စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

နယ်စပ်မှာ ဖွံ့ဖြိုးနေတဲ့ အခွန်လွတ်ကာစီနိုလုပ်ငန်း

(ခရီးသွားဆောင်းပါး)

သြဂုတ်လလယ်ပိုင်း ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်စပ်ဂိတ်တွေထဲက နာမည်ကြီး ကိုးသုံးလုံးဂိတ်ကို ကျွန်တော်တို့ ရောက်လာ ချိန်မှာ နယ်ခြားစောင့်တပ်ယူနီဖောင်းဝတ် သုံးလေးဦးခန့်က ကျွန်တော်တို့ စီးလာတဲ့ကားကို ခေတ္တရပ်ဖို့ လက်ပြလိုက်ပါတယ်။ အချိန်ကတော့ ည ၈နာရီ ကျော်ပါပြီ။ ကားအတွင်းမီးရောင်အောက်က ကျွန်တော်တို့ကို ခဏတာ ကြည့်ရှုစစ်ဆေးပြီး သွားကစားကြမယ့် လူတွေလားလို့ ယူနီဖောင်းဝတ်တစ်ဦးက မေးပါတယ်။ ကားထဲက မြဝတီမြို့ခံ လူငယ်တစ်ဦးက ဟုတ်တယ်လို့ ဖြေပြီးနောက်မှာတော့ သူတို့က ကားကို ဆက်မောင်းခွင့်ပြုလိုက်ပါတယ်။

အဲ့ဒီဂိတ်ကနေ ၃မိနစ်ခန့် အနှေးဆက်မောင်းပြီး ကိုးသုံးလုံး ကာစီနိုခြံဝင်းထဲ ချိုးကွေ့ဝင်လိုက်တော့ အဲ့ဒီခြံဝင်းးကြီးထဲမှာ ကားအရေအတွက် တစ်ရာကျော် တွေ့ရပါတယ်။ ဒီနေရာက လုပ်ငန်းတွေကို ထိုင်းလုပ်ငန်းရှင်က ပိုင်တယ်လို့ သိရပါတယ်။ ဒီခြံနဲ့ ကပ်လျက်မှာ သောင်ရင်းမြစ် ရှိနေပါတယ်။ ခြံထဲမှာ ကာစီနိုရုံအပြင် စတိုးဆိုင်၊ စားသောက်ဆိုင်၊ ဒေသခံတို့အဆို အမျိုးသား ဧည့်သည်တွေ သွားတတ်တယ်ဆိုတဲ့ အဆောက်အအုံတို့ကိုလည်း တွေ့ရပါတယ်။

ဝင်ပေါက်ဝအပေါ်ပိုင်း LED ဘုတ်ကြီးမှာတော့ အနောက်တိုင်း စတိတ်ရှိုးတွေ ပြသထားတယ်။ ဝင်ပေါက် လုံခြုံရေးဝန်ထမ်းတွေ က ပစ္စည်းရှာဖွေရေးစက်တွေနဲ့ စစ်ဆေးပြီးမှ အဆောက်အအုံထဲကို ဝင်စေပါတယ်။ ဝင်ပေါက်ကျော်တာနဲ့ တွေ့ရတဲ့ ဗဟိုလောင်း ကစားခန်းမကြီးထဲမှာတော့ လူတွေအားလုံး ကိုယ့်အလုပ်ကို သဲကြီးမဲကြီး လုပ်နေကြတယ်။ လောင်းကစားတဲ့သူတွေထဲမှာ မြန်မာပြည်သားက လူနည်းစုလောက်ပါပဲ။ အများစုကတော့ သစ်သစ်လွင်လွင် ဝတ်စားထားတဲ့ ထိုင်းတွေပါ။

ဒီနေရာမှာ ကျား-နဂါး၊ ရှမ်းကိုးမီး၊ ဂျက်ပေါ့၊ ငါးဂိမ်းဆိုတဲ့ ကစားနည်းတွေ ရှိပါတယ်။ ကစားသူအားလုံး ထိုင်းဘတ်ငွေသာ အသုံးပြု ကစားနေတာ တွေ့ရတယ်။ မြန်မာကျပ်ငွေ အသုံးပြုကစားတာ ရှိပေမယ့် နည်းပါတယ်။ ကစားမယ်ဆိုရင် မြန်မာကျပ် ငွေကို ကောင်တာမှာ ထိုင်းငွေနဲ့ လဲလှယ်ပြီး ကစားရတာပါ။

ကစားဝိုင်းတွေမှာ အသားဖြူဖြူ ထိုင်းအမျိုးသမီးလေးတွေက ငွေအလျော်အစား ကြီးကြပ်သူတွေပါ။ ငွေအလျော်အစားပေးသူ ဝန်ထမ်းတွေကို စောင့်ကြည့်သူရှိသလို အဲ့ဒီစောင့်ကြည့်သူတွေကို ကြီးကြပ်ဖို့ ဝန်ထမ်းတွေလည်း ထပ်ရှိနေပါသေးတယ်။ ဖောက်သည်တွေ ထိုင်ရာမထ ကစားနိုင်ဖို့ ဝန်ထမ်းတချို့က အစားအသောက်၊ အဖျော်ယမကာတွေကို တွန်းလှည်းလေးပေါ် တင်ပြီး ကစားဝိုင်းနားအရောက် လိုက်လံ ဝန်ဆောင်မှု ပေးနေတာပါ။ ထမင်းချိန် ထမင်းစားမယ်ဆိုရင်လည်း ကစားဝိုင်းရဲ့ အနီး အနားလေးမှာပဲ စားသောက်ဆိုင်၊ စားသောက်အခန်းတွေက အဆင်သင့်ပါ။ ဒီအစားအစာတွေ အကုန်လုံးကို အခမဲ့ စားသောက်နိုင်ပါတယ်။ ကစားရုံကြီးကတော့ တော်တော်လေး သန့်ရှင်းသပ်ရပ်ပါတယ်။

ဓာတ်ပုံ – စိုးရာဇာထွန်း

နေရာအနှံ့မှာ လုံခြုံရေးကင်မရာ မြောက်မြားစွာ တပ်ဆင်ထားပါတယ်။ မဟုတ်တာ လုပ်တတ်သူတွေအတွက် ဒီနေရာက လုံးဝ ခွင့်လွှတ်မယ် မထင်ပါဘူး။ ဒီရုံကြီးရဲ့ အခန်းတစ်နေရာမှာ ကပ်ထားတဲ့အမည်စာရင်းက သက်သေပေါ့။ ဖုန်းခိုးသူ၊ ခါးပိုက်နှိုက်၊ ကစားဝိုင်းမှာ ပါဝင်ခြင်းမပြုဘဲ အစားအသောက်တွေကို လာရောက်စားသောက်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလူတွေအတွက် ဒီလောင်းကစားခန်းမက အမြဲတံခါး ပိတ်ထားတယ်။ လာလို့တွေ့ရင် ပြန်ခိုင်းတယ်လို့ ကာစီနိုကို ဝင်ထွက်နေတဲ့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။ ဒီကာစီနိုရုံရဲ့ ထူးခြားချက်တစ်ခုက ဘယ်သူ ငွေကျန်ကျန်၊ ပစ္စည်းတွေကျန်ကျန် ပြန်မရဘူးဆိုတာ မရှိစေရပါဘူး ဆိုတာပါပဲ။ ပိုင်ရှင်က မိမိပစ္စည်း ကျန်ခဲ့ကြောင်း ဆက်သွယ်မယ်ဆိုရင် ပြန်ရဖို့က သေချာပါတယ်လို့ ကာစီနို ကစားသူတစ်ဦးက ပြောပါတယ်။

လုံခြုံရေးကင်မရာ၊ လုံခြုံရေးဝန်ထမ်းတွေနဲ့ တင်းတင်းကျပ်ကျပ်ရှိနေပေမယ့် ဒီနေရာလာဖို့ဆိုရင် နိုင်ငံသားစိစစ်ရေးကတ်၊ ယာဉ်မောင်းလိုင်စင်တို့ ယူလာစရာ မလိုပါဘူး၊ ယူလာရမှာကတော့ ဖောင်းနေတဲ့ ပိုက်ဆံအိတ်ပါပဲ။

၂၄နာရီ ဖွင့်တဲ့ ဒီလောင်းကစားရုံက ညဘက်သာ ပိုစည်ကားတယ်လို့ လာကစားသူတွေက ဆိုကြပါတယ်။ ထိုင်းဘက်ကနေ သောင်ရင်းမြစ်ဖြတ်ပြီး လာကစားသူတွေ သွားရေးလာရေး ပိုမိုအဆင်ပြေစေဖို့ အခမဲ့ ကူးတို့လှေဝန်ဆောင်မှုလည်း စီစဉ်ပေးထားပါတယ်။

လောင်းကစားရုံမှာ ၃လုံးထီလည်း ဖွင့်ပေးထားပါတယ်။ ထိုင်းပြည်တွင်း ၃လုံးထီတော့ မဟုတ်ပါဘူး၊ ဒီကာစီနိုရုံက မနက်တစ်ကြိမ်၊ ညပိုင်းတစ်ကြိမ် ဖွင့်ပေးနေတဲ့ ၃လုံးထီမျိုးပါ။ ပေါက်ဂဏန်းကိုတော့ ခပ်ချောချော ဝန်ထမ်းမိန်းကလေးတွေက ဖွင့်ပေးကြတာပါ။ ဗဟို လောင်းကစားခန်းမရဲ့ ညာဘက်မှာရှိတဲ့ ဒုတိယအကျယ်ဆုံးလို့ ဆိုနိုင်တဲ့ အခန်းမှာတော့ ကျား၊ နဂါး ကစားဝိုင်း တွေပဲ ရှိပါတယ်။ ဒီကစားဝိုင်းတွေမှာ အများဆုံး ပုံအောထိုးကြတာ တွေ့ရပါတယ်။ တစ်ဝိုင်းမှာ လူ ၂ဝနီးပါး ရှိနေတတ်ပါတယ်။

ဓာတ်ပုံ – စိုးရာဇာထွန်း

အဲ့ဒီထဲမှာ လောင်းကစားမှုရဲ့ ထုံးစံအတိုင်း နိုင်သူက တစ်ဦး၊ နှစ်ဦးပါ၊ ကျန်လူတွေက လက်ဗလာနဲ့ ပြန်သွားတာချည်းပါပဲ။

ညပိုင်း ၉နာရီကျော်လောက်မှာတော့ အခမဲ့ ကျွေးမွေးတဲ့ ကာစီနိုရုံကြီးထဲက စားသောက်ခန်းမှာ လိမ္မော်အချိုရည် တစ်ခွက် သောက်ပြီး ကျား-နဂါး ကစားဝိုင်းဘက် ပြန်လှည့်လိုက်ပါတယ်။ ထိုင်းဘတ် လေးဆယ်ကို နှစ်ကြိမ် ခွဲထိုးလိုက်ပါတယ်။ မနိုင်ပါဘူး။ အဲ့ဒီကစားနည်းက တစ်ကြိမ်ကို တစ်မိနစ်ကျော်လောက်သာ ကြာပါတယ်။ ကျားမဟုတ် နဂါးတစ်ခုခု ရွေးထိုးရတာပါ။

တစ်ဝိုင်းမှာ တစ်ကြိမ်ကို ပျမ်းမျှ ဘတ် ၂ဝ,ဝဝဝလောက်ထိုးရင် ပျမ်းမျှ ဘတ် ၈,ဝဝဝ လောက်သာ ဒိုင်ဘက်က ပြန်လျော်ရတာ တွေ့ရမှာပါ။ ငွေလျော်သူက တစ်ဝိုင်းမှာ မိန်းကလေး နှစ်ဦးစီ ရှိပါတယ်။ ခေါင်းမဖော်တမ်း လောင်းကစားနေသူတွေကိုကျောခိုင်း ပြီး အပြင်ဘက်ထွက်လာတော့ လောင်းကစားရုံရှိရာကို ကူးလာတဲ့ ထိုင်းဘက်ကမ်းကလူတွေကို တွေ့ရသလို ကစားပြီး ပြန်ကြတဲ့ ထိုင်းတွေကိုလည်း တွေ့ရပါတယ်။ အချိန်က ည ၁ဝနာရီ ဝန်းကျင်ပါ။

ဘယ်ဒေသမှာပဲဖြစ်ဖြစ် လောင်းကစားရှုံးမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတတ်တဲ့ ဆိုးကျိုးတွေထဲမှာ ရာဇဝတ်မှုလည်း ပါပါတယ်။ ဖြစ်တတ်တဲ့ရာဇဝတ်မှုထဲမှာ ခိုးမှု၊ လုယက်မှု၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေကို တွေ့ရမှာပါ။ လောင်းကစားလုပ်ငန်း ကြီးငယ် ပေါများတဲ့ နယ်စပ်မြို့ မြဝတီမှာ လောင်းကစားမိတဲ့အတွက် မြေကွက်၊ အိမ်၊ တန်ဖိုးကြီးပိုင်ဆိုင်မှု ကုန်ဆုံးသွားကြသူ ရှိကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ လင်မယားနှစ်ဦးလုံး လောင်းကစားကြောင့် တိုက်အိမ်တွေ ကုန်ဆုံးကာ အကြွေးတင်မှုတွေ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင် သေဆုံးသွားတာ ရှိခဲ့ဖူးတယ်လို့ မြဝတီမြို့ခံတစ်ဦးထံမှ သိရပါတယ်။

ဓာတ်ပုံ – စိုးရာဇာထွန်း

ဒီပြောဆိုချက်ကို မြဝတီမြို့နယ်က ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ ဦးသန့်ဇင်အောင်ကလည်း ဟုတ်မှန်ကြောင်း ပြောဆိုပါတယ်။

“လောင်းကစားရုံတွေ၊ ကျွန်တော်တို့ ဒီမြစ်ကမ်းတစ်လျှောက်မှာ သွားကြည့်။ အများကြီးရှိတယ်”လို့ ဦးသန့်ဇင်အောင်က ပြောပြပါတယ်။ မြဝတီမြို့တွင်း လောင်းကစားလုပ်ငန်းလေး တွေကို အရေးယူတဲ့သတင်း မကြာခဏ ကြားနေရပါတယ်။

ဒေသတွင်းမှာ ကာစီနို အပါအဝင် လောင်းကစားလုပ်ငန်းတွေ ပပျောက်ဖို့ ဆန္ဒရှိကြောင်း ပြောပြပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ပြည်နယ်လွှတ်တော်မှာ တင်ပြခဲ့တယ်။ ဒီနေ့အထိ ထူးခြားလာတာတော့ မတွေ့သေးပါဘူးတဲ့။ ဦးသန့်ဇင်အောင်ကတော့ ပိတ်ပင်ဖို့ ခက်နေတဲ့ လောင်းကစားလုပ်ငန်းကနေ နိုင်ငံတော်အတွက် အခွန်ငွေ ရဖို့ သီးသန့်ဥပဒေတစ်ခု ရှိသင့်ကြောင်း အကြံပြုချင်သူပါ။

နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီးစောချစ်သူကလည်း ဒီလောင်းကစားရုံတွေကနေ နိုင်ငံတော်က အခွန်ငွေ မရရှိကြောင်း သဘောပေါက်ပါတယ်။

“မြဝတီက ကာစီနိုလုပ်ငန်းကို တရားဝင်ဖြစ်စေချင်တယ်။ ဒါဆိုရင် နိုင်ငံအတွက် အခွန်မနစ်နာတော့ဘူး”လို့ သြဂုတ်လ ၂၃ရက်နေ့က ပြောပါတယ်။

ဓာတ်ပုံ – စိုးရာဇာထွန်း

ကာစီနိုရုံတွေဟာ နိုင်ငံတကာမှာလည်း ရှိနေတဲ့အတွက် မြဝတီ ဒေသမှာလည်း တရားဝင်အနေနဲ့ လုပ်ခွင့်ရဖို့ ခွင့်ပြုချက် တောင်းထားတယ်၊ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အခွန်ဆောင်မှုပုံစံ ဖြစ်ဖို့ အစိုးရ ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်နေတယ် လို့ ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ်ကို ဦးဆောင် တည်ထောင်ခဲ့တဲ့ ဗိုလ်မှူးကြီးစောချစ်သူက ဆိုပါတယ်။

မြဝတီက ကာစီနိုလုပ်ငန်းကို ထိုင်းလုပ်ငန်းရှင်နဲ့ တွဲဖက်လုပ်ကိုင်နေတယ်လို့ သူ့ဆီက သိရပါတယ်။

“အဲ့ဒီအဆောက်အအုံဟာ ကျွန်တော်တို့ဆောက်တယ်။ နောက်ပိုင်းလိုအပ်တဲ့ဟာ သူတို့(ထိုင်း)လုပ်ပေးတာ” လို့ ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းမျိုးစုံကို စီမံနေတဲ့ ဗိုလ်မှူးကြီးစောချစ်သူက ဆိုပါတယ်။

ကာစီနိုရုံနားမှာ ဟိုတယ်လည်း ဖွင့်မယ်လို့ သူက ဆက်ပြောပါတယ်။

တနင်္သာရီတိုင်းက ဟိုတယ်လုပ်ငန်းရှင်များနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတစ်ဦးက ကာစီနိုလုပ်မယ်ဆိုရင် ဟိုတယ်လုပ်ငန်းနဲ့ တွဲ ပြီးမှ ဖွင့်လှစ်ခွင့်ပေးမယ်လို့ ကြားထားကြောင်း ပြောပါတယ်။ နယ်စပ်မှာဆိုရင် ကာစီနိုလောင်းကစား လုပ်ပိုင်ခွင့်ရှိတယ်လို့လည်း သူက သဘောပေါက်ထားပါတယ်။

ဓာတ်ပုံ – စိုးရာဇာထွန်း

ကချင်၊ ရှမ်းပြည်နယ်တို့မှာရှိတဲ့ အသေးစား၊ အကြီးစား ကာစီနိုရုံများမှာ တရုတ်နိုင်ငံဘက်က စိတ်အပန်းဖြေသူတွေ၊ လုပ်ငန်းရှင်တွေ လောင်းကစားလာလုပ်ကြပါတယ်။
မြဝတီက ကာစီနိုရုံအပါအဝင် ကရင်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာရှိတဲ့ ကာစီနိုရုံတွေကလည်း ထိုင်းနိုင်ငံဘက်က လာသူ များအတွက်ဆိုရင် အချိန်မရွေး ကြိုဆိုလျက်ပါ။ အခမဲ့ သယ်ယူပို့ဆောင်ရေးကအစ လုံခြုံရေးအထိ ဝန်ဆောင်မှုပေးနေပါတယ်။

တရုတ်၊ ထိုင်းတို့မှာ တရားဝင် ဖွင့်ခွင့်မရတဲ့အတွက် မြန်မာဘက်က နယ်စပ်မြို့တွေမှာ လာရောက်တဲ့ လောင်းကစားသူတွေ အများအပြားကို ကာစီနိုရုံတွေမှာ နေ့တိုင်း တွေ့ရပါလိမ့်မယ်။ ငွေကြေးစီးဆင်းမှု ကြီးမားများပြားတဲ့ ကာစီနိုလောင်းကစားလုပ်ငန်းကို ဆက်ပြီး ခွင့်ပြုမလား၊ ခွင့်ပြုမယ်ဆိုရင် အခွန်ငွေ တရားဝင် ရရှိဖို့ ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာကို သက်ဆိုင်ရာက မြန်မြန်ဆုံးဖြတ်ရင် တိုင်းပြည်အတွက် ပိုမို အကျိုးရှိမှာ ဖြစ်ပါတယ်။ ။

Show More

Related Articles

Back to top button