အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်က စစ်ကောင်စီကို စီမံကိန်းရန်ပုံငွေ ကန်ဒေါ်လာ ၆ သန်းကျော် ပေးမည်

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် ဝန်ကြီးဌာနစီမံကိန်း ၂၁ ခုအတွက် မဲခေါင်-လျန်ချန်း ရန်ပုံငွေအစီအစဉ်အရ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၆ သန်းကျော် ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၀ တွင် သတင်းထုတ်ပြန်သည်။

မဲခေါင်ဒေသနိုင်ငံများဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် တရုတ်က ကမကထပြုနေသည့် အထက်ပါစီမံကိန်းများတွင် ခရီးသွား၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ သမားရိုးကျမဟုတ်သော လုံခြုံရေး၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာလုပ်ငန်းများ၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်ရေး စီမံကိန်းများပါဝင်ပြီး တရုတ်နိုင်ငံနှင့် အွန်လိုင်းမှတစ်ဆင့် သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်သည်ဟု ဆိုသည်။ 

စစ်အာဏာသိမ်းမှုကို ပြည်တွင်းပြည်ပမှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြချိန်၌ မြန်မာနိုင်ငံတွင် အကျိုးစီးပွားများစွာရှိနေသည့် တရုတ်က စစ်ကောင်စီကို ကူညီခြင်းသာဖြစ်ကြောင်း အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

“ဒီအစိုးရ(စစ်ကောင်စီ) တည်မြဲရေးအတွက်ကို ကူညီတာရှိသလို မဲခေါင်ဒေသဆိုတာကလည်း သူတို့ရဲ့ BRI (ပိုးလမ်းမစီမံကိန်း) နဲ့ ပတ်သက်တဲ့ကိစ္စလည်းပဲဖြစ်တယ်ဆိုတော့ အဲဒါကတော့ ဆက်လုပ်မှာပဲ။ တစ်ကမ္ဘာလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ တရုတ်က သူ့အကျိုးစီးပွားအတွက် တွန်းလုပ်နေတာကိုဗျ” ဟု ၎င်းက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသနိုင်ငံများဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယမ်နမ်တို့ ပူးပေါင်းဆောင်ရွက်ကြသည့် မဲခေါင်-လျန်ချန်းအစီအစဉ်ကို ၂၀၁၆ တွင်စတင်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီး ဖြုတ်ချခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ငါးနှစ်သက်တမ်း (၂၀၁၆-၂၀၂၀)အတွင်း ၂၀၁၇မှစ၍ မြန်မာနိုင်ငံရှိ စီမံကိန်း ၅၁ ခုအတွက် တရုတ်က ပေးသည့် အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် လက်ခံရရှိဖူးသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက အစိုးရချင်း တိုက်ရိုက်ကူညီသည့် ကိစ္စများကို ရပ်ဆိုင်းထားပြီး မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများကိုသာ ပေးအပ်နေသည်။

ယနေ့(ဩဂုတ် ၁၁)တွင်ပင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စစ်တပ်၏ နှိပ်ကွပ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအပါအဝင် ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန်ဒေါ်လာသန်း ၅၀ ကူညီမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button