သတင်း

စစ်တပ်အတွင်း​ အိန္ဒိယကိုဗစ်ကာကွယ်ဆေးတစ်မျိုး တိတ်တဆိတ်စမ်းသပ်ထိုးနှံခဲ့ 

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးကို ကာယကံရှင်များ၏ သဘောတူညီချက်မပါရှိဘဲ ယခုနှစ်ဆန်းပိုင်းက စစ်တပ်အတွင်း တိတ်တဆိတ်စမ်းသပ်ထိုးနှံစေခဲ့ကြောင်း တပ်မတော်သားအချို့ထံမှ သိရသည်။

ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများအတွက် တပ်မတော်သားများကို စမ်းသပ်ထိုးနှံခဲ့သည့် အဆိုပါ ကိုဗစ်ကာကွယ်ဆေးမှာ အိန္ဒိယဆေးကုမ္ပဏီ Bharat Biotech က ထုတ်လုပ်သည့် Covaxin ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေဆဲ ကိုဗစ်ကာကွယ်ဆေးတစ်မျိုးဖြစ်ကြောင်း သိရသည်။

စမ်းသပ်ဆဲအဆင့်ဖြစ်သည့် အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး Covaxin ထိုးနှံခဲ့သည့် တပ်မတော်သားများအနက် ရန်ကုန်၊ မင်္ဂလာဒုံစစ်ဆေးရုံမှ အရာရှိတစ်ဦးနှင့် မင်္ဂလာဒုံရှိ သားဖွားမီးယပ်နှင့် ကလေးဆေးရုံမှ ပါရဂူတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည်။

“ဆေးစမ်းထိုးတာတော့ ဟုတ်တယ်။ ကာကွယ်ဆေးထိုးပေါ့။ ဒီလိုပဲပြောတာ။ ကာကွယ်ဆေးထိုးပြီးလို့ရှိရင် နှစ်ပတ်လောက်မှာ ဆေးထိုးထားတဲ့လူရဲ့ Immunity (ခုခံအား) ကို ပြန်စစ်တယ်။ တက်လား မတက်လားပေါ့။ ဒါက စမ်းသပ်တဲ့ သဘောပါပဲ” ဟု မင်္ဂလာဒုံစစ်ဆေးရုံမှ အရာရှိက ပြောသည်။ 

အာဏာမသိမ်းမီ ရက်ပိုင်းအလိုတွင် ၎င်းအပါအဝင် စစ်သား ၁၅ ဦးဖြင့် စမ်းသပ်ထိုးနှံခဲ့ခြင်းဖြစ်ပြီး ဆေးတစ်ကြိမ်းထိုးတိုင်း သုံးကြိမ်သွေးဖောက်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးပြီးမှသာ ကျန်တပ်ရင်းတပ်ဖွဲ့များမှ စစ်သားများကို ဆက်လက်စမ်းသပ်ထိုးနှံခဲ့သည်ဟု ဆိုသည်။ 

“သွေးဖောက်တာတောင်မှ အကုန်လုံးကို ဖောက်တယ် အောက်မေ့နေတာ။ နောက်ဆုံးကျမှ အရင်ဦးဆုံးထိုးတဲ့ ၁၅ ယောက်ကိုပဲ သွေးဖောက်တယ်ဆိုတာ သိရတာ။ ဒေါသထွက်တာပေါ့။ ဒါပေမဲ့လည်း စစ်တပ်မှာ ဒေါသထွက်လည်း ဘာမှ လုပ်မရဘူး” ဟု အထက်ပါအရာရှိက ပြောသည်။

“အချင်းချင်းတောင် ပြန်စနေကြသေးတယ်။ ငါတို့က အစမ်းသပ်ခံကြီးတွေ ဖြစ်နေတာပေါ့လို့” ဟု လည်း ၎င်းက ဆက်လက်ပြောဆိုပြီး ရန်ကုန်ရှိ စစ်ဆေးရုံငါးခုမှ တပ်မတော်သား ၁၅ ဦးစီကို Covaxin ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့သည်ဟု ဆိုသည်။ 

အိန္ဒိယက ပေးသည့် တတိယအဆင့် စမ်းသပ်ဆဲဆေးကို ကာကွယ်ဆေးဟုပြောကာ စစ်သားများကို အမိန့်ဖြင့် စမ်းသပ်ထိုးနှံခဲ့ခြင်းဖြစ်ကြောင်း ၎င်းကိုယ်တိုင်လည်း စမ်းသပ်ထိုးနှံခံခဲ့ရသည်ဟု မင်္ဂလာဒုံရှိ သားဖွားမီးယပ်နှင့် ကလေးဆေးရုံမှ ပါရဂူတစ်ဦးဖြစ်သူ အရာရှိက ပြောသည်။ 

“လူတစ်သိန်းထိုးတယ်ဆို လူတစ်သိန်းထိုးတဲ့ Record (မှတ်တမ်း) ကို သူ (ဆေးကုမ္ပဏီ) က လိုချင်တာ။ Studies Population (လေ့လာမှုပြုထားသည့် လူအင်အား) ကို လိုချင်တာ။ တစ်နည်းအားဖြင့် ပြောရရင် စိတ်မကောင်းစရာတော့ ကောင်းတာပေါ့။ စမ်းသပ်ခံလိုက်ရတဲ့ သဘောပဲ” ဟု ၎င်းက ပြောသည်။ 

သွေးဖောက်စစ်ဆေးမှုမှ ရရှိလာသည့် သွေးအဖြေကို စစ်သားများထံ ပြန်လည်အသိပေးခြင်း မရှိဘဲ ဆေးထိုးပြီးနောက် ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုအခြေအနေကို မေးမြန်းသုတေသနပြုလုပ်ခဲ့သည်ဟုလည်း အထက်ပါ ပါရဂူအရာရှိက ဆိုသည်။ 

“ဆေးထိုးပြီးရင် ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်သလဲ ဖျားလား။ ဖျားတဲ့လူက ဘယ်လောက်၊ မအီမသာဖြစ်တဲ့လူက ဘယ်လောက် ဒေတာ (အချက်အလက်) ကောက်နေတဲ့ အဖွဲ့ရှိသလို ဆေးထိုးပြီးတဲ့အချိန် သွေးထဲမှာ Antibody ဘယ်လောက်တက်သလဲဆိုတာ လိုက်ကြတယ်” ဟု ၎င်းက ပြောသည်။ 

စစ်တပ်အတွင်း အိန္ဒိယဆေးကုမ္ပဏီထုတ် Covaxin ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထိုးနှံခြင်းကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ သုတေသနပြုခဲ့ပြီး ဆေးထိုးခံရပြီးချိန်မှသာ စမ်းသပ်ခြင်းဖြစ်ကြောင်း သိခဲ့ရသည်ဟုလည်း အထက်ပါ တပ်မတော်သား ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦးလုံးက ဆိုသည်။

အာဏာသိမ်းပြီး ဖေဖော်ဝါရီလလယ်ပိုင်းတွင် မထိုးမနေရအမိန့်ဖြင့် Covaxin ထိုးနှံခဲ့ရပြီး မတ်လလယ်ပိုင်း ဒုတိယအကြိမ်ထိုးနှံခဲ့ရသော်လည်း စမ်းသပ်ခြင်းဟုတ်မဟုတ် မသိခဲ့ကြောင်း ရေတပ်အရာရှိတစ်ဦး၏ အမျိုးသမီးက Myanmar Now ကို ပြောသည်။ 

“ထိုးပြီးရင်နည်းနည်းတော့ Effect (အကျိုးဆက်) ပြရမှာလေ။ အိမ်ကလူက ဘာမှကိုမဖြစ်တာ။ ရေခဲပုံးနဲ့ ယူလာပြီး ထိုးပေးတယ်ပြောတယ်။ မထိုးမနေရဆိုလို့သာ ထိုးရတာ၊ ဆေးသိမ်းပုံသိမ်းနည်းတွေက မမှန်ဘူးလေ” ဟု ယင်းအရာရှိကတော်က ပြောသည်။

၎င်း၏ အမျိုးသားမှာ ဆေးထိုးခံရပြီးချိန်တွင် Covaxin ဟု သိရှိခဲ့သော်လည်း အခြားအဆင့် စစ်သားများမှာမူ ၎င်းတို့အား ထိုးနှံပေးသည့် ဆေးနာမည်ကိုပင် မသိဟု ဆိုသည်။

ဇန်နဝါရီလကုန်ပိုင်းက အမျိုးသမီးစစ်သည်တစ်ဦး Covaxin ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့စဉ်။ 

အိန္ဒိယဆေးကုမ္ပဏီ၏ တုံ့ပြန်ချက် 

WHO အသိအမှတ်ပြုရန် ကြိုးပမ်းနေဆဲ Covaxin ကာကွယ်ဆေးကို မြန်မာစစ်တပ်အတွင်း စမ်းသပ်ထိုးနှံခဲ့သည်ဟု တပ်မတော်သားများက ဆိုသော်လည်း ဆေးထုတ်လုပ်သည့် Bharat Biotech ကုမ္ပဏီကမူ အိန္ဒိယနိုင်ငံပြင်ပတွင် ကာကွယ်ဆေးစမ်းသပ်မှု (Clinical Trial) ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုသည်။

သို့သော် Covaxin ကာကွယ်ဆေး ၅၅ စုံ (55 vials) ကို ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း Myanmar Now ၏ မေးမြန်းမှုအပေါ် Bharat Biotech ကုမ္ပဏီက အီးမေးလ်မှတဆင့် အကြောင်းပြန်ခဲ့သည်။

အိန္ဒိယအစိုးရ၏ Vaccine Maitri ကာကွယ်ဆေးဆိုင်ရာ သံတမန်အစီအစဉ်အရ မြန်မာနိုင်ငံသို့ Covishield ၁ ဒသမ ၅ သန်းကို ဇန်နဝါရီ ၂၂ တွင်လည်းကောင်း၊ Covaxin ၂ သိန်းကို ဖေဖော်ဝါရီ ၁၁ တွင်လည်းကောင်း ပေးပို့ခဲ့သည်ဟု ဆိုသည်။ (Covishield မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အိန္ဒိယနိုင်ငံမှ ဝယ်ယူကာ ဦးစားပေးအုပ်စုအလိုက် ပထမဆုံးထိုးနှံပေးခဲ့သည့် ကိုဗစ်ကာကွယ်ဆေးဖြစ်သည်။)  

ယင်းမတိုင်မီ Covaxin ကာကွယ်ဆေး ၅၅ စုံ ပေးပို့ခဲ့ခြင်းမှာ ကာကွယ်ဆေးဝယ်ယူမှုနှင့် အရေးပေါ်အသုံးပြုမှုမတိုင်မီ ကာကွယ်ဆေးဝယ်ယူသည့် နိုင်ငံများက ပြုလုပ်လေ့ရှိသည့် အလေ့အထတစ်ခုဖြစ်ကြောင်း ကုမ္ပဏီဘက်က ဆိုသည်။ တပ်မတော်သားများကို စမ်းသပ်ထိုးနှံခဲ့သည့် ကာကွယ်ဆေးမှာ ထိုဆေး ၅၅ စုံအနက်မှ ဖြစ်နိုင်သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

Covaxin ကိုဗစ်ကာကွယ်ဆေးကို အသိအမှတ်ပြုနိုင်ရန် WHO ထံ ဇူလိုင် ၉ တွင် တင်ပြခဲ့ပြီး ဩဂုတ် ၁၅ နောက်ပိုင်းတွင် ရရှိနိုင်ရန် မျှော်မှန်းထားသည်ဟု အိန္ဒိယသတင်းဌာနတစ်ခုက ရေးသားဖော်ပြခဲ့သည်။ 

နိုင်ငံပြင်ပတွင် ကာကွယ်ဆေးစမ်းသပ်မှု မပြုခဲ့ကြောင်း ကုမ္ပဏီက ငြင်းဆိုသော်လည်း Covaxin ကာကွယ်ဆေးထိရောက်မှုနှင့် ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စမ်းသပ်မှုများပြုလုပ်နိုင်ရန် Bharat Biotech က ယင်းနိုင်ငံအစိုးရများထံမှ ခွင့်ပြုချက်စောင့်ဆိုင်းနေသည်ဟု အိန္ဒိယအခြေစိုက် Mint သတင်းဌာနက ဇန်နဝါရီ ၂၇ တွင် ရေးသားဖော်ပြခဲ့သည်။

Covaxin ဆေးကို Bharat Biotech နှင့် ပူးပေါင်းထုတ်လုပ်နေသည့် အိန္ဒိယဆေးသုတေသနကောင်စီ (ICMR) ကမူ ယင်းကဲ့သို့ စမ်းသပ်မှုများသည် သက်ဆိုင်ရာနိုင်ငံများက ကာကွယ်ဆေးမဝယ်ယူမီ လုပ်ရိုးလုပ်စဉ်စမ်းသပ်မှုဖြစ်ကြောင်း ဆိုသော်လည်း Bharat Biotech ကမူ ယင်းစမ်းသပ်မှုနှင့် ပတ်သက်၍ ဖြေကြားရန် ငြင်းဆိုကြောင်း အဆိုပါ သတင်းက ဆိုသည်။ 

အိန္ဒိယနိုင်ငံထုတ် Covaxin ကိုဗစ်ကာကွယ်ဆေးကို ၁၆ နိုင်ငံရှိ အစိုးရများက အရေးပေါ်သုံးခွင့်ပြုထားကြောင်း အိန္ဒိယသတင်းအေဂျင်စီတစ်ခုဖြစ်သော UNI က ဇွန်လကုန်ပိုင်းတွင် ရေးသားထားသည်။ 

အိန္ဒိယနိုင်ငံထုတ် Covaxin ကိုဗစ်ကာကွယ်ဆေးကို ၁၆ နိုင်ငံရှိ အစိုးရများက အရေးပေါ်သုံးခွင့်ပြုထားသည်ဟု ဆိုသည်။ (ဓာတ်ပုံ − EPA/EFE)  

ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများ မသိရှိခဲ့ 

အိန္ဒိယဆေးကုမ္ပဏီထုတ် Covaxin ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထိုးနှံခြင်းနှင့် ပတ်သက်၍ မသိရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

တပ်မတော်သားများကို Covaxin ဆေး စမ်းသပ်ထိုးနှံခြင်းမှာ အာဏာမသိမ်းမီ ဇန်နဝါရီလအတွင်းက စတင်ခဲ့ခြင်းဖြစ်သော်လည်း ထိုအချိန်က NLD အစိုးရအဖွဲ့ ၏ ကိုဗစ်နိုင်တင်းကာကွယ်တိုက်ဖျက်ရေးအစီအစဉ်တွင် ပါဝင်ခဲ့သူများကမူ တပ်မတော်သားများ Covaxin ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ထိုးနှံခဲ့ခြင်းကို မသိရှိဟု ဆိုသည်။  

ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူကယ်ပြန်ဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူများဖြစ်ကြသည့် ဒေါက်တာဝင်းမြတ်အေးနှင့် ဒေါက်တာဇော်ဝေစိုးက Covaxin ကိုဗစ်ကာကွယ်ဆေးစမ်းသပ်ခြင်းကို မသိရှိဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် Covaxin ဆေးစမ်းသပ်သုတေသနပြုလုပ်မှု မရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန တာဝန်ခံဖြစ်သူ လက်ရှိ ရန်ကုန်ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးဌေးတင်က ဇူလိုင် ၁၅ တွင် Myanmar Now ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီလက်ထက် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဖြစ်သည့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း Covaxin ကာကွယ်ဆေးစမ်းသပ်ထိုးနှံရန် စီစဉ်ခဲ့ခြင်းမရှိကြောင်း Eleven သတင်းဌာနက ဇန်နဝါရီ ၃၁ ထုတ် ရေးသားဖော်ပြခဲ့သည်။ 

သို့သော် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (FDA) ညွှန်ကြားရေးမှူး ဒေါက်တာခင်ဇော်ကမူ ဧပြီလအတွင်း ပြည်သူများကို Covaxin ဆေးထိုးနှံခဲ့သည်ဟု ဆိုသည်။

“စမ်းတယ်ဆိုတာက လူတွေနဲ့ စမ်းတာကို ပြောတာ။ Covaxin က မြန်မာနိုင်ငံမှာ ထိုးပြီးသွားပြီ။ လှူသလောက်ကို ထိုးပြီးတာ။ ဘယ်လောက်လှူလဲတော့ ကျွန်တော်မသိဘူး။ လှူတာကို ခွင့်ပြုလိုက်တာ ရှိတယ်။ ခွင့်ပြုလိုက်တာကို လှူလိုက်တဲ့နေရာမှာ ထိုးတယ်” ဟု ၎င်းက ဇူလိုင် ၂၁ တွင် Myanmar Now ကို ပြောသည်။ 

ထို့ပြင် FDA အနေဖြင့် Covaxin ဆေးကို စမ်းသပ်ရန် ခွင့်ပြုပေးခဲ့ခြင်းမရှိဘဲ အသုံးပြုရန် ထောက်ခံချက်ပေးခြင်းသာဖြစ်သည်ဟုလည်း ဒေါက်တာခင်ဇော်က ပြောသည်။

“ပြည်သူတွေကို ထိုးပေးနေတဲ့ဥစ္စာတွေမှာ သူ့အသုတ်လိုက် အသုတ်လိုက် စမ်းသပ်တာ။ ပြည်သူ့ကျန်းမာရေးက ထိုးပေးတာဆိုတော့ ပြည်သူ့ကျန်းမာရေးကိုပဲ မေးပါ။ သူတို့ဆီမှာ အတိအကျရှိတယ်” ဟု ၎င်းက တိုက်တွန်းပြီး စမ်းသပ်ထိုးနှံချိန်တွင် ရေရှည်ဘေးထွက်ဆိုးကျိုးနှင့် ချက်ချင်းဘေးထွက်ဆိုးကျိုး မရှိခဲ့ကြောင်းလည်း ဆိုသည်။

သို့သော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာတွင် ယင်းကဲ့သို့ စမ်းသပ်ထိုးနှံခြင်း မရှိသည့်အပြင် သုတေသနပြုလုပ်ရန် ခွင့်ပြုခဲ့ခြင်းလည်း မရှိကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

မြန်မာနိုင်ငံ၌ Covaxin ဆေးစမ်းသပ်ရန် ဇန်နဝါရီလအတွင်းက ဆွေးနွေးမှုများရှိခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနက ခွင့်မပြုခဲ့ကြောင်းလည်း စစ်ကောင်စီလက်ထက် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်းဖြစ်သည့် ၎င်းက ဆိုသည်။

“ကျွန်တော်တို့နိုင်ငံက လက်မခံလိုက်ဘူး။ သူများနိုင်ငံက ကာကွယ်ဆေးကို ကိုယ့်နိုင်ငံမှာ လာစမ်းသပ်တာမျိုးကျတော့ မတော်တဆ တစ်ခုခုဖြစ်သွားရင် ကိုယ့်လူတွေခံရမှာ” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

WHO စိစစ်နေဆဲ Covaxin ကို စစ်ကောင်စီခွင့်ပြုခဲ့ 

ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် စမ်းသပ်ခွင့်မပြုခဲ့သော်လည်း အိန္ဒိယနိုင်ငံထုတ် Covaxin ကို မြန်မာနိုင်ငံတွင် ထိုးနှံပေးနိုင်ရန် ခွင့်ပြုထားကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလဆန်းပိုင်းတွင် တရုတ်သတင်းဌာန ဆင်ဟွာကို ပြောကြားခဲ့သည်။

ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရုရှားနှင့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများအပြင် အိန္ဒိယနိုင်ငံမှ Covaxin ဆေးဝယ်ယူရန်ရှိကြောင်း ဖေဖော် ဝါရီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

အိန္ဒိယထုတ် Covaxin ကို အရေးပေါ်အသုံးပြုခွင့်အတွက် WHO က စိစစ်နေဆဲဖြစ်သော်လည်း အဆိုပါဆေးကို ရောင်းချနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဆေးကုမ္ပဏီတစ်ခုက မှာယူထားပြီး ဆေးသုံးစွဲလိုသူများ၏ ကြိုတင်ဝယ်ယူမှုကိုပင် လက်ခံပေးနေပြီဖြစ်သည်။

Covaxin ဆေး ဝယ်ယူတင်သွင်းရေးနှင့် ပတ်သက်၍ FDA ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း ဖြန့်ဖြူးရောင်းချမည့် SML ဆေးဝါးကုမ္ပဏီက လူမှုကွန်ရက်စာမျက်နှာတွင် ဇွန် ၂၃ ရက်ကတည်း က ကြေညာထားသည်။

SML ကုမ္ပဏီသည် Bharat Biotech ကုမ္ပဏီ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားလာသောကြောင့် လွန်ခဲ့သည့် သုံးလကတည်းက ခွင့်ပြုပေးခဲ့သည်ဟု FDA ညွှန်ကြားရေးမှူး ဒေါက်တာခင်ဇော်က ပြောသည်။ 

“အကယ်၍သာ WHO ကနေ မရသေးလို့ ခွင့်ပြုချက်မပေးဘူးဆိုရင် ကျွန်တော်တို့က ဆေးတော်တော်များများကို ပေးလို့မရတော့ဘူး။ WHO က ခွင့်ပြုထားတဲ့ဆေးတွေက ဘယ်လိုနည်းနဲ့မှ အခုလောလောဆယ်မှာ မရနိုင်ဘူး။ ရတဲ့ဘက်ကနေ တင်သွင်းဖို့လုပ်နေတော့ ကျွန်တော်တို့ စိစစ်ခွင့်ပြုလိုက်တာ” ဟု ၎င်းက ပြောသည်။

ဩဂုတ် ၈ နေ့တွင် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေးတစ်သန်း ရန်ကုန်မြို့သို့ ရောက်ရှိခဲ့စဉ်။

ကိုဗစ်တတိယလှိုင်းကူးစက်မှု မြင့်တက်လာပြီးနောက် စစ်ကောင်စီက အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ဦးစားပေးအနေဖြင့် ​တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovac ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ Sinovac နှင့် Sinopharm သည် လက္ခဏာပြသည့် ကိုဗစ်နိုင်တင်းကို ၅၁ % နှင့် ၇၉ % ကြား ကာကွယ်ပေးနိုင်သည့် တရုတ်နိုင်ငံထုတ်ဆေးများဖြစ်သည်။ 

တရုတ်အစိုးရက စစ်ကောင်စီကို Sinopharm ကာကွယ်ဆေး ၂ ဒသမ ၅ သန်းမှာ လှူဒါန်းထားပြီး စစ်ကောင်စီက Sinovac ဆေးနှစ်သန်း ဝယ်ယူထားသည်။ 

Cavaxin ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံခဲ့သည့် ရန်ကုန်ရှိ ရေတပ်အတွင်း၌ တစ်တပ်လုံးနီးပါး ကိုဗစ်ကူးစက်ခံထားရသည်ဟု အထက်တွင်ဆိုခဲ့သော ရေတပ်အရာရှိကတော်က ပြောသည်။ 

ထို့ပြင် Covaxin စမ်းသပ်ထိုးနှံခဲ့သည့် တပ်မတော်သား သုံးပုံနှစ်ပုံခန့်မှာ ကိုဗစ်တတိယလှိုင်းစတင်သည့် ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လအတွင်း ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း မင်္ဂလာဒုံစစ်ဆေးရုံမှ အရာရှိက ဆိုသည်။ Covaxin ထိုးနှံခဲ့သည့် ကိုဗစ်ကူးစက်ခံရသည့် လက္ခဏာများ ခံစားနေရသည်ဟု ဆိုသည်။ 

“ပထမက ဖျားတယ်။ နောက်တော့ အနံ့ပါပျောက်နေတာ။ လူက နုံးပြီး အစားအသောက်ကလည်း စားမရဘူး။ ကျွန်တော်က ကိုဗစ်မစစ်တော့ဘူး။ အဆောင်မှာလည်း ရောဂါဖြစ်နေတဲ့သူတွေ ကုပေးနေရတာဆိုတော့ သေချာသွားပြီ” ဟု စစ်ဆေးရုံမှ အထက်ပါအရာရှိက ပြောသည်။ 

Show More

Related Articles

Back to top button