သတင်း

ဒီပဲယင်းတွင် စစ်ကားများ မိုင်းဆွဲခံရပြီး အနီးအနားကျေးရွာများကို စစ်တပ် ဝင်မွှေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီး ယမန်နေ့ (သြဂုတ် ၇ ) ညပိုင်းက စစ်ကားငါးစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းနေပြီး ဒေသခံ ၁၀ ဦး ဝန်းကျင် ဖမ်းဆီးခံထားရသည်။

မုံရွာမြို့ဘက်မှလာသည့် စစ်ကားငါးစီးမှာ ဒီပဲယင်းမြို့နှင့် ၄ မိုင်ခန့်အကွာ ကြည်ရွာနှင့် ပြန်ကျရွာအကြား ယမန်နေ့ ည ၉ နာရီဝန်းကျင်၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကားနှစ်စီးပျက်စီးသွားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးက ပြောသည်။ 

“ဆွဲမိုင်းရော၊ ဖုန်းမိုင်းရော ထောင်ထားတာ။ သူတို့(စစ်ကောင်စီတပ်) က တစ်နေရာမှာ မိသွားတာ။ စစ်ကားနှစ်စီးတော့ ပျက်စီးသွားတယ်။ သူတို့ဘက်က အထိအခိုက်တော့ မသိရသေးဘူး။ မိုင်းမိပြီးတော့ သူတို့က သွေးရူးသွေးတန်းနဲ့ ရမ်းပစ်တယ်။ ဒီဘက်က ပြန်မလုပ်ဘူး“ ဟု ၎င်းက ပြောသည်။ 

ထိုသို့ စစ်ကားများ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ကြည်ရွာအပါအဝင် အနီးအနားကျေးရွာများအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ညတွင်းချင်းပင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။  

ယနေ့ နံနက် ၆ နာရီဝန်းကျင်မှစ၍ ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းကျေးရွာများဖြစ်သည့် လက်ယက်ကုန်း၊ ညောင်လှနှင့် ဝဲကြီးရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်မွှေနှောက်သည့်အပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ဝဲကြီးနှင့် ကပ်လျက်ရှိ နများကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“လက်ယက်ကုန်းကို (စစ်ကောင်စီတပ်က) ၉ နာရီခွဲလောက်ရောက်တယ်။ မူးတွင်းနဲ့ လက်ယက်ကုန်းကြားမှာ တွေ့တဲ့သူတွေ မည်းမည်းမြင်ရာ လိုက်ပစ်တော့တာပဲ။ ၉ နာရီခွဲလောက်က။ လက်နက်ကြီးပေါက်ကွဲသံနှစ်ခု ကြားလိုက်ရတယ် ” ဟု ၎င်းဒေသခံက ဆိုသည်။ 

စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြင်သမျှ တရစပ်ပစ်ခတ်သည့်အတွက် လယ်ထွန်စက်မောင်းနေသည့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး သေဆုံးခဲ့သည်ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီတပ်များသည် ညောင်လှကျေးရွာကိုလည်း ယနေ့နံနက်တွင် ဝင်ရောက်စီးနင်းပြီး ရွာဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ကွာရန်တင်းစင်တာရှိ လူငယ် ၁၀ ဦး ဝန်းကျင်ကို ဖမ်းဆီးသွားကြောင်း ရွာသားများကို ကိုးကားပြီး အထက်ပါအမျိုးသားက ဆက်ပြောသည်။

ဘုန်းကြီးကျောင်းဝင်းရှိ ဆိုင်ကယ်ရှစ်စီးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီးနောက် ဆိုင်ကယ်လေးစီးခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ညောင်လှကျေးရွာ ဘုန်းကြီးကျောင်းမှ ယူဆောင်သွားပြီး မီးရှို့ခံထားရသည့် ဆိုင်ကယ်များအား တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

ယနေ့ မွန်းလွဲပိုင်းအချိန်အထိ ညောင်လှရွာ ဘုန်းကြီးကျောင်းနှင့် ဝဲကြီးရွာတို့တွင် စစ်ကောင်စီတပ်များ တပ်စွဲထားဆဲဖြစ်ကာ စစ်ကောင်စီတပ်များ ဝင်ရောက်မွှေနှောက်နေသောကြောင့် ဒေသခံထောင်ဂဏန်းခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

မိုးရာသီ စိုက်ပျိုးရေးလုပ်ငန်းများစတင်နေချိန်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် လုပ်ငန်းများ များစွာထိခိုက်နစ်နာကြောင်း ဒီပဲယင်းမြို့နယ် ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။ 

“သူတို့ အဲ့ဒီလိုလုပ်လိုက်တော့ ပျိုးနုတ်မဲ့ လုပ်သားတွေရော၊ ကောက်စိုက်သမတွေရော အကုန်ထွက်ပြေးကြတယ်။ တချို့ဆို ပျိုးနုတ်ပြီးသားလယ်တွေက ထွက်ပြေးလာတော့ ပျိုးတွေက စိုက်မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း ဒီပဲယင်းသည် စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်လျက်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။ ဇွန် ၈ တွင် ဒီပဲယင်းမြို့နယ်၊ ယဉ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်သင်တန်းပေးသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့၍ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ (PDF) များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ 

၂၀၀၃ က ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်း တိုက်ခိုက်ခံရဖူးသည့် ကြည်ရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ သမီးနှစ်ဦး ဇွန် ၁၃ ရက်က အသတ်ခံရပြီးနောက် ကြည်ရွာ၏ အနောက်ဘက်နှစ်မိုင်ခန့်အကွာရှိ ဆပ်ပြာကျင်းနှင့် ဘုတ်ရွာကို စစ်တပ်က ဝင်စီးရာ ဘုတ်ရွာမှ ရွာသားတစ်ဦး ပစ်သတ်ခံရပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။ ထို့နောက် ဒေသခံ PDF များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံး ဒဏ်ရာရမှုများရှိခဲ့သည်။

ထို့နောက် ဇူလိုင် ၂ တွင် ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီး တိုက်ပွဲဖြစ်ရာ ဒဏ်ရာရနေသည့် PDF အဖွဲ့ဝင်များအပါအဝင် အရပ်သား ၃၀ ထက်မနည်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။ ယင်းဆပ်ပြာကျင်းရွာတိုက်ပွဲကြောင့် ကျေးရွာ ၂၀ ကျော်မှ ရွာသူရွာသားများ ထွက်ပြေးခဲ့ရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ ယင်းမာပင်၊ ကနီ၊ တန့်ဆည်၊ ချောင်းဦး၊ ရွှေဘိုအပါအဝင် မြို့နယ်အများအပြားမှ ဒေသခံတို့သည် လက်လုပ်တူမီးသေနတ်အပါအဝင် ရရာလက်နက်ဖြင့် စစ်ကောင်စီ၏ ဖိနှိပ်မှုကို ပြန်ခုခံနေသော ဒေသများဖြစ်သည်။  

Show More

Related Articles

Back to top button