသိလဲ၊ စစ်ဆေးတာတွေ လုပ်သေးလား။ ရှေ့နေနဲ့ အမှုသည် တွေ့ခွင့်လိုအပ်တယ်လို့ ထင်ပါတယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။

လက်ရှိတွင် အမှုပေါင်း ၁၁ မှုဖြင့် တရားစွဲဆိုခံထားရပြီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် နောက်ထပ်တစ်မှု ထပ်မံဖွင့်ထားသည်ဟု ကြားသိရကြောင်း၊ ယင်းအပေါ် ကာယကံရှင်သိမသိ မေးမြန်းခွင့်ရရန် လိုအပ်သည့်နည်းတူ အမှုကို တရားဝင်လိုက်ပါဆောင်ရွက်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ရယူရန်လည်း လိုအပ်ကြောင်း ၎င်းက ပြောသည်။

ယခင်ရုံးချိန်းများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အများဆုံး နာရီဝက်ခန့်သာ တွေ့ခွင့်ရခဲ့သည်ဖြစ်ရာ ထိုအခွင့်အရေးဆုံးရှုံးနေမှုကို ဖြေရှင်းပေးရန် စစ်ကောင်စီနှင့် ရှေ့နေအဖွဲ့အကြား ဆက်သွယ်ရာတွင် ကြားခံသဘော တာဝန်ယူထားသည့် ဇဗ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးမှတစ်ဆင့် လာမည့်ရက်ပိုင်းအတွင်း စာပေးပို့သွားမည်ဟု ဦးခင်မောင်ဇော်က ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နေပြည်တော်ကောင်စီဝင်းအတွင်း ဖွင့်လှစ်ထားသည့် အထူးတရားရုံး၌ အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တိုင်းတွင် အမှုစစ်ဆေးမှုကို ဇူလိုင် ၁၃ ရက်မှစ၍ စက်တင်ဘာလဆန်းပိုင်းအထိ ရွှေ့ဆိုင်းကြောင်း စစ်ကောင်စီက အကြောင်းကြားလာပြီး ထိုကာကလအတွင်း အစားအသောက်ပို့ခွင့် နှစ်ကြိမ်သာရထားသည်ဟု ရှေ့နေအဖွဲ့က ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းဆီးခံထားရသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့၏ အမှုများတွင် ဦးခင်မောင်ဇော်အပါအဝင် ငါးဦးပါ ရှေ့နေအဖွဲ့က လိုက်ပါဆောင်ရွက်နေသည်။ 

ရှေ့နေအဖွဲ့က တွေ့ဆုံခွင့်တောင်းခံမည့်သူစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့လည်း ပါဝင်ပြီး ထပ်တိုးအမှုများနှင့် ပတ်သက်၍ အမှုသည်များနှင့် မေးမြန်းအတည်ပြုရန်၊ တရားဝင်ခွင့်ပြုချက် တောင်းခံရန် လိုအပ်နေသေးသည်ဟု ဦးခင်မောင်ဇော်က ပြောသည်။

NLD ပါတီခေါင်းဆောင်များဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ကို နောက်ဆုံးရုံးထုတ်ခဲ့သည့် ဇူလိုင် ၁၂ ရက်ရုံးချိန်းတွင် မန္တလေးတိုင်းတရားလွှတ်တော်၌ အဂတိဖြင့် အမှုများဖွင့်ထားသည်ဟု သိရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့သည်။ 

ဇွန် ၇၌ စတင်သည့် အထူးတရားရုံးက နေပြည်တော်တွင် ကနဦးဖွင့်ထားသည့် ငါးမှုကို တရားခွင်က ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးမည်ဟု ဆုံးဖြတ်ထားသော်လည်း လက်တွေ့တွင် မဖြစ်နိုင်တော့ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

“(တခြားအမှုတွေ)အရင်လည်း အဲဒီလိုပါပဲ။ ကျော်သွားတာကများတယ်။ ပြန်လုပ်လေ့မရှိပါဘူး။ ပျက်သွားပြီပေါ့ဗျာ”ဟု ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button