အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယင်းမာပင်မှ ရဲတပ်ကြပ်ကြီး CDM လုပ်၊ မိဘများကို စစ်ကောင်စီ ဖမ်းဆီး 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး ယနေ့ (သြဂုတ် ၂၀) မနက်ပိုင်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် လက်နက်ယူပြီး ထွက်ခွာသွားသောကြောင့် ၎င်း၏ မိဘနှစ်ပါးကို အရပ်ဝတ်လက်နက်ကိုင်များက နေ့ချင်းလာရောက်ဖမ်းဆီးခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။  

“သူနဲ့အတူ လက်နက်ပါသွားတယ်။ သူ့အမျိုးသမီးလည်း အဲ့ဒီ (ရဲစခန်းလိုင်းခန်း) မှာ ရှိတယ်။ CDM လုပ်ပြီး ဒီအတိုင်း ထွက်သွားလိုက်တာ။ အိမ်ကိုလည်း တိုင်ပင်တာ မရှိဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

မွန်းလွဲတစ်နာရီဝန်းကျင်တွင် ယင်းမာပင်မှ တစ်မိုင်ခန့်အကွာရှိ စံပြရွာသာယာကျေးရွာရှိ ရဲတပ်ကြပ်ကြီးမိဘအိမ်သို့ အရပ်ဝတ်လက်နက်ကိုင် ၁၅ ဦးခန့်က ရဲကားတစ်စီး၊ အရပ်ဘက်ကား ၁ စီးဖြင့်  ရောက်ရှိလာကြပြီး အသက် ၆၀ ကျော်အရွယ် ဖခင်ဖြစ်သူ ဦးမြလေး၊ မိခင်ဖြစ်သူ ဒေါ်ဌေးရီတို့ကို ဖမ်းဆီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါနေအိမ်အတွင်းရှိ ဗီရိုများ၊ သေတ္တာများကို ကန်ကျောက်ရိုက်နှက်ဖျက်ဆီးကာ နာရီဝက်နီးပါးကြာ ရှာဖွေခဲ့ကြောင်း ရွာသူရွာသားများထံမှ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အရပ်ဝတ်တွေနဲ့၊ လက်နက်တွေ အပြည့်အစုံပါတယ်။ မိဘတွေအိမ်က ပစ္စည်းတွေကို မွှေနှောက်ရှာဖွေတာတွေ ရှိတယ်။ အဝတ်ဗီရိုတွေတို့ ၊ သေတ္တာတွေတို့၊ တချို့သေတ္တာတွေဆိုရင် အိမ်ရှင်ကို သော့မတောင်းဘဲနဲ့ ဖွင့်ထားတာတွေလည်းရှိတယ်” ဟု ရွာသာယာကျေးရွာသားတစ်ဦးက ပြောသည်။

သက်ကြီးရွယ်အိုနှစ်ဦးကို ယင်းမာပင်မြို့နယ်၊ ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု မိသားစုနှင့် နီးစပ်သူအမျိုးသားက ပြောသည်။

“ဘယ်စိတ်ကောင်းမှာလဲဗျာ။ လူကြီးတွေကလည်း အသက်ကြီးလာပြီ။ ခုက ကိုဗစ်တွေကလည်း ရှိသေးတယ်။ စိုးရိမ်တာပေါ့။ ကျန်းမာရေးထိမှာ ကြောက်တာ” ဟု သူက ဆိုသည်။

အသက် ၄၀ ကျော် အရွယ် ဦးဇော်မင်းဝင်းသည် ရဲဝန်ထမ်းလုပ်သက် နှစ် ၂၀ ကျော်ရှိပြီး အာဏာသိမ်းပြီးချိန်တွင် ရဲတပ်ကြပ်ကြီးအဖြစ် ရာထူးတိုးထားသည်မှာ လပိုင်းမျှသာ ရှိသေးကြောင်း သိရသည်။ 

ဦးဇော်မင်းဝင်း၏ ဇနီးနှင့် သမီးနှစ်ဦးမှာ ရဲဝန်ထမ်းလိုင်းခန်းအတွင်း ကျန်ရှိနေပြီး ထိုသို့ ထွက်သွားမည်ကို ကြိုသိမထားကြောင်း အထက်ပါအမျိုးသားက ပြောသည်။

ထိုကဲ့သို့ မိဘနှစ်ပါးအား ဖမ်းဆီးထားသည့် လုပ်ရပ်သည် CDM များကို နှိပ်ကွပ်သောလုပ်ရပ်ဖြစ်ကြောင်း ယင်းမာပင်မြို့နယ်၊ စံပြရွာသာယာရွာမှ တက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။ 

“အဓိကကတော့ ပြည်သူ့ဘက်က ရပ်တည်မယ့် CDM တွေ နောင် အဲ့ဒီလိုမျိုးမလုပ်ရဲအောင်လို့၊ ရဲတပ်ဖွဲ့ဝင်တွေကို  မလုပ်ရဲအောင်လို့၊ ခုလိုမျိုးလုပ်ပြနေတယ်။ ရက်စက်ပြနေတယ်။ ဥပဒေမဲ့လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့ဖမ်းဆီးလိုသူကို မတွေ့ပါကလည်း မိသားစုဝင်များကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးနေသည်။ 

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ သပြေအေးရွာကို စစ်ကောင်စီတပ်များ ဧပြီလဆန်းပိုင်းက ဝင်ရောက်စီးနင်းပြီးနောက် ယင်းဒေသတဝိုက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

နိုင်ငံအနှံ့အပြားမှ ပြည်သူများက အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်ရာ စစ်ကောင်စီတပ်က အကြမ်းဖက်ကိုင်တွယ်ရာမှ ဒေသအများအပြားတွင် လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်နေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button