သတင်း

မြင်းခြံ ဆုံရွာကုန်းရွာသားတစ်ဦး စစ်ကြောရေးဒဏ်ရာများဖြင့် သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာကုန်းကျေးရွာမှ စစ်ကောင်စီတပ်က ဖမ်းသွားသည့် ရွာသား ၅ ဦးအနက် ကိုမိုးဇော်မှာ စစ်ကြောရေးအတွင်း ရရှိသော ဒဏ်ရာများဖြင့် ဇူလိုင် ၃၁ ရက်၌ မြင်းခြံဆေးရုံကြီးတွင် သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြုသည်။ 

၃၅ နှစ်အရွယ်  ကိုမိုးဇော်၏ ကျောပြင်တွင် ဓားဖြင့် မွှန်း၊ ဆေးလိပ်မီးဖြင့် ထိုးခံထားရသည့် ဒဏ်ရာများ၊ ရင်ညွန့်နှင့် ဝမ်းဗိုက်တွင် သေနတ်ဒင်ဖြင့် ထုထောင်းခံထားရသည့် ဒဏ်ရာများတွေ့ရကြောင်း ဆေးရုံ၌ ပြုစုခဲ့သူ ၎င်းက ပြောသည်။

“သူ့ခန္ဓာကိုယ်မှာ သွားကြားထိုးတံလောက်တောင် လတ်ဆတ်တဲ့ နေရာမရှိဘူး” ဟု ထိုသူက မှတ်ချက်ပြုသည်။

ကိုမိုးဇော်နှင့် အခြားရွာသား ၄ဦးကို စစ်ကောင်စီက ဇူလိုင် ၆တွင် လာဖမ်းသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မန္တလေးမြို့ နန်းတွင်းရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် ခြောက်ရက်အကြာ (ဇူလိုင် ၁၂)တွင် မန္တလေးဆေးရုံကြီးသို့ ရောက်နေကြောင်း ကိုမိုးဇော်ကိုယ်တိုင် တစ်ပါးသူ၏ လက်ကိုင်ဖုန်းအကူအညီကို ယူ၍ မိသားစုထံ အကြောင်းကြားခြင်းဖြစ်ကြောင်း အထက်ပါ မိသားစုဝင်ထံမှ သိရသည်။ 

ထို့နောက် ဇူလိုင် ၂၆ တွင် ကိုမိုးဇော်ကို မြင်းခြံတရားရုံးတွင် အမှုရင်ဆိုင်ရမည်ဟု ရဲက ပြောခဲ့ပြီး မန္တလေးဆေးရုံကြီးမှ မြင်းခြံဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ရပြီးနောက် ငါးရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ မည်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကိုမူ မသိခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ကိုမိုးဇော်သေဆုံးခြင်းမှာ အဆုတ်နှင့် ကျောက်ကပ်ပျက်စီးခြင်းကြောင့်ဟု ဆေးရုံက မှတ်ချက်ပေးခဲ့ကြောင်း အထက်ပါမိသားစုဝင်က ပြောသည်။ 

“အဆုတ်က သံဆန်ခါပေါက်ဖြစ်နေပြီ။ ကျောက်ကပ်နှစ်လုံးကလည်း ပြိုကျသွားပြီတဲ့။ အရည်ပျော်နေသလိုမျိုး ဖြစ်နေတော့ သူ့ကို ဘယ်လိုမှ ကုသလို့ မရတော့ဘူးတဲ့။ ဝမ်းသွားတော့လဲ သွေဝမ်းတွေချည်းသွားနေတော့ သူ့မှာ ဒဏ်မခံစားနိုင်တော့တာတဲ့၊ ဆရာဝန်ကြီးက အဲလိုပြောတာပဲ”ဟု ၎င်းက ရှင်းပြသည်။

ဆေးစာတွင် မည်သို့ ဖော်ပြထားသည်တို့ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကိုမိုးဇော်၏ ရုပ်အလောင်းကို ဩဂုတ် ၁ ရက်က ဆုံရွာကုန်းသုသာန်၌ပင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

ကိုမိုးဇော်မကွယ်လွန်မီ ပြောပြချက်အရ မန္တလေး၊ နန်းတွင်း၌ စစ်ကြောခံရစဉ်အတွင်း နေ့ဘက်တွင် ကွင်းပြင်ကျယ်၌ လက်နောက်ပစ်၊ ခေါင်းငုံ့၍ ဒူးထောက်နေခိုင်းကာ ဝါးလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသည်အထိ ရိုက်နှက်ခံခဲ့ရသည်ဟု သိရကြောင်း ထိုသူကပင် ဆက်ပြောသည်။

ထို့အပြင် ညဘက်တွင် အမှောင်ခန်း၌ ရာဘာတုတ်၊ သေနတ်ဒင်ကဲ့သို့သော မာကျောသည့် အရာဝတ္ထုများဖြင့် ရိုက်နှက်ခံခဲ့ရသည်ဟု ဆိုသည်။

“ညရောက်လို့ ၈ နာရီထိုးမှာကို ကြောက်နေမိတယ်တဲ့။ သူတို့ သောက်လို့ မူးပြီရူးပြီဆို တအားရိုက်တာတဲ့။ ရိုက်ပြီဆို သူ သတိလစ်သွားပြီ၊ နိုးလာတဲ့ အချိန်ရောက်ရင် သူ့ကို ပြန်ရိုက်မှာဆိုတော့ သတိရမှာကို ကြောက်နေခဲ့တာတဲ့” ဟု ၎င်းကဆိုသည်။

ကိုမိုးဇော်၏ ရုပ်အလောင်းကို ဩဂုတ် ၁ ရက်နေ့က ဆုံရွာကုန်းသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီးနှင့် ၁၆ နှစ်အရွယ် သမီးတစ်ဦး ၊ ၇ နှစ်နှင့် ၂ နှစ်အရွယ် သားနှစ်ဦးကျန်ရစ်ကြောင်း သိရသည်။

မေ ၂၁ တွင် ဆုံရွာကုန်းအုပ်ချုပ်ရေးမှူး ဦးသန်းနိုင် (ခ) ဆင်ပေါက်၊ ဇူလိုင် ၄ တွင် ရွှေပေါ်ကျွန်းကျေးရွာမှ သတင်းပေး (ဒလန်)ဟု နာမည်ကျော်သူ ဒေါ်မြမြစိုးတို့ သေဆုံးခဲ့ကြအပြီးတွင် ကိုမိုးဇော်တို့ အဖမ်းခံရခြင်းဖြစ်ကြောင်း၊ ကိုမိုးဇော်သည် စစ်ကောင်စီစွပ်စွဲသကဲ့သို့ ထိုသူတို့ကို သတ်ဖြတ်ခဲ့ခြင်းမရှိသလို ဦးစိန်ပေါက်၏ နာရေးကိုပင် သွားရောက်ကူညီခဲ့ကြောင်း ဆွေမျိုးတော်စပ်သူ နောက်တစ်ဦးက ပြောသည်။

အတူဖမ်းဆီးခံရသည့် ကိုမိုးဇော်၏ တူများဖြစ်သည့် အသက် ၂၀ အရွယ် ကိုလပြည့် (ခေါ်) ချစ်ဦးမောင်နှင့် ကိုမင်းသူ ၊ ၂၄ နှစ်အရွယ် ကိုဖြိုးမောင်မောင်၊ ၃၈ နှစ်အရွယ် ကိုဟန်မြင့်ထွန်း (ခေါ်) ဟန်ကြီးတို့မှာ တစ်လပြည့်ခါနီးအထိ မည်သည့်နေရာတွင်ရှိသည်ကိုပင် စုံစမ်း၍ မရသေးကြောင်း ၎င်းကပင် ပြောသည်။

ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဇီးရိုးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူကလည်း အုပ်ချုပ်ရေးမှူးနှင့် ဒလန်ဟု နာမည်ကျော်သူတို့ သေဆုံးမှုမှာ ကိုမိုးဇော်တို့နှင့် မဆိုင်ဘဲ ၎င်းတို့ လက်ချက်သာဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

သို့သော် သတ်ဖြတ်ခဲ့ပုံ ဖြစ်စဉ်အသေးစိတ်ကိုမူ ဒေသတွင်း နေထိုင်သူများအချင်းချင်း ကာလရှည် ရန်မီးပွားမည်စိုး၍ ပြောပြလိုခြင်းမရှိဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်သည့် လူထူလှုပ်ရှားများအားကောင်းရာ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီက ရက်စက်စွာကိုင်တွယ်ခဲ့ရာ မေလခန့်မှစ၍ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် စစ်တပ်နှင့် ပုလဲပနံသင့်သူတချို့ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ပေါ်ပေါက်လာသည်။

မြင်းခြံတွင် ထိုသို့ ဖြစ်စဉ်တစ်ခုပေါ်ပေါက်လျှင် သတ်ဖြတ်ခံရသူ၏ မိသားစုက ညွှန်ပြသည့် အိမ်နီးချင်းများ၊ တစ်မြို့တည်း၊ တစ်ရပ်ကွက်တည်း၊ တစ်ရွာတည်းနေသူများ၊ ယင်းတို့အနက် အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များကိုပင်မချန် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

Show More

Related Articles

Back to top button