သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုလေးမှုဖြင့် စစ်ကောင်စီ ထပ်မံတရားစွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု လေးမှုထပ်တိုး၍ စစ်ကောင်စီက ထပ်မံတရားစွဲဆိုလိုက်သည်ဟု အကျိုးဆောင်ရှေ့နေ အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို သီးသန့်စွဲဆိုထားသည့် အမှု ၂ မှု၊ အခြားသူများနှင့် ပူးတွဲစွဲဆိုခံထားရသည့် အမှု ၂ မှုဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တွင် အမှုဖွင့်ထားသည်ဟုသာ သိရှိရကြောင်း ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဘယ်လိုအကြောင်းအရာတွေဆိုတာ ကျွန်မတို့ပါဝါ (ရှေ့နေလိုက်ခွင့်) တင်ပြီးမှ သိရမှာပါ။ ဘာအမှု၊ ဘယ်သူတွေပါတယ်ဆိုတာ အဲဒီတော့မှ သိရမယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ အဂတိမှု လေးမှုတွင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူတို့နှင့် ပူးတွဲစွဲဆိုခံထားရသည့် အမှုတစ်မှုပါဝင်ပြီး အခြားအမှုတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးတွဲအမှုဖွင့်ခံထားရသူ သုံးဦးကို မသိရသေးဟု ဆိုသည်။  

ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် (ပါဝါ)ကို မနက်ဖြန် (ဇူလိုင်၁၂) တွင် ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုပေးနိုင်ရန် စီစဉ်ထားကြောင်း၊ အဆိုပါ ထပ်တိုးအဂတိမှုများအတွက် ပထမဆုံးအကြိမ်ရုံးချိန်းကို မန္တလေးတိုင်းတရားလွှတ်တော်၌ ဇူလိုင် ၂၂ ရက်တွင် ချိန်းဆိုထားကြောင်း ဒေါ်မင်းမင်းစိုးက ပြောသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၇ ခုဖြင့် စစ်ကောင်စီက တရားစွဲဆိုထားပြီးဖြစ်သည်။ ယင်းအမှုများတွင် သဘာဝဘေးဥပဒေပုဒ်မဖြင့် အရပ်သားတစ်ဦးကို စစ်ကောင်စီက နောက်ကွယ်က အမှုဖွင့်ခိုင်းခဲ့သည့် အမှုတစ်ခုလည်းပါဝင်သည်။

ဇူလိုင် ၆ ရက်အထိ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖွင့်ထားပြီးဖြစ်သည့် ပုဒ်မများ။

ဒေါ်အောင်ဆန်းစုကြည်ကို ကြီးလေးသော အဂတိမှုများဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၉ ရက်ကတည်းက အာဏာသိမ်းစစ်ကောင်စီက လူသိရှင်ကြားထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရအဖွဲ့ဝင်သုံးဦးကို ထောင် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အမှုဖွင့်ထားကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်ဟု စစ်ကောင်စီက ရည်ညွှန်းထားသည့် ကိစ္စများတွင် NLD အစိုးရလက်ထက်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးဖြိုးမင်းသိန်းက ၎င်း၏ လုပ်ငန်းများကို ထောက်ခံပေးရန်၊ ကာကွယ်စောင့်ရှောက်ပေးရန် တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ခြောက်သိန်း၊ အကယ်ဒမီအခေါက်ရွှေ ခုနှစ်ပိဿာတို့ကို ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ နေအိမ်၌ သုံးကြိမ်ခွဲပေးခဲ့သည်ဆိုသော အချက်များပါဝင်သည်။

သို့သော် စစ်ကောင်စီ၏ ယင်းထုတ်ပြန်ချက်၌ လာဘ်ပေးခဲ့ရသည်ဟု အတည်ပြုထားသည်ဆိုသော ဦးဖြိုးမင်းသိန်းကို အရေးယူမည့်စာရင်း၌ မတွေ့ရပေ။

ယင်းနှင့်စပ်လျဉ်း၍ ဦးဖြိုးမင်းသိန်းသည် အစိုးရသက်သေ(ဖော်ကောင်) သို့မဟုတ် တရားလိုပြသက်သေအဖြစ် ပါဝင်လာနိုင်ဖွယ်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ထိုစဉ်က Myanmar Now ကို မှတ်ချက်ပြုထားဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုဖြင့် တရားစွဲဆိုမှုနှင့် ပတ်သက်၍ “သူ့မှာ ချွတ်ယွင်းချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးရာလောဘနဲ့ အဂတိတရားကတော့ သူ့ဉာဉ်ထဲမှာ မပါဘူး။ သူ့ကို လောဘနဲ့ အဂတိကျူးလွန်တယ်လို့ စွပ်စွဲသူတွေဟာ ပက်လက်လှန်ပြီး တံတွေးထွေးနေကြတာပါပဲ” ဟု ၎င်းကပင် သုံးသပ်ထားခဲ့သည်။

Show More

Related Articles

Back to top button