အာဏာသိမ်းမှုဆန့်ကျင်သူများကို အမှုပိတ်ပေးမည်ဟု မက်လုံးပေးနေသည့် စစ်ကောင်စီ၏ ခြေလှမ်းသည် အာဏာတည်မြဲရေးအတွက်သာဖြစ်ပြီး ယုံကြည်နိုင်စရာမရှိဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM )တွင် ပါဝင်နေသူအချို့က ဝေဖန်လိုက်သည်။
စစ်ကောင်စီက ယနေ့(ဩဂုတ် ၄)ထုတ် ဝါဒဖြန့်သတင်းစာများ မျက်နှာဖုံးတွင် အဖမ်းခံရမည်ကို စိုးရိမ်ပြီး တိမ်းရှောင်နေသူများပြန်လာရန် ဖိတ်ခေါ်ထားခြင်းကြောင့် ထိုသို့ဝေဖန်ကြခြင်း ဖြစ်သည်။
“မလာလို့ရှိရင် အရေးယူမယ်၊ ဘာညာနဲ့ ခြိမ်းခြောက်တဲ့ စာတွေ ပို့နေတာ။ အဲဒါကြောင့် မယုံပါဘူး။ ခေါ်တယ်ဆိုတာလည်း အလကားပဲဖြစ်ပါလိမ့်မယ်”ဟု အာဏာဖီဆန်နေသည့် တက္ကသိုလ်ကထိကတစ်ဦးက ပြောသည်။
“သူတို့ ယန္တရားမလည်ပတ်ဘူးလေ။ သူတို့ဆီမှာ အချောင်သမားပဲ ကျန်ခဲ့တာ။ တကယ်တမ်း စိတ်ရင်းစေတနာနဲ့ ပညာပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေကတော့ သူတို့ဆီနေခဲ့မှာမဟုတ်ဘူး”
အဆိုပါ ဆရာမကို စစ်ကောင်စီက တာဝန်မှ ရပ်ဆိုင်းကြောင်း မတ် ၁ တွင် ကြေညာထားသည်။
ကသာခရိုင်အတွင်းရှိ မြို့နယ်ဆေးရုံတစ်ခုမှ ဆေးရုံအုပ် CDM ဆရာဝန်ကလည်း စစ်ကောင်စီ၏ ထိုကမ်းလှမ်းမှုမှာ ၎င်းတို့လိုချင်သည့် အဖြေမဟုတ်ဟု ပြောသည်။
“မတရားမှုကို မခံနိုင်လို့ တရားတဲ့ဘက်က ရပ်တည်တဲ့သဘောပဲ။ ၅၀၅ တွေ ရုပ်သိမ်းပေးလို့ အလုပ်ပြန်ဝင်ဖို့ဆိုတာ ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်မဟုတ်ဘူး။ ကျွန်တော်တို့ လုပ်နေတာက သူတို့ မတရားအာဏာသိမ်းထားတာကို လက်မခံနိုင်တာ။ တရားသမားက နိုင်တဲ့အထိ ကျွန်တော်တို့ ဆက်ပြီးတော့လုပ်မယ်”ဟု အထက်ပါ ဆေးရုံအုပ်က ပြောသည်။
ရန်ကုန်တွင် စစ်ကောင်စီတပ်သားများက ကိုဗစ်လူနာဟန်ဆောင်၍ CDM ဆရာဝန်များကို ဖမ်းဆီးခြင်း၊ မန္တလေးတွင်လည်း CDM ဆရာဝန်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးခြင်းတို့မှာ ပြီးခဲ့သည့်လက ပေါ်ပေါက်ခဲ့သည့် နှိပ်ကွပ်မှုများထဲမှ အထင်ကရဖြစ်ရပ်များဖြစ်သည်။
နေ့စဉ်နေ့တိုင်း အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်းစဉ် နှိပ်စက်သဖြင့် သေဆုံးသွားခြင်းများရှိသော်လည်း စစ်ကောင်စီက ပြန်လည်တောင်းပန်ခြင်း၊ ကျူးလွန်သူကို အရေးယူခြင်း လုံးဝမရှိပေ။
CDM လှုပ်ရှားမှုတွင် အစောဆုံးပါဝင်ခဲ့သည့် ရာနှင့်ချီသည့် ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီက တရားစွဲဆိုထားသလို ၎င်းတို့အလိုရှိသည့် ဆရာဝန်များကို ဖမ်းမမိသဖြင့် မိသားစုဝင်များကို ဖမ်းခြင်း၊ လုပ်ငန်းခွင် ပြန်ဝင်ကြစေရန် မိသားစုဝင်များကို ထိုသို့ ဓားစာခံလုပ်၍ အကျပ်ကိုင်ခြင်းများရှိနေကြောင်း Myanmar Now က အတည်ပြုထားနိုင်သည်။
ထို့အတူ CDM လှုပ်ရှားမှုတွင် ဆရာဝန်များနည်းတူ အင်အားကောင်းကောင်းဖြင့် ပါဝင်နေသည့် မြန်မာ့မီးရထား(မန္တလေး)မှ စက်ခေါင်းမောင်း ကိုဝင်းကိုဦးကလည်း စစ်ကောင်စီသည် ၎င်းတို့အပေါ် ဆန့်ကျင်နေသူများအား နည်းမျိုးစုံသုံး၍ ဖြားယောင်းခဲ့ပြီးဖြစ်ကြောင်း ပြောသည်။
“အကြောက်တရားနဲ့ အနိုင်ယူနိုင်တယ်ဆိုတဲ့ အသိပဲ သူတို့က သိတာ။ ကျန်တာ ဘာမှ နားမလည်တဲ့ အုပ်စုမဟုတ်ဘူး။ ဘာမှလည်း သိတာ မဟုတ်ဘူး။ ပြန်ပြီးလက်ခံတဲ့အပေါ်မှာ အယုံအကြည်မရှိဘူး။ သူတို့အောက်မှာ လုံးဝအလုပ်မလုပ်နိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
ဝန်ထမ်း ၁၀၀၀ ကျော်ရှိသည့် မြန်မာ့မီးရထား(မန္တလေး)တွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် CDM လှုပ်ရှားမှု၌ ၈၀၀ ကျော် ပါဝင်နေကြောင်း ကိုဝင်းကိုဦးထံမှ သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်မှုများမှာ အာဏာရှင်စနစ်အမြစ်ဖြုတ်ရေးသန္နိဋ္ဌာန် ခိုင်မာပြီးဖြစ်သည့် ကျောင်းသားလူငယ်များကို မည်သို့မျှဆွဲဆောင်နိုင်မည်မဟုတ်ကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)အဖွဲ့ဝင်ဟောင်း အင်အားစုမှ ကိုဇေယျာလွင်က သုံးသပ်သည်။
“သူတို့ ပြန်လာမယ့် တစ်နေ့တော့ရှိတယ်။ အဲဒီနေ့ဟာ စစ်အာဏာရှင်ကျဆုံးဖို့ မြို့ထဲကို ပြန်လာမှာ”ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်လည်းဖြစ်သူ ၎င်းက ပြောသည်။
စစ်ကောင်စီက အန်တုဆန့်ကျင်သူတို့ကို မြို့အသီးသီးတွင် အကြမ်းဖက်ဖမ်းဆီးလျက်ရှိသလို အများအပြားကို ပြန်လွှတ်ပေးခဲ့သည်။
၅၄၉၅ ဦးထက်မနည်း ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဩဂုတ် ၄ ရက် ထုတ်ပြန်သည့် စာရင်းအရ သိရသည်။ ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၉၆၄ ဦး အနည်းဆုံးရှိသည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AAPP ကို တရားမဝင်ဟု ကြေညာထားသည့် စစ်ကောင်စီကမူ ၎င်းတို့ဖမ်းဆီးထားသူ၊ ဖမ်းဆီးရန် ကြိုးစားနေသူတို့နှင့် ပတ်သက်၍ မည်သည့်အခါမျှ အသေးစိတ်ထုတ်ပြန်လေ့မရှိပေ။
ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းအများအပြားသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်နှင့် အာဏာသိမ်းမှုကို လက်မခံနိုင်သဖြင့် လုပ်ငန်းခွင်မဝင်ဘဲ ဆက်လက်အန်တုလျက်ရှိသည်။
မိသားစုစားဝတ်နေရေး ခက်ခဲလွန်းသည့် CDM ဝန်ထမ်းများထဲတွင်လည်း လုပ်ငန်းခွင်သို့ ပြန်ဝင်သွားသူများ ရှိခဲ့သည်။