
ရန်ကုန်တိုင်း ခရမ်းမြို့နယ် အုန်းပင်ကျေးရွာအနီးတွင် ယမန်နေ့ (သြဂုတ် ၇) ညနေပိုင်းက ရေတပ်မှ ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့် အနီးကပ် သုံးချက်ပစ်သတ်ခံရကြောင်း ဒေသခံတချို့က ပြောသည်။
အပစ်ခံရသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံတချို့က ပြောသည်။
အခင်းဖြစ်ပွားသည့်ရွာနှင့် ရေတပ်အခြေစိုက်စခန်းရှိသော ကင်ပွန်းချုံရွာ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်သားများက ပိတ်ဆို့စစ်ဆေး ရှာဖွေခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။
မကြာသေးခင် လများအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဟု ယူဆရသူများ နေရာအနှံ့တွင် ပစ်သတ်ခံနေရပြီး စစ်အရာရှိတစ်ဦးကို ထိုသို့ ပစ်သတ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းနယ်စပ်တွင် တည်ရှိသော ခရမ်းမြို့နယ်တွင် သြဂုတ် ၅ ရက်နေ့ကလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ် ၊၂၀၂၀ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သော တိုင်းဒေသကြီးအမတ်လောင်းတစ်ဦးလည်းဖြစ်သည့် ဦးဝင်းခိုင်လည်း သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးခဲ့သည်။