သတင်း

ဇူလိုင်တစ်လအတွင်း မြင်းခြံတွင် ဒေသခံ ၈၀ ကျော် ဖမ်းဆီးခံခဲ့ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ဇူလိုင်တစ်လအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ ၈၂ ဦးရှိကြောင်း မိသားစုဝင်များနှင့် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။ 

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင်များနှင့် ထောက်ခံသူများ၊ NLD လက်ထက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ပရဟိတသမားများပါဝင်သည်ဟု စာရင်းပြုစုနေသည့် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ 

ထို့ပြင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်သတင်းပေး (ဒလန်များ) ဟု နာမည်ထွက်သူများ သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်၍ စွပ်စွဲခံရသူများ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ၊ ဖမ်းဆီးလိုသူကို မမိ၍ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူများလည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။ 

စစ်ကောင်စီသည် ခြိမ်းခြောက်သည့်သဘောဖြင့် လူအစုလိုက်ဖမ်းဆီးပြီး ရက်အနည်းငယ်ကြာလျှင် အသုတ်ခွဲ၍ ပြန်လွှတ်ပေးလေ့ရှိကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ 

“သက်သက် ပြည်သူကို ခြောက်လှန့်ပြီးတော့ ပြန်လွှတ်ပေးတာလည်း ရှိတယ်။ ကြောက်စိတ်ဝင်အောင် ဖမ်းတဲ့သဘောပေါ့” ဟု ၎င်းက ဆိုသည်။

သို့သော် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံးခဲ့သူများလည်း ရှိသည်။ မြင်းခြံမြို့နယ် ဆုံရွာကုန်းကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ကိုမိုးဇော်မှာ ဖမ်းဆီးခံရပြီးနောက် မန္တလေးမြို့ရှိ နန်းတွင်းစစ်ကြောရေးသို့ အပို့ခံရကာ ရရှိသောဒဏ်ရာများဖြင့် ဇူလိုင် ၃၁ ၌ သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ​​မေ ၂၁ က ဆုံရွာကုန်းအုပ်ချုပ်ရေးမှူး ဦးသန်းနိုင် (ခ) ဆင်ပေါက်၊ ဇူလိုင် ၄ တွင် ရွှေပေါ်ကျွန်းကျေးရွာမှ သတင်းပေး (ဒလန်)ဟု နာမည်ကျော်သူ ဒေါ်မြမြစိုးတို့ အသတ်ခံရပြီးနောက် ဇူလိုင် ၆ တွင် ကိုမိုးဇော်နှင့် တူတော်စပ်သူ လေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ 

ကိုမိုးဇော် သေဆုံးခဲ့ပြီး ၎င်းနှင့်အတူ အဖမ်းခံရသူလေးဦးမှာ အဆက်အသွယ်ပြတ်တောက်နေကာ မည်သည့်အကြောင်းမှ စုံစမ်း၍ မရသေးကြောင်း ကိုမိုးဇော်၏ မိသားစုဝင်က ပြောသည်။

ထို့ပြင် မြင်းခြံမြို့တွင် ဒလန်ရှင်းလင်းရေးအဖွဲ့ဟု နာမည်ကျော်သည့် ဇီးရိုးပြောက်ကျားအဖွဲ့ဝင်ဟု စွပ်စွဲကာ ဇူလိုင်လကုန်ပိုင်းတွင် လူငယ် ၄ ဦး အဖမ်းခံခဲ့ရသည်။ 

အလားတူပင် စစ်ကောင်စီတပ်က ၎င်းတို့ဖမ်းဆီးလိုသူများကို မမိသဖြင့် ဓားစာခံအဖြစ် မိသားစုဝင်များကို ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။ 

မြင်းခြံမြို့နယ်၊ မကျီးစုရွာတွင် ဇူလိုင်ပထမပတ်အတွင်းက စစ်တပ်သတင်းပေးဟု အမည်ထွက်သူ  ဦးကြည်မောင် အသတ်ခံရပြီးနောက် ဇူလိုင် ၁၃ တွင် စစ်တပ်က ရွာအတွင်းမွှေနှောက်ကာ PDF များ၏ ဆွေမျိုးများဟု သံသယရှိသူ ဒေသခံ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်။ 

ထို့အတူ ဇူလိုင် ၂၈ ရက်ကလည်း မြင်းခြံမြို့ ၁၈ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးခဲ့သူ ကိုမိုးအောင်(ခ) အပိန်နှင့် ပတ်သက်၍ သူငယ်ချင်းဖြစ်သူ အသက် ၂၅ နှစ် အရွယ် ကိုခန့်သော်ကို သံသယဖြင့် စစ်ကောင်စီက ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။

ကိုခန့်သော်ကို ဖမ်းမမိ၍ ကိုခန့်သော်၏ အမေ၊ ညီမနှင့် ဇနီးတို့ကို အမှတ် (၁) မြင်းခြံရဲစခန်းသို့ ဖမ်းဆီးသွားပြီး လာအဖမ်းမခံပါက ၎င်းတို့ကို စစ်ကြောရေးကို ပို့ပစ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သဖြင့် ဇူလိုင် ၂၈ ညနေပိုင်းတွင် ကိုခန့်သော်က သွားရောက်အဖမ်းခံခဲ့သည်။ 

“ဆုံးသွားတဲ့ ကလေး(ကိုမိုးအောင်) က PDF အဖွဲ့ဝင်လို့ ယူဆထားတာ။ ဒီအဖွဲ့တွေကို နောက်ထပ်လိုချင်တယ်ပေါ့။ အဲဒါကို သိချင်တာ။ ဒါပေမဲ့ သူက(ကိုခန့်သော်)က ဘာအဆက်အစပ်မှ မရှိဘူး” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့ပြင် မြင်းခြံမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်သည်ဟူသော စွပ်စွဲချက်ဖြင့် ဒေါ်ညိုညိုသန်းဆိုသူ အမျိုးသမီး၏ အသက် ၂၀ အရွယ်နှင့် ဆယ်ကျော်သက်အရွယ် သမီးနှစ်ဦး၊ သားတစ်ဦးတို့ကို ဓားစာခံအဖြစ် နှစ်ရက်ကြာ ဖမ်းဆီးခဲ့သည်။ ဩဂုတ် ၁ တွင် ဒေါ်ညိုညိုသန်း ဖမ်းဆီးခံခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းခဲ့ရာ မြင်းခြံမြို့တွင် စစ်ကောင်စီဘက်တော်သားများ သတ်ဖြတ်ခံရပြီးနောက် စစ်တပ်လိုလားသည့် ပျူစောထီးဆိုသောအဖွဲ့က တန်ပြန်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

ဇူလိုင် ၂ တွင် မြင်းခြံမြို့ရှိ NLD မြို့နယ်အလုပ်အမှုဆောင်နှင့် ဇနီး၊  ဇူလိုင် ၂၇ ၌ အာဏာသိမ်းမှုဆန့်ကျင်သည့် မျက်လှည့်ဆရာ စမီး(ခ) ကိုကောင်းမြတ်သူနှင့် ဇနီးတို့ သတ်ဖြတ်ခံခဲ့ရပြီး ပျူစောထီးအဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြင်းခြံဒေသခံ ၈၂ ဦးအနက် ဩဂုတ် ၆ ရက်အထိ ပြန်လည်လွတ်မြောက်လာသူ ၂၇ ဦးသာ ရှိသေးကြောင်း မြို့ခံလူထုလှုပ်ရှားမှုကော်မတီ၏ စာရင်းအရ သိရသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဩဂုတ် ၇ အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၅၁၂ ဦးရှိပြီး ၎င်းတို့အနက်မှ  ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ 

Related Articles

Back to top button