
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရဲစခန်းရှေ့တွင် ယနေ့ (သြဂုတ် ၁၃) မနက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မနက် ၆ နာရီဝန်းကျင် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ၎င်းတို့လက်ချက်ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
“စခန်းရှေ့မှာ ဒီနေ့မနက်ပိုင်းက မိုင်းထောင်တာပါ။ အရှေ့ဘက်ခြမ်းမှာမွှေတဲ့၊ မင်းဆွေနှစ် (ကျေးရွာ) ဘက်က တပ်ဆုတ်လာတဲ့ စစ်သားတွေက ရောက်လာတော့ ရဲစခန်းရှေ့မှာ စစ်ကားတွေ အဝင်အထွက်လုပ်နေတဲ့အချိန်မှာ ခွဲလိုက်တာ။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မသိရသေးဘူး” ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပေါက်ကွဲမှုအပြီး စခန်းတွင်းမှ ပြန်လည်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း၊ နေ့လယ်ပိုင်း၌ စစ်ကောင်စီတပ်သားများက စိုင်ပြင်မြို့ရပ်ကွက်တချို့တွင် စစ်ဆေးရှာဖွေခဲ့သည်ဟု သတင်းရကြောင်း သူက ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၇ တွင် မုံရွာဘက်မှ တက်လာသည့် စစ်ကား ၅ စီးသည် ဒီပဲယင်းမြို့မရောက်မီ ၄ မိုင်ခန့် အကွာအရောက် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရရာမှ နောက်တစ်နေ့နံနက်မှစ၍ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းနေသည်။
စစ်ကားများ မိုင်းဆွဲခံရသည့်နေရာ ၁၅ မိုင်ပတ်လည်ရှိ ညောင်လှ၊ ဝဲကြီး၊ နများ၊ မရိုးကုန်း၊ တည်တော၊ မရကန်၊ တိုင်နက်၊ မြင်းတန့်ကြီး၊ သစ်ခေါင်း၊ အင်ပင်ယဒင်၊ မင်းဆွေနှစ် အစရှိသော ကျေးရွာများနှင့် စိုင်ပြင်မြို့ပေါ်ရှိ ရပ်ကွက်တချို့ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီးဖြစ်သည်။
ထိုသို့စီးနင်းမှုတွင် သြဂုတ် ၈ ကတည်းက စစ်တပ်က ဖမ်းဆီးသွားသော ညောင်လှရွာ၊ နမော (မြောက်) ကျောင်းမှ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူငယ် ၇ ဦးမှာ ယနေ့ (ဩဂုတ် ၁၃) အထိ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသည်။
၎င်း ၇ ဦးမှာ PDF များမဟုတ်ကြကြောင်း၊ ထိုအထဲတွင် မသန်စွမ်းတစ်ဦးပါဝင်ကြောင်း ဒေသခံများက ဆိုသည်။
“အဖွဲ့တွေနဲ့ လုံးဝအဆက်အသွယ်မရှိပါဘူး ဒီကလေးတွေက။ ဟို ၃ ယောက်ကလည်း ဘုန်းကြီးကျောင်းသားအစစ်တွေပါ ။ ကျန်တဲ့ ၄ ယောက်ကလည်း တောင်သူလုပ်နေတဲ့ကလေးတွေပါ။ ဘာမှနားမလည်တဲ့ ကလေးတွေပါ။ သူတို့ကို ကောင်းကောင်းမွန်မွန် ပြန်လွတ်မြောက်စေချင်ပါတယ်။ အကောင်းပကတိ အိမ်ပြန်ရောက်စေချင်တာပါ” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ ဆွေမျိုးတစ်ဦးက ပြောသည်။
၎င်းလူငယ် ၇ ဦးကို လက်ပြန်ကြိုးတုပ်၍ စစ်တပ်သွားရာ လမ်းတစ်လျှောက် ခေါ်ဆောင်သွားနေသည်ဟု သိရကြောင်း ကျေးရွာတချို့မှ ဒေသခံများ ပြောဆိုချက်ကို ကိုးကား၍ အထက်ပါဆွေမျိုးက ဆိုသည်။
တစ်ပတ်အတွင်း ရွာ ၁၁ ရွာကို အင်အား ၁၀၀ ဖြင့် စစ်တပ်က အဖွဲ့နှစ်ဖွဲ့ခွဲပြီး စီးနင်းဝင်ရောက်စဉ်အတွင်း အိမ်ကြီးအိမ်ကောင်းများကို ပစ်မှတ်ထားကာ နေအိမ်တံခါး၊ ဗီရို၊ တီဗီတို့ကို ဖျက်ဆီးကြောင်း၊ ပိုက်ဆံနှင့် အဖိုးတန်ပစ္စည်းများကို စစ်သားများက ယူဆောင်သွားကြောင်း ထွက်ပြေးနေရသည့် ရွာသားများက ပြောသည်။
“ကျွန်တော်တို့က ထွက်သာပြေးလာရတာ အိမ်တံခါးတွေ၊ ဗီရိုတွေ သော့မခတ်ရဲဘူး။ သော့ခတ်ရင်လည်း ရိုက်ဖျက်ပြီးတော့ ယူမှာဆိုတဲ့အတူတူ အထဲကပစ္စည်းတော့ ပါချင်ပါပါစေ။ ကိုယ့်တံခါးတွေ၊ ဗီရိုတွေ မပျက်စီးအောင်ဆိုပြီးတော့ တံခါးကို ဒီအတိုင်း ဟောင်းလောင်းဖွင့်ပြီး ထားခဲ့ရတယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။
လက်နက်ကိုင် PDF များ အားကောင်းသည့် ဒီပဲယင်းမြို့နယ်တွင် ဒေသခံကျေးရွာများကို ရက်ရှည် ဝင်ရောက်စီးနင်း၊ ဖျက်ဆီးနေခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ဆိုင်ကယ် အစီး ၂၀ နီးပါးနှင့် ဝဲကြီးရွာမှ ကုန်စုံဆိုင်တစ်ဆိုင်ကိုလည်း မီးရှို့ခဲ့ကြသည်။
ယမန်နေ့(သြဂုတ် ၁၂) မနက်ပိုင်းကလည်း အင်ပင်ယဒင်ကျေးရွာကို စစ်တပ်က ဝင်ရောက်ခဲ့ပြီးနောက် အရပ်ဝတ်လက်နက်ကိုင်များပါ ထပ်မံရောက်လာပြီး နေအိမ်တစ်လုံးကို မီးရှို့သွားကြသည်ဟု ဒေသခံတို့က ပြောသည်။
စစ်ကောင်စီတပ်သားတို့က အရပ်သားများ၏ နေအိမ်ကို ဖျက်ဆီးသည်၊ လုယက်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ယနေ့ ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ်မရသေးပေ။
ထိုဒေသ လတ်တလောဖြစ်ရပ်များကိုလည်း စစ်ကောင်စီထုတ်ပြန်သည့် သတင်းများထဲတွင် မတွေ့ရပေ။
ဇွန်လအတွင်း ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာနှင့် ကြည်ရွာတို့တွင် စစ်တပ်နှင့် PDF များ တိုက်ပွဲဖြစ်ထားသည်။
ဇူလိုင်လဆန်းတွင်လည်း ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီး စစ်တပ်နှင့် PDF များ တိုက်ပွဲဖြစ်ရာ ဒဏ်ရာရနေသည့် PDF များအပါအဝင် အရပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့သည်။