သတင်း

တပ်မတော် နှင့် AA တို့တိုက်ပွဲအတွင်း တပ်မတော်ဘက်က ချိုးဖောက်မှုရှိပါက စုံစမ်းစစ်ဆေးမည်

ရန်ကုန် – ရသေ့တောင်မြို့နယ်အတွင်း ပြီးခဲ့သည့်နှစ်ရက်က ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့တိုက်ပွဲအတွင်း တပ်မတော်သားများက ရွာသူရွာသားများကို ရိုက်နှက်ကာ ငွေကြေးနှင့် ပစ္စည်းများ ယူဆောင်သွားသည် ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး တိုင်ကြားလာပါက စုံစမ်းစစ်ဆေးသွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကိုယနေ့ပြောသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအနီး တပ်မတော်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ သမီးလှ ရွာအတွင်း လက်နက်ကြီး ကျည်များကျရောက်ခဲ့ပြီး ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ရွာသား သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကျေးရွာထဲဝင်ရောက်လာသည့် တပ်မတော်သားများက အိမ်များအတွင်းမှ ရွှေ၊ ငွေ များနှင့် လက်ကိုင်ဖုန်းများယူဆောင်သွားသည်ဟု ရွာသားများက Myanmar Now ကို ပြောသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ ဘက်ကမူ ထိုကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဒေသခံများ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ တပ်မတော်ဘက်က ငြင်းဆန်ထားကာ လတ်တလောစုံစမ်းမှုများအရ ကျေးရွာအတွင်းသို့ စစ်ကြောင်းဖြတ်သွားခဲ့သော်လည်း တိုက်ပွဲအပြီး ကျေးရွာအတွင်း လုံခြုံရေးအရ ဝင်ရောက်ရှင်းလင်းသည့်အခါတွင် တပ်က မပါဝင်ဘဲ နယ်ခြားစောင့်ရဲများကသာ ဝင်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုင်ကြားလာရင်တော့ တပ်မတော်က သူ့လုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်သွားမယ်ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားအပြီး သမီးလှရွာထဲသို့ တပ်မတော်မှ လက်နက်များ ကိုင်ဆောင်ဝင်ရောက်လာပြီး ကျေးရွာသား များဖြစ်သူ ဦးမောင်ဝင်းလှိုင်ပါ ဦးကို AA နှင့် ပတ်သက်မှုရှိမရှိ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

သမီးလှကျေးရွာတွင် အိမ်ထောင်စု ၈၄ စုရှိသည့်အနက်မှ ငွေကြေးယူဆောင်ခြင်းခံရသည့်အိမ်ထောင်စုမှာ စာရင်းအရ ၆၄ အိမ်ရှိပြီး သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးသန်းနိုင်က ၎င်း၏ Facebook စာမျက်နှာတွင် ဇန်နဝါရီ ၂၇ ရက်က ရေးသားထားသည်။

ရွှေ၊ ငွေဆုံးရှုံးသွားသည့် ရွာသားများ၏လက်မှတ်ကို ကောက်ယူပြီး တိုင်ကြားစာများကို ရက်ပိုင်းအတွင်း သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ရသေ့တောင်ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စောဝေက ပြောသည်။

တာဝန်ရှိတဲ့ ဝန်ကြီးဌာနပေါ့တပ်နဲ့ သက်ဆိုင်တယ်ဆိုရင်လည်းတပ်ကိုတင်ပြသွားပါမယ်ဟု ဒေါ်ခင်စောဝေက ပြောသည်။

လက်နက်ကြီးစ ထိမှန်သည့် အသက် ခုနစ်နှစ်အရွယ် ကလေးငယ်ကို စစ်တွေမြို့ဆေးရုံသို့ တင်ပို့ကုသနေပြီး အခြားဒဏ်ရာ ရသည့်သူများကို ရသေ့တောင်ဆေးရုံတွင် ကုသနေသည်ဟု ဒေါ်ခင်စောဝေက အတည်ပြုသည်။

သမီးလှကျေးရွာတိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဖက်တပ်များအကြား အပြန်အလှန်အပြစ်တင်နေပြီး ရွာအတွင်းမှ တိုက်ခိုက်သည့် AA လုပ်ရပ်သည် မရိုးသားကြောင်းနှင့် စစ်စည်းကမ်းနှင့်လည်းမညီကြောင်း၊ ယခုလိုစွပ်စွဲမှုများရင်ဆိုင်ရအောင် တမင်လုပ်သည်ဟု ယူဆကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး AA ပြောခွင့်ရ ခိုင်သုခကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ဇန်နဝါရီ ၂၇ ရက်နေ့ AA ထုတ်ပြန်ချက်တွင် တပ်မတော်က ကျေးရွာများအတွင်းလက်နက်ကြီးနှင့် ပစ်ခတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာစစ်ခုံရုံးသို့ ဧပြီလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။

တိုက်ပွဲများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို စောင့်ကြည့်နေသည့် ပြည်တွင်းအခြေစိုက် Burma Monitor အဖွဲ့၏ အချက်အလက်များအရ ၂၀၁၈ ခုနှစ်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲ ၄၈ ကြိမ် ထက်မနည်းဖြစ်ပွားခဲ့သလို ၂၀၁၉ ခုနှစ်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button