
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်မြို့ (CDF မင်းတပ်) တို့ ယနေ့ (သြဂုတ် ၁၆) မနက်တွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။
မင်းတပ်မြို့အနောက်ဘက် မင်းတပ် – မတူပီလမ်းဘက်မှ စစ်ကောင်စီတပ် အင်အား ၁၅၀ နီးပါးဖြင့် စစ်ကြောင်းနှင့် ယနေ့ ထပ်မံတိုက်ပွဲဖြစ်ခြင်းဖြစ်သည်ဟု ဒေသခံများဖြင့်သာ ဖွဲ့စည်းထားသည့် မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါစစ်ကြောင်းအပြင် မင်းတပ်မြို့မြောက်ဘက်ရှိ အင်အားရာဂဏန်းရှိ စစ်ကြောင်းတစ်ကြောင်း ယှက်ရွာနှင့် မွီးတွီရွာကို ရောက်ရှိနေကြောင်း ၎င်းက ဆိုသည်။
“စစ်ကြောင်းကတော့ နှစ်ကြောင်း။ အနောက်ဘက်ကတော့ အင်အားပိုကြီးတယ်။ အယောက် ၁၅၀ ကျော် ရှိတယ်။ မနေ့က ၁၆ မိုင်ကို ရောက်သွားတယ်။ ၁၆ မိုင်ကနေ ဆက်ပြီးတော့ ထိုးစစ်ဆင်နေတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ ထိုအမျိုးသားက Myanmar Now ကို ယနေ့ပြောသည်။
ယမန်နေ့ (ဩဂုတ် ၁၅)၌ မင်းတပ် – မတူပီလမ်း ၁၄ မိုင်တွင် နေရာယူထားသည့် စစ်တပ်သည် ၎င်းနေရာမှ ၂ မိုင်ခန့် အကွာရှိ ၁၆ မိုင်လမ်းစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာရာ မင်းတပ် CDF နှင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ခဲ့သည်။
CDF မင်းတပ်ဘက်မှ တူမီး၊ ခါးချိုးသေနတ်ကဲ့သို့ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်တပ်က လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့သည်။
CDF မင်းတပ် တပ်ဆုတ်သွားပြီးနောက် စစ်တပ်က ၁၆ မိုင်စခန်း၊ လမ်းဆုံအနီးရှိ လူနေအိမ်နှင့် စျေးဆိုင်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF မင်းတပ်ထံမှ သိရသည်။
ယမန်နေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း၊ မင်းတပ် CDF ဘက်မှ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူက ဆိုသည်။
မင်းတပ်မြို့နယ်အနီး တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုသို့ အင်အားရာဂဏန်းရှိ စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်တပ်က စစ်ရေးလှုပ်ရှားနေသောကြောင့် မင်းတပ်အပြင် တခြားမြို့ရွာများမှ PDF များ ထကြွတိုက်ခိုက်ပေးကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
“မင်းတပ် CDF ကတော့ အကောင်းဆုံးရင်ဆိုင်နေတယ်။ တစ်ချိန်တည်းမှာ ကျန်တဲ့မြို့ရွာတွေပါ ထကြွဖို့ လိုမယ်ထင်ပါတယ်။ အခုက အင်အားအတော်များပြီးတော့မှ (စစ်တပ်က) အရမ်းထိုးစစ်ဆင်နေတာဆိုတော့ အကုန်လုံး ဝိုင်းပြီးတိုက်ရင်၊ အကုန်လုံးဝိုင်းပြီး ဖိအားပေးနိုင်ရင် ပိုကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။
အဆိုပါ စစ်ကြောင်းနှစ်ကြောင်း တက်လာသည့် တောက်လျှောက်တွင် စစ်တပ်ရန်ကို စိုးရိမ်သဖြင့် ရွာပေါင်း ၂၀ ကျော်မှ ဒေသခံတစ်ထောင်ကျော်သည် နီးစပ်ရာ တောင်ယာတဲများ၊ တောတောင်များထဲ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မင်းတပ်မြို့ စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲရေးကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
“လုံခြုံစိတ်ချရတယ်လို့ ထင်တဲ့နေရာမှာ ရှောင်ကြတယ်။ တစ်နေရာတည်းမှာ လက်ခံထားတဲ့ စခန်းပုံစံမျိုးကလည်း မရှိဘူး။ ကော်မတီအနေနဲ့ တောင်းဆိုတယ်။ အကယ်၍ ကျွန်တော်တို့မှာ တရားဝင် IDP Camp (စစ်ရှောင်စခန်း) ရှိတယ် ဆိုရင် အဲ့ဒီကို လာရောက်ခိုလှုံလို့ရတာပေါ့ “ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မိုးရာသီကာလဖြစ်နေ၍ သွားရေးလာရေးခက်ခဲနေပြီး ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် စားနပ်ရိက္ခာများဖြစ်သော ဆန်၊ ကုလားပဲတို့နှင့် ဆေးဝါးများ အဓိကလိုအပ်လျက်ရှိကြောင်း ဆက်ပြောသည်။
စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ် (CDF – Mindat) တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဇူလိုင် ၁၆ တွင် ပျက်ပြယ်သွားပြီးနောက် မင်းတပ်နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ပြန်ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ မှ ၃၀ အတွင်း CDF – မင်းတပ်နှင့် စစ်တပ်ကြား တိုက်ပွဲ ၈ ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ် ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ CDF မင်းတပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင် ၂၃ တွင်လည်း မင်းတပ်မြို့နယ်၊ မကွီအိမ်နူးမြို့တွင် စစ်တပ်နှင့် ရဲများ ပူးပေါင်းစခန်းချထားသည့် ရဲစခန်းမှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရဲနှင့် စစ်သား ၆ ဦးက CDF မင်းတပ်ထံ လက်နက်ချခဲ့သည်။